The Irrawaddy's Blog |
- လက်နှစ်ဖက်မရှိဘဲ စာသင်ပေးနေတဲ့ ကျောင်းဆရာတဦး
- ပိုလာဝက်ဝံများရဲ့အနာဂတ်ကိုဖော်ပြနေတဲ့ ဓါတ်ပုံ
- ငြိမ်းချမ်းရေး အော်ပရာရှိုး စင်ကာပူမှာ ပြုလုပ်မည်
- SP Bakery ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ပြီ
- ပြည်တွင်းမှာပါ လူစီးများလာတဲ့ KIA Sorento နဲ့ GMC Terrain
| လက်နှစ်ဖက်မရှိဘဲ စာသင်ပေးနေတဲ့ ကျောင်းဆရာတဦး Posted: 08 Sep 2015 11:43 PM PDT တရုတ်ပြည် ယူနန်ခရိုင်မှာရှိတဲ့ ကျေးလက်စာသင်ကျောင်းလေးတခုမှာ လက်နှစ်ဖက်လုံးမရှိသော အမျိုးသားတဦးဟာ ဆယ်စုနှစ်တစုကျော်မျှ ကျောင်းဆရာတယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ် ဂျန်ရှန်ဖ ဟာ ၁၉၉၆ ခုနှစ်က လျှပ်စစ်နဲ့ပတ်သက်တဲ့ထိခိုက်မှုတခုဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသူပါ။ သို့ပေမယ့်လည်း သူ့ကျေးရွာက မူလတန်းကျောင်းတခုမှာ လွန်ခဲ့သော ၁၂ နှစ်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ ကျောင်းဆရာအလုပ်ကို မရပ်ဆိုင်းလိုက်ဘဲ ဆက်လက်လုပ်ကိုင် လာခဲ့ပါတယ်။ သူ့မှာ လက်နှစ်ဖက်လုံးမရှိစေကာမူ ပါးစပ်နဲ့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်ခြင်း၊ သူ့ရဲ့ ညာဘက်လက်တိုလေးနဲ့ မြေဖြူခဲကိုင်ကာ ကျောက်သင်ပုန်းမှာ ရေးသားခြင်းတို့ဖြင့် စာသင်ကြားပေးခဲ့တာပါ။ ဂျန်ရဲ့ လက်ရေးဟာ လက်နှစ်ဖက်လုံးမရှိတဲ့သူတဦးအတွက် တော်တော် အံ့သြစရာကောင်းလောက်အောင် လှပလွန်းပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ မမောနိုင်မပန်းနိုင် ကြိုးစားလေ့ကျင်ခဲ့ခြင်းရဲ့ အရင်းခံလို့ ဆို ရမှာပါ။ ၂၀၁၃ ခုနှစ်မှာ အွန်လိုင်းနဲ့ စတင်ထိတွေ့လာတဲ့ ဂျန်ဟာ Henan ခရိုင်မှာရှိသော တက္ကသိုလ်တခုမှာ စာသင်ကြားပေးဖို့ ကမ်းလှမ်းခံခဲ့ရပြီး ယခုလက်ရှိမှာ အမြင့်ဆုံးလစာဖြင့် လုပ်ကိုင်နေရပါပြီ။ ဒါပေမယ့် သူ့ရဲ့ မွေးရပ်ဇာတိက သူစတင်လုပ်ကိုင်လာခဲ့တဲ့ မူလတန်းစာသင်ကျောင်းမှ စာသင်သားလေးတွေကို သူဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ "ငါ့ရဲ့ အပျော်ရွှင်ဆုံးအချိန်ကလတွေကတော့ ကလေးတွေနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေပါပဲ" လို့ ဂျန်က ပြောခဲ့ပါတယ်။ Ref: CCTV news | ||||||
| ပိုလာဝက်ဝံများရဲ့အနာဂတ်ကိုဖော်ပြနေတဲ့ ဓါတ်ပုံ Posted: 08 Sep 2015 09:41 PM PDT
