The Irrawaddy's Blog |
- အဖိနှိပ်ခံ လယ်သမားတွေရဲ့ဘ၀ကို ထင်ဟပ်စေမယ့် ငဘ လာပြီ
- စစ်တွေတက္ကသိုလ် ကျောင်းကားခ လျှော့ချပေးရန် ကျောင်းသားများ အစိုးရအဖွဲ့ရုံးသို့ ချီတက်တောင်းဆို
- Superminiတွေထဲမှာဆွဲဆောင်မှု အကောင်းဆုံး VW Polo
- သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ။ ဘယ်လိုကာကွယ်မလဲ။
| အဖိနှိပ်ခံ လယ်သမားတွေရဲ့ဘ၀ကို ထင်ဟပ်စေမယ့် ငဘ လာပြီ Posted: 23 Jul 2015 11:17 PM PDT အမျိုးသားစာပေဆုရ စာရေးဆရာ မောင်ထင်ရဲ့ "ငဘ" အမည်ရှိ ဖက်ဆစ်ဂျပန်ခေတ်က အဖိနှိပ်ခံ လယ်သမားတွေအကြောင်း သရုပ်ဆောင်ထားတဲ့ ၀တ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းပြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးနဲ့ အနုပညာအကြံပေး ဒါရိုက်တာ မျိုးထူးတို့က ဇူလိုင်၂၂ ရက်မှာ စတင် ရိုက်ကူး နေတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ ငဘ အဖြစ် ကျော်သူက ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး တခြားအနုပညာရှင်များအနေနဲ့ ကျော်ရဲအောင်၊ မင်းဦး၊ မိုးယံဇွန်၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ ဇော်ဦး၊ ဗေလုဝနဲ့ ခင်လှိုင်တို့က ပါဝင်ကြမှာပါ။ ဒီဇာတ်ကားမှာ ငဘ အဖြစ် ကျော်သူ၊ ငဘရဲ့မိန်းမ မိဖော့အဖြစ် စိုးမြတ်သူဇာ၊ သမီးမိနီအဖြစ် အေးမြတ်သူ၊ ဂျပန်အလိုတော်ကြီးအဖြစ် ကျော်ရဲအောင်၊ တော်လှန်ရေးခေါင်းဆောင်သခင်မျိုးညွန့်နေရာမှာ မင်းဦးနဲ့ တော်လှန်ရေးခေါင်းဆောင် မိုးကြယ်အဖြစ် မိုးယံဇွန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇူလိုင်၂၃ ရက်နေ့မှာတော့ ငဘကို ဓားပြမှုဖြင့် ဂျပန်အလိုတော်ကြီးက တရားစွဲပြီး ထောင်ထဲ ထည့်ထားတဲ့ အခန်းကို ရွှေတောင်ကြားရှိ ရုပ်ရှင်မြှင့်တင့်ရေးရုံးဝန်းတွင်းမှာ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ရိုက်ကူးနေတဲ့ဇာတ်ဝင်ခန်းကတော့ ငဘကို ထောင်ထဲမှာထည့်ထားတုန်း ဇနီးဖြစ်သူ မိဖော့(စိုးမြတ်သူဇာ)နဲ့ သမီးဖြစ်သူ မိနီ(အေးမြတ်သူ)တို့က လာရောက်တွေ့ဆုံတဲ့ အခန်းပဲ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်ခေတ်ရဲ့ အဖိနှိပ်ခံ လယ်သမားဘ၀ ၊ မတရားဖမ်းဆီးပြီး ထောင်ချခံရတဲ့ ငဘရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်နေတဲ့ ဒါရိုက်တာ ခင်စောမျိုးနဲ့ အဓိက ပါဝင်သရုပ်ဆောင်ကြတဲ့ ကျော်သူနဲ့ စိုးမြတ်သူဇာတို့ကို ဧရာဝတီကမေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။
ဒါရိုက်တာ ခင်စောမျိုး ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာက ကျနော်တို့ငယ်ငယ်တုန်းက ဆယ်တန်းကျောင်းသားဘ၀မှာ ငဘ ကို စကားပြေအဖြစ်နဲ့ သင်ရိုးတန်းမှာ သင်ခဲ့ရတာလေ။ ဆယ်တန်းအောင်တော့ ဒါရိုက်တာဖြစ်လာပြီးတဲ့အခါ ဒီဇာတ်ကားကို ရုပ်ရှင်ရိုက်ကူးချင်ခဲ့တယ်။ ဒီဇာတ်လမ်းရိုက်ကူးနိုင်ဖို့အတွက် ဆင်ဆာကို ဇာတ်လမ်းကို သုံးကြိမ်တိတိတင်ခဲ့ရပါတယ်။ မကျခဲ့ဘူး။ အခု လေးကြိမ်မြောက်မှာ ရိုက်ကူးဖို့ကျခဲ့တာပါ။ နောက်ပြီး ငဘ ဇာတ်လမ်းကို နောက်ပိုင်းက လူငယ်တွေ မသိကြတော့ဘူးလေ။ အဲဒီလူတွေအတွက် အဓိက ရိုက်ကူး ခဲ့တာပါ။ အရင်ခေတ်က လယ်သမားတွေအကြောင်းကို မသိကြဘူးလေ။ ဒီခေတ်က လယ်သမား အကြောင်းကိုပဲ သိကြတယ်။ အခုခေတ်ကလည်း အသက်လေးဆယ်ကျော်၊ လေးဆယ့်ငါးအထိက ငဘကို မသိကြပါဘူး။ ငဘ က ဆရာကြီးမောင်ထင်ရေးခဲ့တယ်။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်က ပါးပါးလေးပါပဲ၊ ဒါပေမယ့်ပြန်ရိုက်တဲ့အခါမှာ အကြောင်းအရာတွေက အများကြီးပဲလေ။ သူ့အတိုင်းတောင် အတိအကျ လိုက်မရိုက်နိုင်ဘူး။ လိုက်ရိုက်မယ်ဆိုရင် တော်တော်ကြာသွားမယ်။ မူရင်းအတိုင်း အရသာ မပျက်သွားအောင်လည်း ကြိုးစားရိုက်ကူးထားပြီး ဆရာကြီးရေးတုန်းကတော့ ရီစရာသိပ်မပါပေမယ့် ကိုယ်ကတော့ရီစရာလေးတော့ ထည့်ပေးရတာပေါ့။ အခုခေတ်ကလည်း ရီစရာလေး နည်းနည်းပါမှ သဘောကျကြတာလေ။ ငိုနေလို့လည်း မဖြစ်ဘူး။တောကားကြီးလို့လည်း ပြောကြလိမ့်မယ်။ ခင်လှိုင်တို့၊ ဗေလုဝ တို့ ထည့်ထားရတာပေါ့။ ကိုကျော်သူနဲ့ ရိုက်ဖြစ်တာကလည်း သူနဲ့က ညီအကိုလိုပဲလေ။ သူနဲ့ ဆိတ်ဖွားပြန်ရိုက်ဖြစ်တာကလည်း သူက မင်းရိုက်မယ်ဆိုရင် ငါပြန်ရိုက်ပေးမယ် ပြောလို့ ရိုက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဆိတ်ဖွားပြီးရင် တမျိုးတမည်ဖြစ်အောင် ငဘ ရိုက်ရအောင်လို့ ပြောတော့ သူကလည်း ရိုက်မယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်သလဲ၊ ကိုလိုနီခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဂျပန်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီမိုကရေစီခေတ်မှာရော လယ်သမားတွေ ဘယ်လိုထပ်ဖြစ်ဦးမလဲဆိုတာ ကိုယ့်ဘာသာ စောင့်ကြည့် ကြပါလို့။
ကျော်သူ ဒီဇာတ်ကားမှာပါဝင်တဲ့အခါ ပြင်ဆင်ခဲ့တဲ့အပိုင်းကတော့ အထောက်အကူဖြစ်မယ့် ပစ္စည်းတွေကို ကျနော်စုရတာပေါ့။ ငဘတို့ခေတ်က လယ်သမားကိုင်တဲ့ တံစဉ်းတို့ တကယ့်ရှေးဟောင်းပစ္စည်းတွေလည်း ကျနော်ရထားတယ်လေ။ အဲဒီပစ္စညိးတွေက နှစ်ပေါင်း ၁၈၀ လောက်ရှိပြီလေ။ နောက်နှစ်ပေါင်း ၈၀ က တံစဉ်းတွေပေါ့။ အဲဒါတွေကလည်း ကျနော် နယ်တွေဘက်က လူတွေကိုပဲ အကူအညီတောင်းပြီး ရှာထား ရတာပါ။ ၀တ်စားဆင်ယင်မှုအပိုင်းကလည်း ဒီလိုဖြစ်အောင် ပြန်ပြီး ဖန်တီးယူရတာပဲလေ။ ငဘ ဇာတ်က အဖိနှိပ်ခံ လူတန်းစားကို သရုပ်ဆောင်ရတဲ့အတွက် ကိုယ့်ရဲ့စိတ်ကိုလည်း လျော့ထားရတာပေါ့။ ကိုလိုနီခေတ်က လယ်သမားတွေကလည်း ဖိနှိပ်ခံရတယ်၊ ဖက်ဆစ်ခေတ်က လယ်သမားတွေလည်း ဖိနှိပ်ခံရတယ်။ ဆိုရှယ်လစ်ခေတ်လယ်သမားသည်လည်း ထိုနည်းလည်းကောင်းပဲ။ အခု ဒီမိုကရေစီလယ်သမားတွေလည်း အခုလယ်တွေအသိမ်းခံရတယ်။ လယ်သမားလူတန်းစားကတော့ အဖိနှိပ်ခံ လူတန်းစားလို ဖြစ်နေတယ်။ ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင် ငါတို့ ဘယ်လို ပြင်ဆင်သင့်မလဲ၊ဘာတွေကောင်းအောင် ပြုပြင်ပြောင်းလဲသင့်လဲဆိုတာကို သိမှာပါ။ ဒီဇာတ်ကား ရိုက်ကူးဖြစ်တာနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် လူဆိုတာ ကျေးဇူးတရားကို သိတတ်ရမယ်။ ကျေးဇူးရှင်ကို သူ့နေရာနဲ့သူ ပေးတတ်ရမယ်။ ကျနော်တို့က ထမင်းစားနေရတာဆိုတော့ မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင်က ဆန်စပါးရအောင်လုပ်ပေးတဲ့ လယ်သမားတွေပဲလေ။ လယ်သမားတွေက ဖိနှိပ်ခံရတယ်၊ ညဉ်းဆဲခံရတယ် ဒါမျိုးတွေ မဖြစ်ဖို့ ၊ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့ ပြည်သူလူထုရော၊ နိုင်ငံအုပ်ချုပ်တဲ့သူတွေရော သိသွားဖို့ဆိုတဲ့ အသိလေး ရသွားဖို့ ကျနော် ဒီဇာတ်လေး ရိုက်ဖြစ်တာပါ။ ပရိသတ်ကို နောက်ပြီး ငဘဟာ ဘယ်လိုလူမျိုးဖြစ်သလဲ၊ ငဘဟာ ဘာကိုပြချင်တာကိုလည်းဆိုတာ မြင်အောင်ကြည့်စေချင်ပါတယ်။ ကျနော့်ဇာတ်ကားတွေဆိုရင်လည်း ပြည်သူလူထုကို အကျိုးပြုမယ့်ဇာတ်မျိုး၊ ပရဟိတကို အကျိုးပြုမယ့် ဇာတ်မျိုး၊ မိဘမေတ္တာကို သရုပ်ဖော်မယ့် ဇာတ်မျိုး၊ နောက်ပြီး အယူသည်းတာကို တိုက်ဖျက်မယ့် ဇာတ်မျိုး ဒါမျိုး ဇာတ်တွေကိုပဲ ကျနော်ရိုက်ကူးမယ်လို့ စိတ်ကူးပါတယ်။ ကျန်တဲ့ဖျော်ဖြေရေးအနေနဲ့ကို ခေါင်းထဲမှာ မရှိသေးပါဘူး။
စိုးမြတ်သူဇာ မကြီးက ဒီကားမှာ ငဘရဲ့ မိန်းမ မယ်ဖော့အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်။ တောင်ယာအလုပ်လုပ်တဲ့ တောင်သူလယ်သမားမိသားစုအကြောင်းပေါ့။ ဒီအချိန်မှာတော့ ဒီလိုဇာတ်ကားမျိုး ရိုက်ကူးဖို့ဆိုတာက သိပ်တော့မလွယ်လှဘူးပေါ့။ ဘယ်သူမှလည်း ရိုက်လေ့ရိုက်ထ မရှိတော့ပါဘူး။ ဟာသတွေနဲ့ ခေတ်ပေါ် ဇာတ်လမ်းတွေပဲ ရိုက်နေကြတဲ့ အချိန်မှာ ဒီလိုကားမျိုး ရိုက်လာတဲ့အခါ မကြီးတို့သရုပ်ဆောင်တွေအနေနဲ့ ပုံစံပြောင်းလည်းတမျိုး တဘာသာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် အထူးအခွင့်အရေးလို့ ပြောလို့ရပါတယ်။ ဒီလိုကားမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် မကြီးကလည်း ကျေနပ်ပါတယ်။ အ၀တ်အစားပြင်ဆင်ရတဲ့အခါ လှလှပပ အ၀တ်အစားအတွက်က အလွယ်တကူ ၀ယ်ဝတ်လိုက်လို့ ရပေမယ့် ဒီလို စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားကျတော့ ခက်တယ်လေ။ ဒီဇာတ်ကားက မကြီးဇာတ်လမ်းမဟုတ်ပေမယ့်လည်း ငဘကို မကြီးတို့က ၀ိုင်းဝန်းပံ့ပိုးပေးတဲ့ဇာတ်ပါ။ အဲလိုပံ့ပိုးပေးပြီး ပါဝင်ရတာကိုပဲ ကျေနပ်လှပါပြီ၊ ဇာတ်ကားတွေက များသော်ငြားလည်း ဒီလိုပရိသတ်ရင်ထဲ ထိထိရောက်ရောက်ဖြစ်မယ့် ကားမျိုးက ရှားတာကိုး။ ကိုမောင်(ကျော်သူ)နဲ့ကလည်း အခု သူသရုပ်ဆောင်ပြန်လုပ်တဲ့အခါ ပထမဆုံးပြန်တွေ့တဲ့ကားလေးပေါ့။ သူနဲ့ကလည်းဟိုးအရင်ထဲက အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့ကြဖူးတဲ့သူတွေပါ။ မကြီးကို ဒီဝတ္ထုကို မဖတ်ဘဲ ရိုက်ခဲ့တဲ့အတွက် ပြောကြတဲ့အပေါ်ကို ဘယ်လိုပြောပြချင်လဲဆိုရင် ၀တ္ထုမဖတ်ဘဲရိုက်တယ်ဆိုရင် မကြီးမေးချင်တာက ၀တ္တုကို ဘယ်နှစ်ယောက်ကို ပေးလို့လဲ။ ဘယ်သူက ဖတ်ရလို့လဲ။ ကိုမောင်ကတော့ ဖတ်ကောင်းဖတ်ရလိမ့်မယ်။ ကိုမောင်ကတော့ ဖတ်သင့်တယ်လေ။ ၀တ္ထုကလည်း အခုချိန်မှာ အရမ်းကို ရှားပါးပါတယ်။ အခုခေတ်မှာ ဒါရိုက်တာတွေကလည်း ပေးတယ်ဆိုတာ ဇာတ်ညွန်းကိုပဲ ပေးကြတာ။ ၀တ္ထုကို ဘယ်သူမှ လာမပေးကြပါဘူး။ ဖတ်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ တကူးတကရှာဖတ်ရတာပေါ့။ဘယ်သူမှတော့ တကူးတက ပေးတယ်ဆိုတာ ထုံးစံမရှိပါဘူး။ မကြီးက ၀တ္ထုဖတ်ထားပေသော်ငြားလည်း ဒီ Sence မှာပါသလောက်ပဲ ရိုက်ကူးခွင့်ရမှာလေ။ ဒီစာအုပ်က ဟိုးအရင်က စာအုပ်ဆိုတော့ ရှားလည်းရှားတယ်လေ။ ဒါကို အပြစ်ပြောလို့တော့ မရဘူးပေါ့။ အခု ရိုက်ကူးတဲ့အခါ မိတ်ကပ်ကို မကြီးက အသားနဲနဲဖြူတော့ အောက်က အညိုရောင် မိတ်ကပ်ကို ခံလိမ်းရပါတယ်။ တခါတလေကျရင် အုန်းမှုတ်ခွံ့လေ အဲဒါကို သံပရာသီးလေးနဲ့သွေးပြီးလိမ်းရတယ်။ ချွေးထွက်လာတော့ မျက်နှာက မဲမဲသည်းသည်းထွက်လာရော၊ အခု ဒီကားလေးရယ်၊ ရက်ရက်စက်စက်မိုး ဆိုတဲ့ကားလေးရယ်ကို မကြီး အားကိုးမိတယ်။ ဒီလိုကားလေးတွေက ရှားတယ်လေ။ ဒီဇာတ်ကားကို ပရိသတ်ကြည့်တဲ့အခါ ကြိုက်မယ့်ကားတကားပါ။ စိတ်လည်း ညစ်ကောင်းညစ်ပါလိမ့်မယ်။ ဒါကြောင့် စိတ်မညစ်ပါနဲ့ ပြီးအောင်တော့ကြည့်ပါ။ ကြိုးတန်းလို့ ဖြစ်မှာဆိုးလို့ပါ။ ငဘဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးမှုများပြီးဆုံးတဲ့အခါ နယ်မြို့တွေဖြစ်တဲ့ ပုဂံနဲ့ ပုပ္ပါးမြို့တွေမှာ သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ယုမွန်ကျော် | ||||||||
| စစ်တွေတက္ကသိုလ် ကျောင်းကားခ လျှော့ချပေးရန် ကျောင်းသားများ အစိုးရအဖွဲ့ရုံးသို့ ချီတက်တောင်းဆို Posted: 23 Jul 2015 09:50 PM PDT
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် မေဂျာပေါင်းစုံမှ နေ့ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားများ အား ပို့ဆောင်ပေးသော ကားဈေးနူန်းခမှာ ပုံမှန်ထက် မြင့်တက်လာတဲ့အတွက် ဇူလိုင်လ ၂၃ ရက်နေ့ က ကားခ လျှော့ချပေးရန် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ခန့်လမ်းလျှောက်ချီတက်လျက် ပြည်နယ်အစိုးရရုံးရှေ့သို့ လာရောက် တောင်းဆိုခဲ့ကြတာပါ။ စစ်တွေတက္ကသိုလ်သို့ ပို့ဆောင်ပေးသော "ရိုးမသဇင်"ကားလိုင်းဟာ အစိုးရအဖွဲ့မှ စက်သုံးဆီ ထုတ်ပေးမှု အဆင်မပြေဘူးလို့ ဆိုကာ ပုံမှန်ကောက်ယူနေကျ ကားခ ၂၀၀ ကျပ် မှ ၃၀၀ ကျပ်သို့ တိုးမြင့် ကောက်ခံလာတဲ့ အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ ကျောင်းသားများက ပြောပါတယ်။ "အဓိကတော့ အစိုးရနဲ့ ဆိုင်တယ်လို့ မြင်တယ်။ သူတို့ဘက်က လုပ်မပေးလို့ ကားသမားတွေ ဈေးတင် တောင်းရတာ။ ကားသမားတွေပြောတာက ဆီမရဘူးလို့ပြောတယ်။ အသွား ၃၀၀ ၊ အပြန် ၃၀၀ ဆိုရင် ကျွန်တော်တို့ ကျောင်းသားတွေ ကျောင်းတက်ရတာ အခက်အခဲ ဖြစ်တယ် " လို့ နောက်ဆုံးနှစ် သတ္တဗေဒ ကျောင်းသား ကိုစောနိုင်လင်းက ပြောပါတယ်။ အရင် ကျောင်းဖွင့် ရာသီအချိန်က ပြည်နယ်အစိုးရအဖွဲ့မှ စက်သုံးဆီ ထုတ်မရသေးဘူးဟု ဆိုကာ ကျောင်းကားခကို ကျပ် ၃၀၀ ကောက်ခံပြီး အဲ့ဒီနောက်ပိုင်းတွင် ကျောင်းသားများက ကားခကို ၂၀၀ ကျပ်သို့ လျော့ချပေးရေးအတွက် ၃ ကြိမ်တိုင်တိုင် ကားသမားကိုယ်စားလှယ် ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနဲ့တွေ့ဆုံခဲ့ကြတာပါ။ အဲ့ဒီနောက် ဇူလိုင်လ ဒုတိယ အပတ်က ထပ်မံ ဆွေးနွေးခဲ့ကြရာ ကားခအသွား ၂၀၀ ကျပ် ၊ အပြန် ၂၀၀ ကျပ်သာ ကောက်ယူမည်ဟု ပြောဆိုခဲ့သော်လည်း ၁၀ ရက်ကျော်ကျော်သာ ၂၀၀ ကျပ်ဖြင့် ကားသမားများ ပို့ဆောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်သို့ တိုးမြှင့် ကောက်ခံ လာခဲ့တဲ့ အတွက် အခုကဲ့သို့ လာရောက် တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ ကျောင်းသားများက ပြောပြပါတယ်။ "ကျွန်တော်တို့ပညာလိုချင်လို့ နယ်က ကျောင်းလာတက်တာ။ အဆောင်ဖိုး ၊ ထမင်းဖိုးတွေရှိတယ်။ အခြား ကုန်ကျစရိတ်တွေလည်း ရှိသေးတယ် ။ ကားခကို ၃၀၀ ကောက်မယ် ၊ ၄၀၀ တောင်းမယ် ဆိုရင် ချိုတဲ့ တဲ့ ကျောင်းသားတွေအတွက် အကျပ်အတည်း ဖြစ်ရတယ်" လို့ ဓါတုဗေဒ (ဒုတိယနှစ်) ကျောင်းသား ကိုဦးအေးလှိုင်က ပြောပါတယ်။ အဲ့ဒီလို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လမ်းလျှောက်ချီတက်တောင်းဆိုလာကြခြင်းကြောင့်၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့ရာ အသွား ၂၀၀ ကျပ်၊ အပြန် ၂၀၀ ကျပ်ဖြင့် ပြေလည်မှုရရှိခဲ့ပြီး ကားသမားများကိုလည်း စက်သုံးဆီ တစ်ဂါလံကို ၂၅၀၀ ကျပ်နှုန်းဖြင့် တစ်နေ့ကို စက်သုံးဆီ ၂ ဂါလံ အစိုးရအဖွဲ့မှ ရောင်ချပေးမည်ဖြစ်ကြောင်း သိရပါတယ်။ "အားလုံးပြေလည်မှု ရရှိသွားပါပြီ ။ ကျွန်တော်တို့ဆီက ဆရာ၊ ဆရာမတွေ ၊ ကျောင်းသားကိုယ်စားလှယ်တွေ၊ ကားသမား ကိုယ်စားလှယ်တွေ ၊ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့တွေဆုံပြီးတော့ သဘောတူ ကြောင်းလက်မှတ်လည်း ကားသမားကိုယ်စားလှယ်တွေက ရေးထိုးခဲ့ပါတယ် " လို့ စစ်တွေတက္ကသိုလ် စီမံဌာနမှ(ဌာနခွဲမှုး) ဦးအေးသိန်းက ဧရာဝတီကို ပြောပါတယ်။ စစ်တွေတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၉၀၀ ခန့် ပညာသင်ကြားလျက်ရှိပါတယ်။ မင်းအောင်ခိုင် | ||||||||
| Superminiတွေထဲမှာဆွဲဆောင်မှု အကောင်းဆုံး VW Polo Posted: 23 Jul 2015 03:37 AM PDT အခုတစ်ပတ်တော့ ကျွန်တော်တို့ အိမ်စီးအသေးစား မော်ဒယ်လေးတစ်ခုကို ကြည့်ရအောင်ပါဗျာ။ သေချာတာကတော့ အခုစာကို ဖတ်ပြီးရင် ဖတ်မိသူတိုင်း Polo ကို ကြိုက်ကြမယ်ဆိုတာပါပဲ။ ဒါပေမယ့် နောက်ထပ် သေချာတာတစ်ခုကတော့ ၀ယ်ဖို့ကိုတော့ နည်းနည်း တွေဝေမယ် ထင်ပါရဲ့ဗျာ။ ဟုတ်ပါပြီ၊ နှစ်သက်မယ်လည်းဆိုသေးရဲ့ ကြိုက်မှတော့ ၀ယ်မပေါ့၊ ချက်ချင်း မ၀ယ်သေးပဲ တွေဝေဦးမယ် ဆိုတော့ ဘာကြောင့်ပါလဲ၊ ဒီတော့ ကျွန်တော်ကတစ်ချက်ချင်းပြောပါ့မယ်နော်၊ နှစ်သက်ကြလိမ့်မယ် ဆိုတာက Polo အနေနဲ့ စိတ်ကြိုက်အနေအထား ဖြစ်လို့ပါပဲ၊ ဒါပေမယ့် တွေဝေဦးမယ် ဆိုတာကတော့ မော်ဒယ်ရဲ့ အပိုပစ္စည်းလိုအပိုင်းတွေအတွက်နဲ့ နောက်တစ်ချက်က ဈေးနှုန်းဆိုတဲ့ အချက်တွေကြောင့်ပါ။ မော်ဒယ်ကအခု ပြည်တွင်းဈေးကွက်ထဲမှာကိုပဲ အရောင်ရွေးချယ်နိုင်မှု တော်တော်များများနဲ့ ၀င်ရောက်နေတာ ဖြစ်သလို အဖြူ၊ အနက်နဲ့ ငွေရောင်တွေအဖြစ်နဲ့ပါ၊ ရနိုင်နေတာပါ။ ဒါပေမယ့် သိတဲ့အတိုင်းပါပဲ၊ ပြည်တွင်းမှာက အရောင်အစွဲနည်းနည်းရှိနေတော့ အရောင်အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းနည်းနည်းလောက် ကွဲပြားတာ တွေ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဖြူနဲ့ အနက်တွေကတော့ ဈေးပိုမြင့်ပါတယ်။ လက်ရှိ အရည်အသွေး ပိုင်းအရရော ကောင်းကောင်းစိတ်ချရတဲ့ Polo အနေနဲ့ မော်ဒယ်နှစ် ၂၀၁၁ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေပဲ ဈေးကွက်မှာအများစုတွေ့နေရတာဖြစ်ပြီးတော့ တစ်ခုထူးခြားတာက မောင်းနှင်ပြီး ကီလိုအနေအထားက ၃သောင်း ၀န်းကျင်လောက်ပဲ ရှိတတ်ပေမယ့် အဆိုပါ ကီလိုအနည်းအများအပေါ်မှာ ဈေးစကား ဒီလောက် မပြောတာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ မော်ဒယ်ကအရောင်အပေါ်မှာ ဈေးစကားပြောနေတာတွေ့နိုင်ပြီး ကီလိုကတော့ တချို့မော်ဒယ် ဆိုရင် သုံးသောင်းကျော်နေတတ်သလို သောင်းဂဏန်းဝန်းကျင်လောက် မော်ဒယ်တွေလဲ ရှိနေတာပါ။ ပြည်တွင်းအနေအထားမှာတော့ ဈေးကွက်မှာ လူကြိုက်များနေတဲ့ Mazda Demio, Toyota Passoနဲ့ Suzuki Swift တွေထက် အရည်အသွေးလည်းကောင်းသလို ရုပ်ထွက်ပိုင်းမှာလည်း တည်ငြိမ်ပြီး ဆွဲဆောင်မှု ကောင်းတာ တွေ့နိုင်ပါတယ်။ အင်ဂျင်ပိုင်းမှာ ၁.၃ လီတာသုံးနဲ့လည်း လာသလို ၁.၄လီတာသုံး အနေနဲ့လည်း ရနိုင်တာတွေ့နိုင်ပြီး ဆီစားကတော့ သိပ်မကွာလှပါဘူး။ Auto စနစ်နဲ့လည်း ရနိုင်သလို Manual စနစ်နဲ့လည်း လာတာပါ။ ဒါပေမယ့် Manual နဲ့ မော်ဒယ်တွေကတော့ လူကြိုက်နည်းချင်တာကြောင့် ဈေးချိုချိုနဲ့ ရနိုင်မယ့် အနေအထားဖြစ်ပြီး ခရီးဝေးသွားလာတတ်တယ် ဆိုတဲ့ တစ်ချက်ကလွဲရင် Manual မော်ဒယ်လည်း မဆိုးပါဘူးနော်။ ဈေးနှုန်းအနေနဲ့ကတော့ အနိမ့်ဆုံး လူ ကြိုက်နည်းတဲ့ အရောင်နဲ့ ကီလိုအနေအထားအရ သိန်း ၁၇၀ လောက်ကနေ အများဆုံး ၁၉၀ ကျော် လောက်ထိအောင်ခေါ်ပေမယ့် ကျွန်တော်ကတော့ အနိမ့်ဆုံးသိန်း ၁၆၀ ကျော်လောက်နဲ့ အမြင့်ဆုံး ၁၈၀ ၀န်းကျင်လောက်ဆိုရင် မှားမယ် မထင်မိပါဘူးနော်။ လင်းထက်(IA) | ||||||||
| သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ။ ဘယ်လိုကာကွယ်မလဲ။ Posted: 23 Jul 2015 02:02 AM PDT
သွေးလွန်တုပ်ကွေးကို အရိုးကွဲဖျား (breakbone fever) လို့လည်း လူသိများပြီး ၎င်းဟာ သွေးလွန် တုပ်ကွေး ရောဂါပိုး (dengue virus)ကြောင့် ဖြစ်ပွားတဲ့ ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါတစ် မျိုးဖြစ်ပါတယ်။ ပုံမှန်ရောဂါလက္ခဏာကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားမှာ အနီစက်များ ထွက်ခြင်း၊ ကြွက်သားနဲ့ အဆစ်များ နာကျင်ခြင်းတို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ် အေဂျစ်ပ္ပတီ ခြင်မှတဆင့် ကူးစက်လေ့ရှိပြီး အေးဒီးစ် အာဘိုပစ်တပ် ခြင် မှလည်း ရှားရှားပါးပါး ကူးစက်တတ်ပါတယ်။ ခြင်များ ပေါက်ပွားရာနေရာနဲ့ ခြင်ကောင် အရေအတွက်ကိုနည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေခြင်းဖြင့်လည်းကောင်း