Related Posts Plugin for WordPress, Blogger...

July 23, 2015

The Irrawaddy's Blog

The Irrawaddy's Blog


“ဘဝဆိုတာ တိုက်ပွဲတခုလိုပဲ၊ အရှုံးပေးလို့မဖြစ်ဘူး”

Posted: 22 Jul 2015 09:40 PM PDT


ဓာတ်ပုံ - သော်ဟိန်းထက် / The Irrawaddy


နှင်းမိုးထွန်း
၂၃ နှစ်
Brand Executive @ Cherry Oo

ကျမက အခုလက်ရှိ ချယ်ရီဦးနာရီ မှာ Brand Executive အနေနဲ့အလုပ်လုပ်နေပါတယ်။ ကျောင်းကတော့ B.A (သမိုင်း) နဲ့ ပြီးထားပါတယ်။ ဒီအလုပ်က ကျမရဲ့ ဒုတိယအလုပ်ပါ။

ပထမဦးဆုံး အလုပ်ကတော့ဆယ်တန်းဖြေပြီးကတည်းက ကျမက မိတ်ကပ်ပြင်တာစိတ်ဝင်စားတော့ The Face Shop Cosmetics မှာ ငါးနှစ်ကျော် အလုပ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကျမအခု ဒီ Brand Executive အလုပ်ကို ပြောင်းခဲ့တာပါ။

ကျမက Face Shop စဖွင့်ကတည်းက အလုပ်လုပ်ခဲ့တာ၊ စဝင်ခဲ့တာကတော့ Sale Staff အနေနဲ့ပဲ။ ကျမ အလုပ်လုပ်ခဲ့တဲ့ တောက်လျှောက် ငါးနှစ်မှာ တနှစ်တခါတော့ အနည်းဆုံး ရာထူးတိုးတယ်။ နောက်ဆုံး ဆိုင် Shop Manager အထိ လုပ်ခဲ့ပါတယ်။

ကျမရဲ့ ရည်မှန်းချက်စိတ်ကူးကတော့ အရင်တုန်းကဖြစ်ချင်ခဲ့တာတော့ ဒီ Cosmetics တွေကို Professional ပြင်ပြီး Makeup Artist တယောက် ဖြစ်ချင်ခဲ့တာ၊ အခုလည်း အဲဒီလိုမျိုး ဖြစ်အောင် ကြိုးစားနေပါတယ်။ မိတ်ကပ်လိမ်းခြယ်တာနဲ့ ပတ်သက်ပြီးတော့လည်း သင်တန်းတွေ တက်နေပါတယ်။
ကျမ ဒီ မိတ်ကပ်ပညာကိုဘယ်လို လေ့လာနေလဲဆိုတော့ အရင် Face Shop မှာ လုပ်ကတည်းက ကျမတို့မှာ Makeup Training ရှိတယ်လေ။ မိတ်ကပ်-ရဲရဲဆီမှာလည်း ကျမက Training တက်ဖူးတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကျမက မဂ္ဂဇင်းတွေ ဖတ်တယ်။ အင်တာနက်၊ ဝက်ဘ်ဆိုက်တွေကနေ တဆင့်လည်း မိတ်ကပ် လိမ်းခြယ်နည်းတွေ လေ့လာတယ်။

ကျမ မိတ်ကပ်လိမ်းတာအပြင် တခြား ဝါသနာပါတာတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ သီချင်းနားထောင်ရတာ ဝါသနာပါတယ်။ အခု ဓာတ်ပုံဆရာ ကိုဟိန်းထက်နဲ့ ရိုက်ထားတဲ့ပုံလေးတွေက မိုးရာသီ ဖက်ရှင်ပုံလေးတွေဆိုပေမယ့် ကျမ အကြိုက်ဆုံးရာသီကို ပြောပါဆိုရင်တော့ ဆောင်းရာသီကို ကြိုက်တယ်။

ဆောင်းတွင်းကို ဘာဖြစ်လို့ကြိုက်လဲဆိုတော့ ဆောင်းတွင်းက ရာသီဥတုက အေးတော့ နေရတာလည်း အဆင်ပြေတယ်။ မိုးတွင်းကကျတော့ မိုးရွာတာ ကြိုက်ပေမယ့် မိုးတွင်းမှာ ရေတွေကြီး၊ ဗွက်တွေထ အဲဒါကိုသဘောမကျဘူး။ ဆောင်းတွင်း ကျတော့ ခြောက်ခြောက်သွေ့သွေ့ဆိုတော့ သဘောကျတယ်။

အခုလို မိုးရာသီဖက်ရှင်ပုံလေးရိုက်ရတဲ့အတွက် စိတ်ခံစားချက်ကတော့ အရမ်းပျော်ပါတယ်။ ကိုယ်က နဂိုကတည်းက ဓာတ်ပုံရိုက်ရမယ်ဆို ပျော်နေတာဆိုတော့ အခုလို ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာနဲ့ ရိုက်    ရတော့ ကိုယ့်ပုံ လှလှလေးတွေ ထွက်လာမယ်ဆိုတော့အရမ်းပျော်ပါတယ်။

ကျမလက်ရှိ လုပ်နေတဲ့အလုပ်မှာ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်နေအောင် နေ့စဉ် ဘယ်လိုလေ့လာမှုတွေပြုလုပ်လဲဆိုတော့ နာရီနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ရတယ်။

ကျမက ဒီ Cosmetics လိုင်းကနေ အခုလို နာရီ Brand Executive ပိုင်းကို ပြောင်းလိုက်တော့ Career လုံးဝ Change လိုက်သလို ဖြစ်သွားတယ်။ အခက်အခဲကတော့အများကြီးပဲ။  အစစ အရာရာ အကုန်အသစ်ဖြစ်သွားတော့ အကုန်ပြန် လေ့လာရတယ်။ ဒါပေမယ့် စီနီယာ အစ်ကို၊ အစ်မတွေက သင်ပေးတဲ့အတွက် အခုတော့ အလုပ်ခွင်မှာအကုန် အဆင်ပြေပါတယ်။

ကျမ မိတ်ကပ်ပညာကိုစပြီး စိတ်ဝင်စားခဲ့တာတော့ ငယ်ငယ်လေးကတည်းကပဲ။ ငယ်ငယ်လေးကတည်းက မုန့်ဖိုးတွေ ဘာတွေရရင်စုပြီး မိတ်ကပ်ပစ္စည်းတွေ ဘာတွေဝယ်၊ အိမ်က အစ်မတွေ၊ ညီမတွေကို ပြင်ပေးတာ အဲဒီ ပိုးကတော့ ငယ်ငယ်လေးကတည်းပဲ။ ကြီးတော့လည်း အဲဒါနဲ့ နီးစပ်တဲ့ Cosmetics လုပ်ငန်းကိုပဲ ဝင်ပြီးလုပ်ခဲ့တာပါ။



အခုနောက်ပိုင်း မိန်းကလေးတွေ Skincare သုံးလာတာကောင်းပါတယ်။ Cosmetics သုံးတာထက် Skincare သုံးတာက အသားအရေအတွက် ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ Skincare က အသားအရေကို ထိန်းသိမ်းတာလေ။ မိတ်ကပ်လိမ်းတာကို Skincare မခံဘဲ သုံးမယ်ဆိုရင်မျက်နှာက Damage    ဖြစ်လွယ်တယ်။ Skincare နဲ့ တွဲသုံးပေးမယ်ဆိုရင် နုပျိုတယ်၊ မျက်နှာအတွက်အသားအရေထိန်းသိမ်း  တဲ့နေရာမှာလည်း ပိုကောင်းပါတယ်။

အရင်တုန်းကကျတော့ မိတ်ကပ်လိမ်းတဲ့နေရာမှာ မလိမ်းခင် တိုနာလိမ်းတာတို့ ဘာတို့ကျတော့ ရှုပ်တယ်လို့ ထင်ကြတယ်လေ။ မိတ်ကပ်ပဲ တန်းလိမ်းချင်ကြတာ၊ အမှန်တကယ်တော့ Skincare က ပိုပြီး မျက်နှာအတွက် Effect ရှိတာပါ။ ကျမလည်း Skincare သုံးတယ်၊ စသုံးကတည်းကလည်း Face Shop ပဲသုံးတာ အခုထိပေါ့။

အခုနောက်ပိုင်း ယောက်ျားလေးကော၊ မိန်းကလေးကော Skincare သုံးလာကြတယ်။ Skincare က သုံး သင့်တယ်။ သနပ်ခါးလိမ်းတာဆိုရင် မျက်နှာကို ခြောက်သွေ့စေတယ်။

ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ကြိုးစားနေတဲ့ လူငယ်တွေအပေါ် ကျမ ဘယ်လိုမြင်မိလဲဆိုရင် အဲဒါ ကောင်းတာပေါ့။ အကောင်းဆုံးပဲ။ရည်မှန်းချက်ရှိမှပဲ ဘဝက တိုးတက်မှာလေ။ ရည်မှန်းချက် မရှိဘဲ နေနေလို့ကတော့ ဘာမှ တိုးတက်မှုရှိမှာမဟုတ်ဘူးလေ။