အဲဒီဓါတ်ပုံတစ်ပုံထဲမှာတင်ပိုလာဝက်ဝံများရဲ့အနာဂတ်ကိုတွေ့မြင်နိုင်ပါတယ်။ တောရိုင်းတိရိစာန်ပုံများကို ရိုက်ကူးသောဓါတ်ပုံဆရာမတစ်ဦးဖြစ်သူ ခရစ်စတင် လန်ဂါဘက်ဂါဟာ အစာရေစာပြတ်လပ်မှုကြောင့် အလွန်အမင်းပိန်လှီနေသော ပိုလာဝက်ဝံတစ်ကောင်ရဲ့ပုံကို အာတိတ် သမုဒ္ဒရာနားက နော်ဝေးနိုင်ငံပိုင် ကျွန်းကလေးတစ်ခုပေါ်မှာ ရိုက်ကူးရရှိလိုက်ပါတယ်။ "၀ဖီးပြီးလှပနေတဲ့ ပိုလာဝက်ဝံသားအမိတွေကို မြင်ရခဲပါတယ်။ မြင်နေရတာကတော့ ကြောက်စရာ ကောင်းလောက်အောင် ပိန်ချုံးနေတဲ့ ပိုလာဝက်ဝံများသာဖြစ်ပြီး အားလုံးဟာ ဓါတ်ပုံထဲက အကောင်အတိုင်း ဖြစ်နေတဲ့ ၀က်ဝံမတွေချည်းပဲ ဖြစ်ပါတယ်။" လို့ လန်ဂါဘက်ဂါက သူမရဲ့ ဓါတ်ပုံခေါင်းစဉ်စာသားမှာ ရေးသား ဖော်ပြထားပါတယ်။ အာတိတ်စက်ဝန်းနားမှာရှိတဲ့ ပိုလာဝက်ဝံတွေဟာ ရာသီဥတုပြောင်းလဲလာမှုကြောင့် အင်မတန်မှ စိတ်ပျက်စရာ ကောင်းလောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြင့်တက်လာတဲ့အပူချိန်ဟာ သမုဒ္ဒရာရေခဲများကို အရည်ပျော်ကျလာစေပါတယ်။ သမုဒ္ဒရာရေခဲပြင်ဆိုတာ ပိုလာဝက်ဝံများအဖို့ ပင်လယ်ဖျံများကို အမဲလိုက် စားသောက်နေတဲ့ စားကျက်လည်း ဖြစ်ပါတယ်။ အဲဒီရေခဲပြင်တွေမရှိတဲ့အခါမှတော့ ပိုလာဝက်ဝံတွေဟာ ၄င်းတို့အသက်ရှင်ဖို့ နှင်းတောထဲမှာနေတဲ့ ငန်းများနဲ့ ဒရယ်များကို ပြောင်းလဲ စားသုံးရပါတယ်။ သို့ပေမယ့် အဲဒီ အစားအစာအရင်းအမြစ်တွေဟာလည်း သူတို့အတွက် ပေါများလှသည်တော့ မဟုတ်ပါဘူး။ "ကြီးမားလှတဲ့ ပိုလာဝက်ဝံတွေအတွက် ၀လင်စွာ စားသောက်နိုင်ဖို့ ကုန်းမြေက လောက်ငှတဲ့ အစား အသောက်ကို မပေးစွမ်းနိုင်ပါဘူး" လို့ သတ္တဗေဒပညာရှင် အီရန်စတဲလင်းက National Post မှာ ပြောဆိုထားပါတယ်။ ရလဒ်ကတော့ ပိုလာဝက်ဝံတွေဟာ တဖြည်းဖြည်း ဆာလောင်မွတ်သိပ်လာရပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အနေအထားတွေကို အတည်ပြုလိုက်တာကတော့ လန်ဂါဘက်ဂါ ရဲ့ဓါတ်ပုံပဲဖြစ်ပါတယ်။ Svalbard ပြည်နယ်မှာ ပိုလာဝက်ဝံပေါင်း (၃၀၀၀)နီးပါးရှိပြီး တကမ္ဘာလုံးမှာတော့ အကောင်ရေပေါင်း (၂၀၀၀၀)ကနေ (၂၅၀၀၀) အထိရှိပါတယ်။ ပိုလာဝက်ဝံတွေရဲ့အနာဂတ်အတွက်ကို ဆွေးနွေးမှုတွေ ပြု လုပ်နေတာရှိပြီး အချို့သော သိပ္ပံပညာရှင်များကတော့ ပိုလာဝက်ဝံတွေဟာ အစာရေစာရှားပါးမှုကို ရင် ဆိုင်နေရပြီး အချို့ကတော့ ပိုလာဝက်ဝံတွေရဲ့အနာဂတ်ဟာတည်ငြိမ်မှုရှိပါတယ်လို့ ဆိုထားပါတယ်။ အ ကယ်၍ဓါတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း တကယ်ဖြစ်နေတယ်ဆိုရင်တော့ ပိုလာဝက်ဝံတွေရဲ့အနာဂတ်ဟာ စိတ်ပျက်ဖွယ်ကောင်းအောင် မှေးမှိန်တော့မှာဖြစ်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။https://www.thedodo.com/emaciated-polar-bear-1330557679.html | ||||||
