Related Posts Plugin for WordPress, Blogger...

November 5, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ကြံ့ခိုင်ရေးမဲဆွယ်ပွဲမှာ ဝေဖန်ခံရမှုကို ဇွန်သဉ္ဖာ ရှင်းပြီ

Posted: 04 Nov 2015 02:40 AM PST


 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဲဆွယ်စည်းရုံးဖျော်ဖြေပွဲမှာ ဖျော်ဖြေနေတဲ့ မော်ဒယ်လ်ဇွန်သဉ္ဖာ

 အခုရက်ပိုင်း အတောအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံး ဖျော်ဖြေပွဲမှာ Sexy မော်ဒယ်လ်တွေ အသုံးပြုခဲ့ပြီး အဲ့ဒီ မော်ဒယ်လ်တွေရဲ့ ပုံတွေဟာ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပလူပျံအောင် ပျံ့နှံ့လာခဲ့ကာ ဖေ့ဘုတ်သုံးစွဲသူ အကြား အတော်လေး စိတ်ဝင်တစားနဲ့ ပြောဆိုဝေဖန်နေကြပါတယ်။
ပိုဆိုးတာက ဒီ Sexy မော်ဒယ်လ်တွေရဲ့ ၀တ်စားဖျော်ဖြေပုံတွေဟာ အတော်လေး လျှပ်ပေါ်လော်လီသလို ဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုနည်းနဲ့ မဲဆွယ်စည်းရုံးဖျော်ဖြေမှုအပေါ် လက်မခံနိုင်ကြတာပါပဲ။

အဲ့ဒီပွဲမှာ Sexy မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဖာနဲ့ ဇာဇာထက်တို့အပါအ၀င် မော်ဒယ်လ်အနုပညာရှင် ၅ ဦးကို တဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်း နဲ့ ဌားရမ်းဖျော်ဖြေခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီလိုဖျော်ဖြေပွဲမှာ လိုက်လံဖျော်ဖြေခဲ့ပုံ လျှပ်ပေါ်လော်လီတဲ့ ၀တ်စားပုံတွေကြောင့် ဝေဖန်ခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာက သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာထက်မှာ ပြန်လည်ဖြေရှင်းပြောဆိုထားပါတယ်။

"ဇွန်က ကြိုးစားဆဲ underground က အနပညာသမားမို့ ဝမ်းရေးပူစရာမလိုတဲ့ အောင်မြင်ပြီးသား အနုပညာရှင်တွေလိုတော့ ပါတီစွဲတွေမထားနိုင်ပါဘူး။ ဇွန်ကို အနုပညာကြေးပေးပြီး အရေးတယူ လာငှားရင် ဘယ်ပါတီအတွက် ဘယ်ပွဲအတွက်မဆို အားတက်သရော သီဆိုဖျော်ဖြေ ကခုန်ပေးမှာပါ။ ဒါဟာပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုမှာ ပါဝင်ပတ်သက်တာမဟုတ်ဘဲ လူတွေရဲ့ ခဏတာဘဝအမောကို ဖြေဖျောက်ပြီး ပျော်ရွှင်ဖို့ ဖျော်ဖြေပေးရုံ သက်သက်သာဖြစ်ပါတယ်။ နားလည်နိုင်ပါစေနော် ချစ်ပရိတ်သတ်ကြီး" လို့ ဆိုထားတာပါ။

မော်ဒယ်လ်ဇာဇာထက်ကတော့ "သူတို့ပါတီက မဲဆွယ်ပေးစရာလည်းမလိုဘူး။ မဲပေးပေးဖို့လည်းမဟုတ်ဘူး ။ သီချင်းဖျော်ဖြေပေးဖို့ တရိုတသေနဲ့ လာငှားတယ်။ ၁၀ သိန်းရတယ်။ ကျမတို့က တခုခုလုပ်တာနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေတာဆို တော့ အခုလိုဝေဖန်ခံရတာလည်း တဖက်တလမ်းက နာမည်ကြီးတယ်လို့ ယူဆတယ်။ အနုပညာရှင်တယောက်က အနုပညာ အလုပ်လုပ်နေတာလို့ပဲ ယူဆတယ်"လို့ ဧရာဝတီကို ပြောထားပါတယ်။