ကျမကိုယ်တိုင်ဆိုလည်းကိုယ့်ဘာသာကိုယ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် တယောက်တည်း ရုန်းကန်ပြီးကြိုးစားနေပါတယ်။ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တာတော့ စိတ်ဓာတ်မကျပါနဲ့၊      ကြိုးစားပါ။ ဘဝဆိုတာ တိုက်ပွဲတခုလိုပဲ အရှုံးပေးလို့ မဖြစ်ဘူး၊ ကိုယ်တိုင်ဝင်တိုက်နေမှ ကြိုးစားနေမှအောင်မြင်မှုကို ရနိုင်မှာပါလို့။


သီဟတိုး

မိုဘိုင်းနဲ့ကွန်ပြူတာသုံးသူတွေရဲ့ အချက်အလက်များ ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲလ် မ၀ယ်ခဲ့ဘူးလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ငြင်းဆို

Posted: 22 Jul 2015 02:30 AM PDT




မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူများရဲ့ကိုယ်ရေး အချက်အလက်တွေကို ကြားဖြတ် ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲ လ် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

"ကျနော်တို့အနေနဲ့ ကိုယ်ရေးအချက်အလက်များ ခိုးယူနိုင်တဲ့ အဲဒီလို ဆော့ဖ်ဝဲကို ပြစ်မှုကြောင်းအရ ဘယ်လို ရှိမယ်ဆိုတာ ဆန်းစစ် လေ့လာတာမျိုး ရှိနိုင်ပေမယ့် ၀ယ်ယူခဲ့တာတော့ လုံးဝ မရှိပါဘူး" လို့ တော်ဝင်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖရာဝတ် သာဝန်ဆရီ (Prawut Thawornsiri) က ပြောပါတယ်။

ဒါဟာ အီတလီလူမျိုး ကြားဖြတ်စောင့်ကြည့်ရေး ဆော့ဖ်ဝဲရောင်းချတဲ့အဖွဲ့ (Hacking Team -HT) ထံမှ ထိုင်းဘတ် ဆယ်သန်းကျော်ဖြင့် ၀ယ်ယူခဲ့တာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပြီးနောက် အခုလို ရှင်းလင်း ပြောဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။

ဒုတိယရဲဗိုလ်မှူးကြီး ဖရာဝတ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ အနေနဲ့ အများပြည်သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စောင့်ကြည့်စုံစမ်းဖို့ မူဝါဒ မရှိကြောင်းလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ အနေနဲ့လည်း လူမှုမီဒီယာများအပေါ် စောင့်ကြည့်ဆန်းစစ်နိုင်တာကြောင့် အခုလို ကြားဖြတ်ခိုးယူနိုင်တဲ့ ဆော့်ဖ်ဝဲလ်မျိုး ၀ယ်ယူဖို့ မလိုအပ်ဘူးလို့လည်း ပြောပါတယ်။

ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာကတော့ ပြီးခဲ့သော ဇူလိုင် ၈ ရက်နေ့က ပေါက်ကြားခဲ့တဲ့ HT ရဲ့ emails and documents ကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့နဲ့ ထိုင်းတော်ဝင် စစ်တပ်တို့ရဲ့ ၀ယ်ယူသူ အမည်ကို ဂယ်လီလီယိုနဲ့ ဒါဗင်စီ စသဖြင့် ပေးထားတယ်လို့ ဆိုပါတယ်။

အီးမေးလ် တစောင်မှာတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း ယူရိုငွေ ၂၈၆၄၈၂ (ထိုင်းဘတ် ၁၀ ဒသမ ၇ သန်း) ဖိုး ၀ယ်ယူခဲ့သလို ထိုင်းတော်ဝင်စပ်တပ်ကလည်း ၂၀၁၄ ခုနှစ်အတွင်း ယူရို ၃၆၀၀၀၀ တန်ဖိုး သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။



ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/security/628636/

ရိုးရာမပျက် ၀ါး၊ဓနိဖြင့် တည်ဆောက်ထားတဲ့ ဇာတ်ရုံနဲ့ အပတ်စဉ်ဖျော်ဖြေတော့မယ့် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း

Posted: 22 Jul 2015 12:10 AM PDT



ရွှေမန်းသဘင်မျိုးဆက်ဖြစ်တဲ့ အနော်မာသုခုမရဲ့ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း က  လူငယ်ထု   အကြား မြန်မာ့ရိုးရာဇာတ်သဘင်ကို စိတ်ဝင်စားမှုပိုမိုကျယ်ပြန့်လာစေဖို့ရည်ရွယ်ပြီး မိုးရာသီအပတ်စဉ်    အထူးဖျော်ဖြေပွဲကို ပြုလုပ်သွားတော့မှာပါ။