| ငြိမ်းချမ်းရေး အော်ပရာရှိုး စင်ကာပူမှာ ပြုလုပ်မည် Posted: 08 Sep 2015 02:38 AM PDT
အနုပညာရှင်များစွာပါဝင်တဲ့ Peace Opera Show လို့ နာမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံမှာ အောက်တိုဘာ ၄ ၇က်နေ့မှာ တင်ဆက်ပြုလုပ်မှာပါ။ ဒီ Peace Opera Show ကို ဦးဇာဂနာက ဦးစီး တာဖြစ်ပြီး ပါဝင်မယ့် အနုပညာရှင်တွေကတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ အိချောပို၊ မေမြင့်မိုရ်၊ ညောင်ညောင်၊ ဂေါ်ဇီလာနဲ့ သီးလေးသီးအဖွဲ့သားများဖြစ်တဲ့ ပန်းသီ၊ စိန်သီး၊ ဇီးသီး၊ ကြယ်သီး တို့ပါဝင်ကြပါတယ်။ ဒါ့အပြင် နန်းခင်ဇေယျာ၊ ၀ိုင်းလေး၊ မေမြတ်နိုး၊ ဟယ်လင်မျိုးကို တို့ပါဝင်ကြမှာဖြစ်ပြီး သီးလေးသီး ပြန်လည် ပေါင်းစည်းပါဝင်တဲ့ပွဲလည်းဖြစ်ပါတယ်။ တေးသီချင်းသီဆိုမှု၊ ဖက်ရှင်အကအလှများ၊ ဟာသပြဇာတ်ရသများ၊ အငြိမ့်တင်ဆက်မှုများနဲ့ အခြားအနုပညာတင်ဆက်မှုမျိုးစုံတို့ကို ဖျော်ဖြေတင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပွဲနဲ့ပတ်သက်လို့ ဦးဇာဂနာက "အဓိကအားဖြင့် အစီအစဉ်က သုံးခုကျနော်တို့လုပ်ပါမယ်။ Peace ဆိုတဲ့ခေါင်းစဉ်အတိုင်း ငြိမ်းချမ်းရေးလိုတယ်ဆိုတဲ့အကြောင်း အော်ပရာကို ကပါမယ်။ သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေ အဲမှာပါကြမယ်။ ဒါကလည်း တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ တေးသရုပ်ဖော်တခုကို လုပ်ပါမယ်။ ပြီးရင်တော့ ပြဇာတ်၊ တခန်းရပ် ပြဇာတ်ကလည်း ငြိမ်းချမ်းရေးလိုတဲ့အကြောင်းပါပဲ။ နောက်တခုက အငြိမ့်ပေါ့။ အငြိမ့်ကလည်း ငြိမ်းချမ်းရေးအငြိမ့်ပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သီချင်းတွေကိုပဲ လုပ်ထားပါတယ်။ ပြက်လုံးတွေမှာလည်း သီးလေးသီးရဲ့ပြက်လုံးတွေ ပါမယ်။ ပြက်လုံးတွေကိုလည်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြက်လုံးတွေကိုပဲ ပြက်ဖို့ ကျနော်တို့ မှတ်စုထုတ်ထားပါတယ်။ အဓိကအားဖြင့် ဖျော်ဖြေရေးအစီအစဉ်က သုံးမျိုးပါပါမယ်။ အဲဒီကရလာတဲ့ ရံပုံငွေကိုလည်း လှူပါမယ်။ လှူရင်လည်း တကယ်အသုံးလိုတဲ့ ဆိုလာမီးရယ်၊ ရေစုပ်စက်ရယ်ကို လှူပါမယ်။ အဲဒီအတွက်ကိုလည်း ကျနော်က ဒီအဖွဲ့ကိုပြန်ပြီး အလှူခံထားပါတယ်" လို့ ပွဲစဉ်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ပွဲမှာ ပရဟိတအနေနဲ့ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ပူးပေါင်းပါဝင်နိုင်ရန် ရန်ပုံငွေ ကောက်ခံခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ ALTITUDE Entertainment Group စီစဉ်တာဖြစ် ပြီး ပွဲစဉ်ကို စင်ကာပူနိုင်ငံရှိ KRETA AYER PEOPLE'S THEATRE မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယုမွန်ကျော် | ||||||