“ကိုယ်ဘာဖြစ်ချင်လဲဆိုတာသေချာသိပြီး ဆန္ဒပြင်းထန်ရင် ဘာမဆိုဖြစ်နိုင်တယ်”

Posted: 04 Nov 2015 02:00 AM PST






အမည် - ဇေယျာဦး
အသက် - ၂၅ နှစ် (Zilpa Tech)


ကျောင်းကတော့ အများကြီးတက်ဖူးတယ်။ ဒါပေမယ့် မပြီးပါဘူး။ ပထမဆေးကျောင်းတက်တယ်ပေါ့။ Second year မှာထွက်လိုက်တယ်။ Second year ရဲ့ ပထမနှစ်ကကျောင်းခေါ်ချိန်မပြည့်လို့ မဖြေရဘူး။ ကျောင်းမတက်ဘဲ Library တွေသွား AC တို့ BC တို့မှာစာသွားဖတ်ပေါ့။ IT စိတ်ဝင်စားတော့ ကွန်ပျူတာပဲလုပ်ဖြစ်တယ်။ ဆေးနဲ့ ပတ်သက်တဲ့ စာတွေကိုစိတ်မဝင်စားတော့ စာသိပ်မလုပ်ဖြစ်ဘူး။ နောက်တနှစ် ပြန်တက်ရတော့ နှစ်လလောက် တက်ပြီးထွက်လိုက် တယ်။
ကျောင်းထွက်လိုက်တော့ IT ဘက်ကိုလုံးဝကူးဖြစ်သွားတယ်။ သင်တန်းတော့ ကျနော် မတက်ဖြစ်ဖူးဗျ။ သင်တန်းမတက်ရတဲ့ အကြောင်းရင်းကဒီမှာသင်တန်းတော်တော်များများက Business ပုံစံမျိုးတွေ ကျနော်တွေ့ရတယ်။ ကျောင်းသားတွေ အများကြီးခေါ်တယ်၊ Certificate ပေးတယ်၊ ကျောင်းသားတွေ တကယ်တတ်လား၊ မတတ်လားသူတို့မသိဘူး။ KMD မှာကျနော် သွားတက်သေးတယ်။ Networking နဲ့ ပတ်သက်တာပဲ။ ကျောင်းအတွက် Certificate လိုလို့ သွားတက်တာ။ တပတ်လောက်တက်ပြီး Certificate ယူလိုက်တယ်။ ဘာမှတော့ မတတ်လိုက်ပါဘူး။

အခုဘာအလုပ်လုပ်လဲဆိုတော့ IT ပဲပေါ့နော်။ ဘယ်အပိုင်းလဲဆိုတော့ အေဂျင်စီတွေနဲ့ လုပ်ဖြစ်တယ်။ Marketing ၊ PR ၊ Advertising ၊ Creative agencies အဲဒါတွေပေါ့။ ပြီးတော့ အိန္ဒိယတို့၊ ဂျာမနီိတို့ကလာတဲ့ Hotel system တွေကို Manage လုပ်တယ်။ Maintenance တွေ လုပ်ပေးတယ်။ ပြီးတော့ Customer တွေအတွက် Hosting တွေ လုပ်ပေးတယ်။ Web Hosting, email hosting ပေါ့။ VPS ဆိုတာရှိတယ်၊ Virtual private server ပေါ့။

နောက်ပြီး VPN၊ Virtual Private Network ပေါ့။ သူကနေရာတခုနဲ့တခု Data တွေ ပြောင်းပို့တဲ့အခါ နောက်ပြီးကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တာတွေကိုလုံခြုံအောင် လုပ်ပေးတယ်။

Telecom တွေ အတွက် Test လုပ်ပေးတယ်။ Quality of Service (QOS testing).Ooredooတို့ Telenor တို့ MPT တို့ အကုန်လုံးမှာအဲဒါတွေလိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့နေရာတွေ ဇုန်တွေမှာဖုန်းလိုင်းတို့၊ အင်တာနက်လိုင်းတို့ ပိုပြီးကောင်းအောင် အဲဒီလိုမျိုး Service တွေရဲ့ Quality တွေကိုထိန်းပေးတယ်ပေါ့နော်။

ငယ်ငယ်တည်းကဝါသနာပါတာလားဆိုတော့ ကျနော်ငယ်ငယ်ကအိုင်တီဆိုတာကိုမသိဘူးဗျ။ အိမ်မှာကွန်ပျူတာမရှိဘူး။ ကျောင်းမှာရှိတဲ့ ကွန်ပျူတာကိုလည်းမကိုင်ရဘူးလေ။ အဲဒီတော့ အိုင်တီဆိုတာဘာမှန်းမသိဘူး၊ စိတ်ဝင်စားတာပဲရှိတယ်။ ကျနော်ငယ်ငယ်ကဂိမ်းတအားဆော့တယ်။ ဂိမ်းဆော့တော့ အိုင်တီစိတ်ဝင်စားတယ်။ ဂိမ်းထဲမှာ hack လုပ်တာတွေ ရှိတယ်လေ။
ဝါသနာကတော့ ကျနော် စာဖတ်တာဝါသနာပါတယ်။ အထူးသဖြင့် Economics နဲ့ ပတ်သက်တာတွေ စိတ်ဝင်စားတယ်။ နောက်ပြီး International Political Economy ပေါ့။

ကြိုးစားနေတဲ့ လူငယ်တွေကိုပြောချင်တာကတော့ အခုလက်ရှိကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာသိအောင်ကြိုးစားပါ။ အဲဒီလိုသိပြီး ဆန္ဒပြင်းထန်ရင် ဘာမဆိုလုပ်လို့ရပါတယ်။


ထက်ဦးဝေ

မြန်မာ့အလှဖန်တီးရှင်တွေ လေဒီဘွိုင်းတွေပေးမယ့် အသည်းကြားက မဲတပြားက ဘယ်ပါတီဖြစ်မလဲ

Posted: 04 Nov 2015 01:32 AM PST

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ကျင်းပတော့မယ်ဆိုတာ အားလုံးလည်းအသိပါပဲ။ အခုဆိုရင် ဒီရွေးကောက်ပွဲကြီးအတွက် သက်ဆိုင်ရာ ရပ်ကွက် မြို့နယ်အလိုက် ကြိုတင်မဲတွေလည်း ပေးလို့ရနေပါပြီ။ အဲ့ဒီလိုကြိုတင်မဲ မပေးချင်ဘဲ နိုဝင်ဘာ ၈ ရက်နေ့ကျမှ မဲထည့်ချင်သူတွေအနေနဲ့လည်း နံနက် ၆ နာရီက စလို့ ညနေ ၄ နာရီအထိ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ မဲရုံအသီးသီးမှာ မဲထည့်နိုင်ကြပါတယ်။ ကဲ ဒီလို မဲထည့်ကြမယ့် ပြည်သူ ပြည်သားတွေထဲက အပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အလှဖန်တီးရှင်တွေ၊ လေဒီဘွိုင်းတွေ ဂေးလ်တွေအနေနဲ့ရော ဘယ်ပါတီ ဘယ်သူ့ကို ဘာကြောင့် မဲထည့်ကြမှာလဲ။ ၂၀၁၅ ရွေးကောက်ပွဲကြီးအပေါ်ကိုရော သူတို့တွေအနေနဲ့ ဘယ်လိုမြင်ကြသလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းမယ် ထင်ပါတယ်။ ဒါကြောင့် ဧရာဝတီပရိတ်သတ်တွေအတွက် သူတို့တွေရဲ့ အသည်းကြားက မဲတပြားဟာ ဘယ်သူဖြစ်မလဲ၊ ဘယ်ပါတီဖြစ်မလဲဆိုတာ မေးမြန်းစပ်စုထားတာများကို ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ် ခင်စန်းဝင်း (ဓာတ်ပုံ - khin san win facebook)