မိုးရာသီအပတ်စဉ် အထူးဖျော်ဖြေပွဲကို ဇူလိုင်၂၄ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာ၊ စနေ နေ့တိုင်း တပတ်ကို နှစ်ရက် ညနေ ၆ နာရီကနေ ည ၉နာရီအထိ ရန်ကုန်မြို့ ကရ၀ိတ်နန်းတော် မြက်ခင်းပြင် မှာ ဇာတ်ရုံတည်ဆောက်ပြီး ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေတင်ဆက်မှုပြုလုပ်မယ့် ဇာတ်ရုံကိုလည်း တည်ဆောက်တဲ့အခါမှာ မြန်မာ့ရိုးရာ ဇာတ်သဘင်ပွဲကို    ကြည့်ရှုရမယ့် အရသာပုံစံအတိုင်း ၀ါး၊ ဓနိ၊ များနဲ့ ရှေးမြန်မာ့ဇာတ်သဘင် ဇာတ်ရုံအတိုင်း လေ၀င်လေထွက် ကောင်းအောင် ဆောက်လုပ်သွားမှာ ဖြစ်ပြီး ဒီလိုဇာတ်ရုံမျိုးဟာ မြန်မာဇာတ်သဘင်လောကမှာ ပျောက်ကွယ် တော့မယ့် ဇာတ်ရုံလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

တင်မောင်ဆန်းမင်းဝင်း (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)

ဖျော်ဖြေတင်ဆက်မှုပေးမယ့် ဇာတ်မင်းသားတင်မောင်ဆန်းမင်းဝင်းက "ကျနော်တို့နိုင်ငံကို တခြားနိုင်ငံက အထင်ကြီး လေးစားတဲ့သူတွေလာတဲ့အခါမှာ၊ နိုင်ငံခြားသားတွေလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံရဲ့ဂုဏ်ဆောင်မယ့် ဇာတ်ပွဲ ကို ကြည့်မယ်ဆိုရင် ကျနော်တို့နောက်ကို လိုက်ပြီးကြည့်မယ်ဆိုရင် ရွံ့ပေပါလိမ့်မယ်။ အဲလိုရည်ရွယ်ချက်လဲ ရှိသလို ကျနော်တို့နိုင်ငံက ဇာတ်ပွဲကို ကြည့်တဲ့သူတွေအနေနဲ့ ပွဲကို live ကြည့်ရတာနဲ့ TV က ထိုင်ကြည့်ရတဲ့ အရသာကလည်း မတူပါဘူး။ ကျနော်တို့ နောက်ကို လိုက်ကြည့်ဖို့ဆိုတာကလည်း သူတို့အတွက် အဆင်မပြေပါဘူး" လို့ ပြောပြပါတယ်။

ဒါ့အပြင် ကရ၀ိတ်ဥယျာဉ်မှာ ကဖြစ်ပုံနဲ့ ပတ်သတ်လို့လည်း "ကျနော်တို့ဆီမှာ စတိတ်ရှိုးဆိုဖို့ နေရာရှိပါတယ်။ ရုပ်ရှင်ရိုက်ဖို့ နေရာရှိပါတယ်။ သဘင်ကဖို့ နေရာသီးသန့်မရှိပါဘူး။ အမျိုးသားကဇာတ်ရုံတော့ ရှိပါတယ်။ ဒါပေမယ့် အဲ့မှာပဲ ဇာတ်တွေအကုန်ကနေရရင် တယောက်နဲ့တယောက်က ရက်တွေ၊အချိန်တွေလုနေရမှာလေ။ ဒါကြောင့် ကိုယ်ကမယ့်သောကြာ၊စနေလည်းရဖို့ ကျနော်အင်အားနဲ့ အတတ်နိုင်ဆုံးနေရာလုပ်ထားပါတယ် ၊ အခုဆို IC Show ကလည်း မိနစ်၉၀စာ Live ဖျော်ဖြေတင်ဆက်မှုတွေလုပ်နေပါတယ်၊ ကျနော်တို့ကလည်း ၃နာရီ စာ ဇာတ်သဘင်  Live ရောက်ရှိလို့လာပါပြီ၊ ၊ အဲဒီအခါ မိနစ် ၉၀ စာ ခံစားသလိုပဲ ကျနော်တို့ သုံးနာရီစာလေးကိုလည်း သဘင်တွေ အားမငယ်အောင် ခံစားပေးကြပါဦးလို့  ပြောချင်ပါတယ်" လို့ ပြောပြပါတယ်။

အချိန်ကာလအားဖြင့် မိုးတွင်းကာလသုံးလသတ်မှတ်ထားပြီး အပတ်စဉ် သောကြာ၊စနေ နေ့တွေတိုင်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကာ ၀င်ကြေးအနေနဲ့ တယောက်ကို ၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်းသိရပါတယ်။



ယုမွန်ကျော်

0 comments:

Post a Comment