| SP Bakery ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ပြီ Posted: 08 Sep 2015 01:26 AM PDT မြန်မာဘာသာနှင့် "စံပြ" လို့ အဓိပ္ပာယ်ရတဲ့ SP Bakery ရဲ့ ရန်ကုန်ဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပါပြီ။ မန္တလေး မြို့မှာ ဆိုင်ခွဲ ၆ ဆိုင်ဖွင့်လှစ်ပြီး အောင်မြင်နေတဲ့ SP Bakery မှာ ရရှိနိုင်တဲ့ မုန့်အမျိုးအစားတွေကတော့ Golden Butter Box, Tiramisu, Goliath Graham, Egg Trat, Birthday Cak, Crispy, Donut, Healty Bread, Mousse Cake, Pastries, Wedding Cake, ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး တို့ပဲဖြစ်ပါတယ်။ SP Bakery ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်သင်းသင်းကျော်က ရန်ကုန်ဆိုင်ခွဲဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်လို့ " စားသုံးသူတွေအတွက် အကောင်းဆုံးအရည်အသွေးနဲ့ ပြုလုပ်ထားတဲ့ စာသောက်ကုန် တွေကို ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို ထိုးဖော်နိုင်ဖို့ပါ။ SP Bakery အနေနဲ့ စားသုံးသူတွေ စိတ်ကျေ နပ်မှု အပြည့်အ၀ရရှိဖို့အတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးထားပါတယ်" လို့ ဆိုပါတယ်။ SP Bakery ကို မြန်မာနိုင်ငံအထက်ပိုင်းမှာသာမကပဲ အောက်ပိုင်းမှာပါ နောက်ထပ် ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ၁၉၆၉ ခုနှစ်ကတည်းက စတင်တည်ထောင်လာခဲ့တဲ့ SP Bakery ဟာ အခုဆိုရင် နှစ်ပေါင်း ၄၅ နှစ်ရှိခဲ့ပါပြီ။ ရန်ကုန်ဆိုင်ခွဲကိုတော့ အမှတ် ၅၆ ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ SP Bakery ရဲ့တရားဝင် Facebook စာမျက်နှာကတော့ facebook.com/SPBakeryMyanmar ပဲဖြစ်ပါတယ်။ | ||||||
| ပြည်တွင်းမှာပါ လူစီးများလာတဲ့ KIA Sorento နဲ့ GMC Terrain Posted: 08 Sep 2015 12:43 AM PDT အခုနောက်ပိုင်းနှစ်တွေမှာ ပြည်တွင်းဈေးကွက်အတွင်း ထူးခြားလာတာတစ်ချက်ကတော့ အမေရိကန်ထုတ် မော်ဒယ်တွေကို ဇိမ်ခံပုံစံအနေနဲ့ လူစီးများလာတာပဲ ဖြစ်ပါတယ်။