မိတ်ကပ် ခင်စန်းဝင်း

ရွေးကောက်ပွဲအပေါ် အမြင်ကတော့ သူတို့ပြုလုပ်တဲ့အပေါ်မှာ အမြင်မျိုးမဟုတ်ဘဲ မကြီးစန်းဖြစ်စေချင်တဲ့ ဆန္ဒကတော့ ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရတဲ့ ပါတီကို အမှန်တကယ်ပဲ ရွေးချယ်ပြီးတော့ လွှဲပြောင်း ပေးစေချင်ပါတယ်။ မကြီးစန်းဘယ်လိုလူမျိုးကိုရွေးမယ်။ ဘယ်ပါတီကိုရွေးမယ်ဆိုတာကတော့ မကြီးစန်းတို့ နိုင်ငံနဲ့ လူမျိုးအတွက်ကို ဂုဏ်ယူစရာကောင်းတဲ့ ကိုယ့်ကျင့်သိက္ခာ သီလနဲ့ ပြည့်စုံတဲ့သူကိုပေါ့၊ နောက် မြန်မာ ပြည်သားတွေအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးနိုင်မယ့် သူမျိုး၊ နိုင်ငံတကာနဲ့ ယှဉ်ရင် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်မျိုး၊ အသိဥာဏ် ဗဟုသုတကြွယ်ဝတဲ့သူဖြစ်ရမယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့လည်း ပြေပြစ်ပြီးတော့ ထွင်းဖောက်နိုင်တဲ့သူ ပေါက်ရောက်နိုင်တဲ့သူလည်းဖြစ်ရမယ်။ အဲ့ဒီပုဂ္ဂိုလ်က ပြည်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံပြီးတော့ တိုးတက်မှုကို တပြေးညီတည်း တောရောမြို့ပါမကျန် တိုးတက်အောင် ဖော်ဆောင်ပေးနိုင်မယ့်သူမျိုးဖြစ်ရမယ်။ သခင်ရယ်ကျွန်ရယ်မဟုတ်ဘဲ ဒီမိုကရေစီ စနစ် အတိုင်း တပြေးညီတည်းအပြည့်အ၀လုပ်ပေးနိုင်မယ့်သူမျိုးကို မကြီးစန်း မဲပေးမှာပါ။

မိတ်ကပ် ဥာဏ်ဥာဏ်-လှည်းတန်း(ဓာတ်ပုံ -မိတ်ကပ် ဥာဏ်ဥာဏ် လှည်တန်း ဖေ့ဘုတ်)


မိတ်ကပ် ဥာဏ်ဥာဏ်(လှည်းတန်း)

ဦးဥာဏ်ကတော့ NLD ပါပဲ။ အမေစုရဲ့ လုပ်ဆောင်ချက်ကို ကြိုက်လို့ပါ။ တကယ်ပင်ပင်ပန်းပန်းနဲ့ လုပ်ဆောင် နေတဲ့ အမေစုကိုပဲဖြစ်စေချင်တယ်။
 
မိတ်ကပ် ညီညီမောင် (စမ်းချောင်း) (ဓာတ်ပုံ- nyi nyi mg facebook)


မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

ညီမောင်တို့ကတော့ အမှန်အတိုင်းပြောရရင် အပြောင်းအလဲဖြစ်မယ့် ပါတီမျိုးကို လိုချင်ပါတယ်။ ညီမောင်တို့က ရှင်းရှင်းပြောရရင် မိန်းမလျာတွေလည်း ဖြစ်တယ်။ မိန်းမလျာဆိုတော့ များသောအားဖြင့် လူတွေက နှိမ်တာပေါ့နော်။ အဲ့ဒါကြောင့် ညီမောင်တို့ကိုလည်း နေရာတနေရာ ပေးတာမျိုး လူအခွင့်အရေးထဲမှာ မိန်းမလျာတွေအတွက် Human Right ရှိမယ့် ပါတီမျိုးကို မဲပေးချင်တယ်။ မိန်းမလျာဆိုပေမယ့် လူထဲက လူပဲလေ။ ဒီမိုကရေစီဆိုရင် လူတန်းစားမခွဲခြားဘူး။ ညီမောင်တို့အတွက် လွှတ်တော်ထဲမှာ ပြောပေးနိုင်မယ့် လူမျိုးတွေ မွေးထုတ်ပေးနိုင်မယ့် ပါတီကို မဲပေးချင်တယ်။ ညီမောင်တို့နိုင်ငံမှာ တခုရှိတာ ဘယ်ပါတီ တက်လို့ ဘာဖြစ်မယ်ဆိုတာ မသိရဘူး။ ဒါပေမယ့် အဓိကကတော့ အမေစုရဲ့ NLD ကိုတော့ မဲပေးမှာ သေချာပါတယ်။