Oyrm Lincoln Navigatorတွေ နောက်ပြီး Cadillac SRX တွေနဲ့ နောက်ဆုံး အခု ပြောမယ့် GMC Terrain တွေ ထိအောင်ပါ။ ဒီမော်ဒယ်တွေက ပြည်တွင်းမှာ Showroom ရှိတာ မဟုတ်ပေမယ့် စီးချင်တဲ့သူက သီးသန့်ဝယ်ယူ စီးနင်းတဲ့ သဘောပါ။ ဒီလိုပါပဲ၊ တစ်ဖက်ကလည်း Showroom ပါ လာပြီး ဖွင့်လှစ်ရောင်းချနေတဲ့ တောင်ကိုရီးယား အခြေစိုက် Kia နဲ့ Huyndai လို မော်ဒယ်တွေလည်း ဈေးကွက်မှာ အရင်ကထက်စာရင်တော့ နေရာရလာပါတယ်။ ဒီလို အရှေ့နဲ့အနောက် နေရာဒေသချင်းမတူတဲ့ နိုင်ငံတွေကနေ ထွက်ရှိလာတဲ့ မော်ဒယ် နှစ်ခုလည်းဖြစ်၊ ဈေးကွက်မှာလည်း နေရာရမှုများလာတဲ့၊ နောက်ပြီး တန်ကြေးချင်းလည်း သိပ်ပြီး မကွာနိုင် လောက်တဲ့ မော်ဒယ်နှစ်ခုကို ကျွန်တော်က အခု တစ်ပတ်အတွက် အလှည့်ပေးလိုက်ချင်ပါတယ်နော်။ ဈေးကွက်ထဲမှာ မြင်လာခဲ့ရင်လည်း ကိုယ်တိုင် ဘယ်မော်ဒယ်ကို ရွေးချယ်သင့်တယ်ဆိုတာ သိထား နိုင်တာပေါ့ဗျာ။ အားသာချက် … Terrain အသစ်နဲ့ ပတ်သတ်ပြီး မြင်မိသလောက်ကို ပြောရမယ်ဆိုရင် Lock စနစ်က အတွင်း၊အပြင် နှစ်ခုလုံး ပြည့်စုံကောင်းမွန်တာဖြစ်သလို အတွင်းပိုင်း အပြင်အဆင်ဆွဲဆောင်မှု ကောင်းရုံတင်မဟုတ်ပဲ အသုံးပြု ပစ္စည်းတွေရဲ့ အရည်အသွေးကောင်းမွန်တာကြောင့် စိတ်ချယုံကြည်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဝေးပြေးလမ်းကြောင်းတွေမှာ မောင်းနှင်ရမှု ကောင်းမွန်သလို V6 အင်ဂျင်နဲ့ လိုချင်သူတွေအတွက်လည်း ရနိုင်မှာဖြစ်ပြီး နောက်ဖက်ထိုင်ခုံတန်းက ရှေ့တိုး၊ နောက်ဆုတ်ကနေ အနိမ့်၊ အမြင့်အနေအထားတွေကိုပါ စိတ်ကြိုက်ချိန်ညှိနိုင်အောင် ဖန်တီးထားတာတွေ့ရပါတယ်။ Sorento ရဲ့ အားသာချက်အပိုင်းမှာ မပြောမဖြစ် ပြောရမယ့် အချက်သုံးချက် ရှိပါတယ်။ အဲဒါတွေကတော့ ပထမတစ်ခုက အတွင်းခန်း အထူးကျယ်ဝန်း ကောင်းမွန်မှုနဲ့အတူ ထိုင်ခုံပိုင်းမှာ ခွက်ပုံသဏ္ဍာန်ကို ကြီးမား အောင် ဖန်တီးလာတာကြောင့် လိုက်ပါစီးနင်းသူအနေနဲ့ အသားကျပြီး သက်တောင့်သက်သာရှိနေစေမှာ ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ မော်ဒယ်ဟောင်းတွေအတိုင်း နည်းပညာပိုင်းပဲ အဆင့်မြှင့်ထားတာ ကြောင့် မောင်းနှင်ရလွယ်ကူတာဖြစ်သလို နောက်ဆုံးတစ်ချက်ကတော့ ဆက်စပ်ပစ္စည်း တပ်ဆင်မှုနဲ့အတူ တစ်စီးလုံးရဲ့ အပြင်အဆင်ပိုင်း ပြည့်စုံကောင်းမွန်လာတာတွေပဲ ဖြစ်ပါတယ်။ အားနည်းချက် … Terrain ရဲ့ မော်ဒယ်ခွဲတစ်ခုဖြစ်တဲ့ ပုံမှန် လေးလုံးထိုးအင်ဂျင်တပ်မော်ဒယ်ဆိုရင် အဝေးပြေး လမ်းကြောင်း တွေပေါ်မှာ အင်ဂျင်သံက တည်ငြိမ်မှုမရှိပဲ ကွဲထွက်နေတာ တွေ့နိုင်သလို ကုမ္ပဏီက ပြောတဲ့ ဆီစားနှုန်း အနေအထားနဲ့ လက်တွေ့စမ်းသပ် မောင်းနှင်မှုတွေအရ တွေ့ရတဲ့ ဆီစားနှုန်းတွေ မတူညီတဲ့ အချက်တွေ တွေ့ရပါတယ်။ ဆိုလိုတာကတော့ တကယ်တမ်းမှာ ဆီစားနည်းနည်းပိုများချင်နေတာ ဖြစ်ပါတယ်နော်။ နောက်တစ်ချက်ကတော့ ဖျော်ဖြေရေးစနစ်ထဲက Display စနစ်က အားနည်းချင်တာ ဖြစ်ပါတယ်။ Sorento ထဲမှာလည်း KX-4 လို မော်ဒယ်ခွဲဆိုရင် တန်ကြေးသင့် မော်ဒယ်ထဲမှာရှိနေတဲ့ အတန်းအစား ဖြစ်ပေမယ့် ပုံမှန်ထက် ဈေးနည်းနည်းများနေပါတယ်။ နောက်တစ်ချက်ကတော့ အင်ဂျင်သံ ဆူညံမှု ပေးတတ်တဲ့ အနေအထားမှာ သိပ်မကြိုက်မိသလို နောက်ဆုံးတစ်ချက်ကတော့ အတွင်းခန်း အပြင်အဆင် ပိုင်းမှာ ရိုးရှင်းလွန်းတဲ့အနေအထားကြောင့် ဆန်းသစ်မှုနည်းတယ်လို့ မြင်မိတာ ဖြစ်ပါတယ်။ ထူးခြားလာသမျှ …. အခု နောက်ဆုံး Terrain မှာတော့ ထူးခြားချက်အနေနဲ့ အရောင်အပိုင်းမှာဖြစ်ပြီး အရင်က မော်ဒယ်တွေမှာ အနီရောင်ကို အားထားပြီး ထုတ်လုပ်ခဲ့တာတွေ့ရပေမယ့် ဘာကြောင့်များရယ်မသိပဲ အခု နောက်ဆုံးထုတ် မော်ဒယ်မှာ အနီရောင် မထုတ်တော့လဲ မသိပါဘူး။ နောက်ပြီး အရောင်ပိုင်း ရွေးချယ်နိုင်မှုအပိုင်းမှာ အပြင်အရောင်အနေနဲ့ အနက်၊ အဖြူ၊ ငွေရောင်နဲ့ ကာကီရောင် လေးမျိုးတည်း ရနိုင်တော့သလို အတွင်းခန်းက ဆိုရင် အနက်နဲ့ အထည်သား တစ်မျိုးတည်း ရပါလိမ့်မယ်။ ဒါဟာ ရှေ့ပိုင်းထုတ် မော်ဒယ်တွေနဲ့ အခု မော်ဒယ်ကို ကွဲပြားအောင် ဖန်တီးလိုက်တဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ Sorento ရဲ့ ကိုယ်ထည်ပိုင်းဆန်းသစ်မှုအနေနဲ့ကတော့ အဓိကနှစ်ချက် ရှိနေပါတယ်။ ပထမတစ်ချက်က တံခါးရဲ့အဖွင့်၊ အ၀င်အပိုင်းမှာ အကျယ်ကို ပိုပြီး ချဲ့ထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ရှေ့တံခါးရော နောက်တံခါး အပိုင်းမှာ ချဲ့ထားတာ ဖြစ်ပြီးတော့ ဒီလို တံခါးရဲ့ ဖွင့်နိုင်မှုနှုန်းကို ချဲ့လိုက်တာက ကားပေါ်ကို ပစ္စည်းတွေ တင်ဆောင်ဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ၀တဲ့သူတွေ တက်ရောက်ဖို့အတွက်ပဲဖြစ်ဖြစ် တော်တော်လေးကို အဆင်ပြေသွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တံခါးရဲ့ အထူကို ပါးယူလိုက်တဲ့ ဆန်းသစ်မှုပါပဲ။ ဒါဟာ ကားရဲ့ အလေးချိန်ကိုပါ လျော့ကျအောင် ဖန်တီးထားနိုင်လာတဲ့ အချက်လည်း ဖြစ်လာပါတယ်။