ရွေးကောက်ပွဲအပေါ်အမြင်အနေနဲ့ကတော့ ညီမောင်တို့လည်း အများကြီးနားမလည်ပါဘူး။ ညီမောင်တို့က စစ်အာဏာရှင်လက်အောက်မှာ နေလာရတော့ ညီမောင်တို့မှာ ကြောက်စိတ်တွေအများကြီးရှိတယ်။ အဲ့အတွက် ကြောင့် အများကြီးလည်း မပြောတတ်ဘူး။ အများကြီးလည်း နားမလည်ဘူး။ ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်းတွေနဲ့ ကောင်းသော အရာတွေဖြစ်ဖို့နဲ့ ပြီးတော့ လူအခွင့်အရေးဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ယောက်ျားလျာဖြစ်ဖြစ် မိန်းမလျာဖြစ်ဖြစ် တန်းတူညီမျှ အခွင့်အရေးတွေရမယ့် အုပ်ချုပ်သူရဲ့ လက်အောက်မှာတော့ မသေခင်လေး နေချင်ပါသေးတယ်။

မိတ်ကပ်လင်းလင်း(ဓာတ်ပုံ - linn linn facebook)


မိတ်ကပ် လင်းလင်း

လင်းတို့က လူငယ်တွေဆိုတော့ နိုင်ငံရေးဆိုတာတော့ နားမလည်ပါဘူး။ ဒါပေမယ့် ကိုယ်လည်း သူများ နိုင်ငံကြီးတွေကို သွားလာနေရတော့ ကိုယ့်နိုင်ငံကိုလည်း အဲ့လိုနိုင်ငံမျိုးဖြစ်စေချင်တာတော့ လင်းတို့ ရင်ထဲက စိတ်စေတနာအမှန်ပါ။ ဒါပေမယ့် လင်းတို့က ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်းတော့ အကောင်း ချည်းပဲ မြင်လို့တော့ မရဘူးပေါ့။ ဖြစ်ချင်ပေမယ့်လည်း ဖြစ်လာချင်မှ ဖြစ်လာမှာလေ။ အဓိက ပြောချင်တာ ကတော့ မြန်မာပြည်ကလူတွေက စည်းကမ်းအားဖြင့် လိုက်နာမှုအရမ်းနည်းနေတဲ့အတွက်ကြောင့် တိုင်းပြည် တိုးတက်မှု နှောင့်နှေးနေတယ်လို့ ထင်ပါတယ်။ အဲ့အတွက်ကြောင့်မို့ စည်းကမ်းကို သေချာကြပ်မတ်နိုင်တဲ့ ခေါင်းဆောင်မျိုး၊ နောက် လင်းတို့ အခုဆိုရင် အမြတ်တော်ခွန်တွေ ဆောင်နေရတယ်။ အဲ့ဒီအခွန်တွေကို သေသေချာချာ သူ့နေရာနဲ့သူ အသုံးပြုနိုင်မယ့် လူကြီးလူကောင်းမျိုးတွေ လိုအပ်မယ်လို့ထင်ပါတယ်။ နိုင်ငံခြားမှာ ဒီလို အခွန်ဆောင်တယ်ဆိုရင် အသက် ၆၀ ပြည့်တဲ့အခါမှာ ဒီအခွန်တွေရဲ့ အကျိုးကျေးဇူးကို ပြန်ခံစားရတယ်လေ။ မြန်မာပြည်မှာ ဒါမျိုးမခံစားရဘူး။ မရှိဘူး။ ဆောင်သာဆောင်လိုက်ရတယ် ဘယ်တွေ ရောက်သွားမှန်းမသိတာမျိုးကျတော့ သဲထဲ ရေသွန်တာမျိုးဖြစ်နေတာကိုတွေ့ရတာပေါ့နော်။ နိုင်ငံတကာနဲ့ရင် ဘောင်တန်းဖို့ ပြောနေပေမယ့်လည်း မြန်မာလူမျိုးတွေ ၁၀၀ မှာ ၈၀ စည်းကမ်းအားဖြင့် လျော့နည်းနေပါသေး တယ်။ အဲ့ဒီအတွက်ကြောင့် စည်းကမ်းရှိဖို့ အရင်လုပ်မှဖြစ်မှာပါ။ လင်းတို့ကတော့ လူငယ်တွေဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုပဲ ကြိုးစားပြီးလုပ်တယ်။ ဘယ်သူ့ဘက်မှ ပါဖို့လည်းမရှိဘူး။

အဓိကပြောချင်တာကတော့ ခေါင်း ဆောင်ကောင်းတယောက်ကို ရွေးတော့မယ်ဆိုရင် ထီထိုးသလိုပါပဲ။ ကောင်းမယ်၊ မကောင်းဘူးဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်တဲ့အတွက် ဗုဒ္ဓဘာသာလူမျိုးတယောက်အနေနဲ့ ကံစီမံရာအတိုင်းပါပဲလို့ ထင်ပါတယ်။

အခုဆိုရင် အနုပညာရှင်တွေရော ဘာတွေရော လင်းနဲ့ အကျွမ်းတ၀င်ဖြစ်နေတဲ့ အနုပညာရှင်တွေပေါ့။ သူတို့တွေက များသောအားဖြင့် အကုန်လုံးကတော့ NLD အမေစုပေါ့။ အမေစုဆိုတာကလည်း တကယ့်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ်ပြုထားတဲ့သူဆိုတော့လည်း သူလည်း အသိဥာဏ်ပညာကြွယ်ဝတဲ့ အပိုင်းတွေ ရှိပါတယ်။ အခုလက်ရှိ အုပ်ချုပ်နေတဲ့သူတွေလည်း မကောင်းဘူးလားဆိုတော့လည်း  သူတို့အုပ်ချုပ်တာ ကောင်းလို့လည်း လူတိုင်း အေးအေးချမ်းချမ်းနဲ့ နေရတယ်လို့ထင်ပါတယ်။ လူ့စိတ်ဆိုတာကတော့ မျောက်စိတ် လိုပါပဲ။ ၈ ရက်နေ့ကျတော့မှ လင်းကတော့ စိတ်ကူးပေါက်တဲ့ဟာလေးကို ပေးလိုက်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးဘက်က ချိန်ခွင်လိုပါပဲ။ Balance ကတော့ ညီနေတာပေါ့နော်။ အန်တီစုဘက်က ကြည့်မယ် ဆိုပြန်တော့လည်း သူ့အနေနဲ့ မြန်မာပြည်ကို အုပ်ချုပ်ထားတာ တခါမှ မရှိဖူးသေးဘူးဆိုတော့ ကောင်းသလား ဆိုးမလားဆိုတာ လင်းတို့လည်းမပြောနိုင်သလို ဘယ်သူမှလည်း ပြောနိုင်မှာမဟုတ်ပါဘူး။ အားလုံးက အမှန်းလေးတွေ စိတ်ကူးလေးတွေယဉ်နေကြတယ်လို့ ထင်ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့သူတွေကျတော့ လည်း လင်းတို့ မိသားစုတစုမှာတောင်မှ ညီအကိုမောင်နှမအချင်းချင်း စည်းလုံးဖို့ဆိုတာ တော်တော်ခက်ပါ တယ်။ တတိုင်းပြည်လုံးကို စည်းလုံးအောင်လုပ်ဖို့ လူကြီးတွေအနေနဲ့လည်း အခက်တွေ့မယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် လင်းကတော့ အဲ့ဒီနေ့ကျမှပဲ စိတ်ကူး စိတ်သန်ရာကို မဲထည့်ဖြစ်မှာပါ။