မောင်းနှင်ဖို့ရာအတွက် … Terrain မော်ဒယ်က V6 အင်ဂျင်စနစ်နဲ့လည်း ရနိုင်တယ်လို့ ပြောခဲ့သလို အဆိုပါ အင်ဂျင်စနစ်က စွမ်းဆောင်ရည်ပိုင်းမှာ အားကောင်းပေမယ့် ဘရိတ်ပိုင်းမှာ အားပြန်နည်းချင်တာကြောင့် ကျွန်တော်က ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်နဲ့ မော်ဒယ်ကို ပိုပြီး သဘောကျမိပါတယ်။ ၂.၄ လီတာသုံး လေးလုံးထိုး အင်ဂျင်ကနေ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၉၀၀ မှာ ရုန်းအားက ၁၇၂ ပေါင်-ပေရှိမှာဖြစ်ပြီး စွမ်းအင် ထွက်ရှိမှု ကတော့ မြင်းကောင်ရေ ၁၈၂ ကောင်အား ရှိမှာဖြစ်လို့ စွမ်းအင်ပိုင်း ပိုအားကောင်းပြီး မြို့တွင်းလမ်းကြောင်း တွေနဲ့ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ Sorento မှာ တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၂ လီတာသုံး Turbodiesel စနစ်ပါရှိပြီးတော့ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်ဖြစ်သလို တစ်ဖက်က အင်ဂျင်ပိုင်းမှာ စွမ်းဆောင်ရည်ကို အထူး ဦးစားပေး ဖန်တီး လိုက်တာ ကြောင့် လမ်းကြောင်းပေါ်မှာ ဆူညံမှု အနည်းငယ် ပေးချင်တာ တစ်ချက်ကတော့ တော်တော်လေး သိသာ နေပါတယ်။ အင်ဂျင်က ရုန်းအား အပိုင်းမှာ ၃၂၅ ပေါင်-ပေရှိပြီးတော့ စွမ်းအင်ထွက်ရှိမှု အပိုင်းက မြင်းကောင်ရေ ၁၉၇ ကောင်အားပဲ ရှိမယ့်အနေအထားမှာ မော်ဒယ်က လမ်းကြမ်းပိုင်း ရုန်းအား ကောင်းနိုင်ပေမယ့် မြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဖက်တွေလောက် ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဘယ်လောက်စွမ်းနိုင်မလဲ … Terraing က ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်နဲ့ဆိုရင် တစ်နာရီ မိုင်၆၀ နှုန်းအတွက် အချိန် ၉.၁ စက္ကန့်ထိအောင် ယူမှာဖြစ်ပေမယ့် V6 အင်ဂျင်တပ် မော်ဒယ်ဆိုရင်တော့ ၇ စက္ကန့်ပဲ ကြာမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းတော့ သိသိသာသာ ကွဲပြားတာ တွေ့ရပါတယ်။ မော်ဒယ်တွေကတော့ ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံယက်စနစ်နဲ့လည်း တွေ့ရပြီး Transmission ပိုင်းမှာတော့ Auto စနစ်နဲ့ပဲ ထုတ်လုပ်ထားတာတွေ့နိုင်ပြီး ဂီယာချက် ၆ ချက်ကိုပဲ သုံးနိုင်မယ့်အနေအထားပါ။ ဒီတစ်ချက်ကတော့ ပြည်တွင်းအနေအထားအတွက် ဒီလောက်စကားမပြောပေမယ့် ပုံမှန်ဆိုရင်တော့ ၇ ချက်လောက် ဖြစ်သင့် ပါတယ်။ Sorento မော်ဒယ်က လေးဘီးယက်စနစ်နဲ့ ဖန်တီးထားပြီးတော့ စွမ်းဆောင်ရည်အပိုင်းမှာက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၉.၃စက္ကန့် ယူမယ်ဆိုတဲ့ အနေအထားက နည်းနည်းတော့များနေတာ ဖြစ်ပေမယ့် မော်ဒယ်ကို ရုန်းကန်နိုင်မှု ကောင်းမွန်အောင်ပဲ ဖန်တီးထားတာဖြစ်လို့ အခုလို အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ အားနည်းသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းထိအောင် ရဖို့အတွက်ကတော့ အချိန် ၂၈.