၂၀၁၅ ရွေးကောက်ပွဲကတော့ ကောင်းပါတယ်။ တခု၊ တနေရာ ပြောင်းလဲသွားမယ်လို့ မြင်ပါတယ်။ အခွန်ဆိုရင် လည်း လင်းတို့ မငြီးမငြူပဲ ဆောင်ပါတယ်။ အခုဆိုရင် ဆေးရုံဆေးပေးခန်းတွေမှာ တကယ့်ကို လိုအပ်နေတဲ့ လူနာတွေ ဆင်းရဲနွမ်းပါးတဲ့ ဝေဒနာရှင်တွေကို တွေ့ရတယ်။ အဲ့ဒါတွေကိုတွေ့ရင် အရမ်းကိုယ်ချင်းစာမိတယ်။ ဒီလိုအခွန်အခတွေကို ကျန်းမာရေးဘက်မှာသုံးလို့ပိုမှ ပညာရေးဘက်မှာ သုံးသင့်တယ်လို့ ထင်ပါတယ်။ ပညာတွေ တက်ပြီး ကျန်းမာရေးမကောင်းဘူးဆိုရင်လည်း တိုင်းပြည်က ဘာမှ တိုးတက်လာမှာမဟုတ်ဘူးလေ။ အရင်ဆုံး လင်းပြောချင်တာကတော့ လင်းတို့ဆောင်နေတဲ့ အခွန်တွေကိုလည်း နောက်တက်လာမယ့် အစိုးရအနေနဲ့ သေချာ စနစ်တကျနဲ့ ကျန်းမာရေးဘက်မှာ
အရင်ဆုံး အသုံးပြုသင့်ပါတယ်လို့။



မျိုးကိုကိုစန်း(ဓာတ်ပုံ -ဧရာဝတီ)

မျိုးကိုကိုစန်း (Miss International Queen Myanmar 2014)

ညီမအနေနဲ့ကတော့ LGBT (Lesbian,Gay,Bisexual,Transgender) right ကိုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို မဲပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ LGBT တွေက ချောင်းကလေး တစင်းပါ။ ပြည်သူဆိုတဲ့ မြစ်ကြီးထဲကို ပူးပေါင်းပါဝင်နိုင်မှ ပင်လယ်ပြင်နဲ့ တူတဲ့ နိုင်ငံ့တိုးတက်ရေးထဲကို မြစ်ကြီးနဲ့အတူ ပူးပေါင်းပါဝင် စီးမျှောပြီး နိုင်ငံတိုးတက်ရေးကို တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ပြီး သမုဒ္ဒရာနဲ့တူတဲ့ ဒီမိုကရေစီရဲ့ ကျယ်ပြန့်လွတ်လပ်တဲ့ အရသာကို ညီမတို့လည်း ပါဝင်ခံစားနိုင်မှာပါ။ အဲ့လို ပါဝင်နိုင်ဖို့ဆိုရင် ညီမတို့ LGBT အသိုင်းအဝိုင်းကို ထောက်ခံအားပေးမယ့်သူရှိမှ ညီမတို့လည်းပါဝင်နိုင်မှာပါ။ NLD ပါတီသာအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ညီမတို့အပေါ် ဖိနှိပ်ထားတဲ့ ဥပဒေတချို့ကိုလည်းပြင်ဆင်ပေးနိုင်ပြီး ညီမတို့လည်း မိမိရဲ့ လိင်စိတ်ခံယူမှု ပုံစံအတိုင်း တရားဥပဒေရဲ့အောက်မှာ လုံခြုံမှုရမယ်ထင်လို့ပါ။ ဘယ်သူမဆိုတော့ မိမိဘဝလုံခြုံမှု မြင့်မားရေးကို ပေးဆောင်နိုင်မယ်ထင်တဲ့ ပါတီကိုပဲ မဲပေးကြမှာပဲလေ။

မိတ်ကပ် မေဦးမောင်(ဓာတ်ပုံ - may oo maung facebook)