၆စက္ကန့်ပဲ ပေးရမှာ ဖြစ်လို့ ဒီအပိုင်းမှာတော့ တခြား မော်ဒယ်တွေထက် မြန်နေသေးတာပါ။ ဒါလေးတွေလဲ မှတ်ထားသင့်တယ်လေ …. Terrainရဲ့ ဆီစားနှုန်း အပိုင်းမှာက မြို့တွင်းမှာ ဆိုရင် ၂၂မိုင်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင် ၃၂မိုင်ထိအောင် ရမှာ ဖြစ်ပြီး ပျမ်းမျှကတော့ ၂၆မိုင်လောက်ထိအောင် ရမှာပါ။ V6မော်ဒယ်တွေကတော့ Cityကို ၁၇မိုင်နဲ့ Highwayကို ၂၄မိုင်လောက်ပဲ ရပါလိမ့်မယ်။ နောက်ပြီး ဘရိတ်ပိုင်းမှာက ပုံမှန်အင်ဂျင်တပ် မော်ဒယ်တွေက တစ်နာရီ မိုင်၆၀နှုန်းကနေ ရပ်မယ် ဆိုရင် ၁၁၉ပေမှာ ရပ်မှာ ဖြစ်လို့ ပုံမှန်ထက် နည်းနည်း ပိုကောင်းလာတာ ဖြစ်ပြီး V6ကတော့ ၁၂၃ပေထိအောင် သွားမှာဖြစ်လို့ အားနည်းချင်နေတာ ဖြစ်ပါတယ်။ Satellite Radioလို တပ်ဆင်မှုတွေကအစ နောက်ဆုံး ဂြိုလ်တု အခြေပြု မြေပုံစနစ်တွေလည်း ပါချင်ပေမယ့် အချက်အလက်ပြစနစ်ကတော့ ကိုယ့်လက်ထဲရောက်ရင် ပြန်ပြီး ပြင်ဆင် အဆင့်မြှင့်ဖို့ လိုအပ်မယ် ထင်ပါတယ်။ Sorentoကတော့ ဆီတစ်ဂါလံကို ၃၄.၆မိုင်လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ Terrainထက် ဆီစား သက်သာကောင်းမွန်တာ တွေ့ရပြီးတော့ ခုနစ်ယောက်စီး မော်ဒယ်အနေနဲ့လည်း စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာပိုင်း တပ်ဆင်ထည့်သွင်းထားရှိမှု အပိုင်းမှာလည်း တန်ကြေးသင့် မော်ဒယ် အနေနဲ့ တွက်မယ် ဆိုရင် မဆိုးလှတဲ့ အနေအထားဖြစ်ပါတယ်။ အသက်ကယ် စနစ် အပိုင်းမှာပဲ Terrainက နည်းနည်း သာ ချင်မှာပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့အတွက် အခု မော်ဒယ် နှစ်ခုကို လေ့လာကြည့်မိသလောက် အဖြေ တစ်ခုခု ထုတ်လို့ ရပြီလို့ ပြောနိုင်ပါတယ်နော်။ Sorentoကတော့ ဈေးလည်း ချိုမယ်၊ ဒီဇိုင်းလည်း လှမယ်၊ အသုံးပြုနိုင်မယ့် စနစ်တွေလည်း သင့်မယ်၊ နောက်ပြီး ဆီစားလည်း သက်သာမယ်၊ ကျွန်တော် မျက်စိထဲမှာတော့ Sorentoကို ပိုပြီး အကြိုက်တွေ့နေမိတာ ဖြစ်ပေမယ့် Terrainကလည်း အသက်ကယ် စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းမှာ အားကောင်းတယ်၊ ဇိမ်ခံ မော်ဒယ် အနေနဲ့ စီးနင်းနိုင်တယ်၊ Gradeရွေးချယ်နိုင်စရာ များပြီးတော့ V6အင်ဂျင်မျိုးတွေပါ ရနိုင်တယ်၊ ဒါဆို ကျွန်တော်တို့ စဉ်းစားစရာ တစ်ချက်ပဲ ရှိတော့ပါတယ်နော်၊ အဲဒါ ကတော့ ကိုယ့်အနေနဲ့ ငွေဘယ်လောက် သုံးမယ်ဆိုတာပါပဲနော်။ လင်းထက်(IA) |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





















0 comments:
Post a Comment