မိတ်ကပ် မေဦးမောင်

ကျမတို့ယုံကြည်တဲ့ ကျမတို့စိတ်ချတဲ့ပါတီကတော့ အန်အယ်လ်ဒီ(NLD)ပဲလေ။ အဲ့တော့ အန်အယ်လ်ဒီပဲ ကျမ မဲထည့်မှာပါ။ အဓိကကတော့ ကျမတို့အနေနဲ့ အမေစုကို ယုံတယ်လေ။ အမေစုကို အားကိုးတယ်။ အမေစုကိုပဲ မဲထည့်မှာ။ အမေစုပြောတဲ့အတိုင်းပဲ ပါတီရဲ့ တံဆိပ်ကိုကြည့်ပြီး မဲထည့်ပါဆိုတဲ့အတွက် ကျမတို့က ကျမတို့ မြို့နယ်မှာရှိတဲ့သူကိုတောင် မစုံစမ်းဘူး။ မစူးစမ်းဘူး။ ကျမတို့ကတော့ အမေ့ကိုယုံတဲ့အတွက် အမေပြောတဲ့ အတိုင်းပဲ တသွေမတိမ်းလိုက်နာတယ်။ အဲ့ဒါကြောင့် NLD ကိုပဲ မဲထည့်မယ်။ ၃ မဲစလုံးထည့်ခွင့်ရရင် ၃ မဲစလုံး ထည့်ဖို့အစီအစဉ်ရှိတယ်။ ရွေးကောက်ပွဲကတော့ အခက်အခဲတွေ အတားအဆီးတွေ အမျိုးမျိုးကြားကနေ အောင်မြင်ချင်တယ်။ ကျမတို့အနေနဲ့က နေနိုင် စားနိုင်တဲ့ ဘ၀တခုမှာ ရှိပေမယ့် မနေနိုင် မစားနိုင်တဲ့ ပြည်သူလူထု သန်း ၄၀ သန်း ၅၀ လောက်ရှိနေသေးတယ်။ သူတို့ရဲ့မျက်နှာကို ကျမအနေနဲ့ အများကြီးကြည့် ရမယ်။ အဲ့အတွက်ကြောင့်မို့ ကျမတို့အနေနဲ့ အပြောင်းအလဲတခုကို လိုချင်တယ်။ ပြောင်းလဲသင့်သလောက် ပြောင်းလဲတယ်ဆိုတာတော့ မှန်ပေမယ့် အဲ့ဒီပြောင်းလဲမှုကိုလည်း ကျမတို့ကြိုဆိုတယ်။ ဒါပေမယ့် အဲ့ဒီထက် ပြောင်းလဲတဲ့အပြောင်းအလဲကို မျှော်လင့်တဲ့အတွက်ကြောင့်မို့ ကျမတို့ အန်အယ်လ်ဒီ(NLD) ကိုပဲ မဲထည့်မှာပါ။

စောနန္ဒာ (မိုးကြိုးငှက်ငယ်ကလေးများ)

ကျမကတော့ အန်အယ်လ်ဒီ(NLD) မမစုရဲ့ ပါတီကိုပဲ ရွေးချယ်ထားပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအပြောင်း အလဲကို လိုချင်တာပါ။ ကိုယ့်အတွက် ဘာများထူးခြားလာမလဲ၊ ကိုယ့်နိုင်ငံအတွက်သော်လည်းကောင်း၊ လူမျိုးအတွက်ကိုသော်လည်းကောင်း၊ ထူးခြားမယ့်ဟာလေးကို သိချင်တာပါ။ အဲ့ဒါကြောင့်မို့ရွေးချယ်တာပါ။ ကိုယ်က နိုင်ငံရေးအကြောင်းတော့ နားမလည်ပါဘူး။ နိုင်ငံရေးလည်း စိတ်မ၀င်စားပါဘူး။ ကိုယ်က ကတဲ့ သူပဲလေ။ ဒါပေမယ့် အပြောင်းအလဲပေါ့။ နိုင်ငံပြောင်းလဲမယ်ဆိုရင် ကိုယ့်အတွက် အကျိုးအမြတ် အစစ အရာရာတိုးတက်လာမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ဖွံ့ဖြိုးလာမယ့်ဟာမျိုးကို လိုချင်တယ်။ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူပြည်သားတွေကိုလည်း ပြန်ပြီး ကောင်းမွန်လာစေချင်တာပါပဲ။






0 comments:

Post a Comment