ရောဂါ ဖြစ်ပွားမှုကို လျှော့ချ နိုင်သည်။ မပြင်းထန်သော ရောဂါ သို့မဟုတ် သာမန်အဆင့် ရောဂါများအတွက် သောက်ဆေးပေးခြင်း သို့မဟုတ် သွေးပြန်ကြောတွင်းမှတဆင့် ရေဓာတ်ပြန်လည်သွင်းခြင်း၊ ပိုမိုပြင်းထန်သော ရောဂါများအတွက် အကြောဆေး ထိုးခြင်း ဒါမှမဟုတ် သွေးသွင်းခြင်းတို့ ပြုလုပ်ခြင်းဟာ ရောဂါကုသမှုကို အထောက်အကူ ဖြစ်စေပါတယ်။ ရောဂါလက္ခဏာများ သွေးလွန်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူများဟာ အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ (သို့မဟုတ်) ရိုးရိုးဖျားခြင်းကဲ့သို့ သာမန် ရောဂါလက္ခဏာသာ ရှိပါတယ်။ သို့ပေမယ့် တချို့သော သူတွေမှာတော့ ပိုမိုပြင်းထန်သော ဖျားနာမှုမျိုးရှိပြီး အနည်းစုမှာ အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ ရောဂါပျိုးသည့်ကာလ(ရောဂါဖြစ်သည်မှ စ၍ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်)သည် ၃ ရက်မှ ၁၄ ရက်အထိ ကြာပါတယ်။ အများအားဖြင့် ၄ ရက်မှ ၇ ရက်ကြာတတ်ပါတယ်။ ဆိုလိုသည်မှာ ရောဂါဖြစ်ပွားလေ့ရှိတဲ့ ဒေသများသို့ ခရီးသွားခဲ့သူဟာ အိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း အဖျားနှင့် အခြားရောဂါလက္ခဏာများ ပေါ်ပေါက်ခြင်းမရှိပါက သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရခြင်းမရှိဘူးလို့ ယူဆလို့ရပါတယ်။ ဆေးကုသမှု အစီအစဉ် သွေးလွန်တုပ်ကွေးရဲ့ ထူးခြားတဲ့ လက္ခဏာများမှာ ရုတ်တရက် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း (ပုံမှန်အားဖြင့် မျက်ရိုးကိုက်ခြင်း)၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ အနီဖုများ ထွက်ခြင်းတို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ အခြားအမည်ဖြစ်တဲ့ "အရိုးကွဲဖျား" ဟူသော အမည်ဟာ ကြွက်သားနှင့် အဆစ်များ နာကျင်မှုတို့ ကြောင့် ဆက်စပ် ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုကို သုံးပိုင်း ခွဲခြားထားပါတယ်။ ၎င်းတို့မှာ ဖျားနာသည့်ကာလ၊ အရေးကြီးကာလ၊ နာလန်ထကာလတို့ပါ။ ဖျားနာချိန်တွင် အဖျားကြီးပြီး မကြာခဏဆိုသလို အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ရှိတတ်ပြီး ယေဘုယျ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းဟာလည်း တွဲ၍ ပါလာတတ်ပါတယ်။ အဲ့ဒီအခြေအနေဟာ၂ ရက်မှ ၇ ရက်ထိ ကြာတတ်တာပါ။ ပါးစပ်နှင့်နှာခေါင်းက ချွဲသလိပ်ထွက်သော အမြှေးများမှ သွေးအနည်းငယ် ထွက်ခြင်းကြောင့် အရေပြားနီလာခြင်း၊ ဆံခြည်မျှင်သွေးကြောလေးများ ပေါက်ကွဲသဖြင့် သွေးခြေဥ လို့ခေါ်တဲ့ အနီစက်ကလေးများ ပေါ်ပေါက်ခြင်းတို့ဟာ အဲ့ဒီကာလတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အရေးကြီးကာလ ရောက်ရှိလာပါက အဖျားကြီးခြင်းဟာ ပုံမှန်အားဖြင့် တရက်မှ နှစ်ရက်ထိ ကြာတတ်ပါတယ်။ အဲ့ဒီကာလမှာ ဆံခြည်မျှင်သွေးကြောများမှ သွေးများ ယိုစိမ့်ထွက်မှုများ ပျံ့နှံ့လာတာကြောင့် ရင်ဘတ်နဲ့ ဝမ်းခေါင်းတွင် အရည်များ သိသာစွာ စုပုံလာနိုင်ပါတယ်။ ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးများ လျော့ပါးသွားပြီး အဓိကကျသော ကိုယ်တွင်း အစိတ်အပိုင်းများဆီသို့ သွေးရောက်ရှိမှု လျော့နည်းသွားတာပါ။ အဲ့ဒီအခါမှာ ကိုယ်တွင်း အစိတ်အပိုင်းများ လုပ်ဆောင်မှု ပျက်ပြားကာ (ပုံမှန်အားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ) အလွန်အမင်း သွေးထွက်ခြင်း ဖြစ်ပေါ်နိုင်လာပါတယ်။ ယိုစိမ့်သွားသောသွေးများကို သွေးလှည့်ပတ်မှုလမ်းကြောင်းအတွင်း ပြန်ရောက်ရန်ပို့ဆောင်ခြင်းဟာ နာလန်ထကာလဖြစ်ပါတယ်။ အဲ့ဒီကာလဟာ နှစ်ရက်မှသုံးရက်ကျော်ဖြစ်လေ့ရှိတာပါ။ ရောဂါသက်သာမှု သိသာလာပါတယ်။ ဒါပေမယ့် ပြင်းထန်စွာ ယားယံခြင်းနဲ့ နှလုံးခုန် နှေးခြင်းတို့ ရှိတတ်ပါတယ်။ အဲ့ဒီကာလမှာ သွေးများ ခန္ဓာကိုယ်တွင် အဆမတန် များပြားလာတတ်ပြီး အကယ်လို့ ဦးနှောက်ကို သက်ရောက်မှုရှိပါက သတိ ထိန်းချုပ်မှုစွမ်းအား လျော့နည်းစေခြင်း ဒါမှဟုတ် တက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကူးစက်ခြင်း သွေးလွန်တုပ်ကွေး ရောဂါပိုးဟာ အခြေခံအားဖြင့် အေးဒီးစ် ခေါ် ခြင်ကျားများ၊ အထူးသဖြင့် အေအေဂျစ်ပ္ပတီမှ ကူးစက်တတ်တာပါ။ အဲ့ဒီ ခြင်များဟာ ပုံမှန်အားဖြင့် မြောက်လတ္တီတွဒ် ၃၅ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၅ ဒီဂရီ၊ ပင်လယ်ရေမျက်နှာပြင်အောက် ၁၀ဝ၀ မီတာ (၃၃၀ဝ ပေ)တွင် နေထိုင်ပါတယ်။ ၎င်းတို့ဟာ အများအားဖြင့် နေ့ပိုင်းမှာ ကိုက်တတ်ပါတယ် ။အခြားသော ခြင်မျိုးစိတ်များဖြစ်သော အေအာဘိုပစ်တပ်၊ အေပိုလီနီးဆီးယန်စစ်နှင့် အမျိုးမျိုးသော အေစကူတဲလာရစ် ခြင်များသည်လည်း သွေးလွန်တုပ်ကွေး ရောဂါပိုးကို ကူးစက်ပြန့်ပွားစေတာပါ။ လူဟာ မူလအခြေခံ ရောဂါပိုး လက်ခံသူ ဖြစ်သော်လည်း လူမဟုတ်သော လူဝံ၊ မျောက် အစရှိသည့် အဆင့်မြင့် နို့တိုက်သတ္ထဝါများတွင်လည်း သယ်ဆောင်ပျံ့နှံ့နိုင်ပါတယ် ။ကူးစက်မှုကို ခြင်တချက် အကိုက်ခံရခြင်းဖြင့် ရရှိနိုင်တာပါ။ ရောဂါဖြစ်ပွားနေသော သူရဲ့ သွေးကို ရရှိထားသော ခြင်ဟာ ၎င်းကိုယ်တိုင် ကူးစက်မှု ခံရလျှက် ၎င်းရဲ့ အူဆဲလ်ထဲတွင် ရောဂါပိုးများ အစီအရီ ရှိနေပါတယ်။ ၈ ရက်မှ ၁၀ ရက်ကြာပြီးနောက် ရောဂါပိုးဟာ ၎င်းခြင်ရဲ့ တံတွေးဂလင်းများ အပါအဝင် အခြားသော တစ်ရှူးများသို့ပျံ့နှံ့သွားပါတော့တယ်။ နောက်ပိုင်း၌ တံတွေးတွင်း ရောက်ရှိသွားပါတယ်။ ရောဂါပိုးဟာ ခြင်ကို အန္တရာယ်မဖြစ်စေဘဲ အဲ့ဒီ ခြင်မှာသာ ဖြစ်တည်ရှိနေတာပါ။ အေအေဂျစ်ပ္ပတီ ခြင်ဟာ သူ့ရဲ့ ဥများကို လူတို့လုပ်ထားသော ရေထည့်ရာ ပစ္စည်းများတွင် ဥလေ့ရှိပြီး လူနှင့် နီးနီးကပ်ကပ်နေကာ အခြားသော ကျောရိုးရှိ သတ္တဝါများထက် လူထံမှ အာဟာရ ရယူရန် ပိုမိုနှစ်သက်တတ်ပါတယ်။ ဒါ့ထက် သွေးလွန်တုပ်ကွေးကို ကူးစက်ခံနေရသော သွေးကို သွင်းမိခြင်းနှင့် ကိုယ်တွင်း အစိတ်အပိုင်းများ လှူဒါန်းခြင်းမျာမှတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ရောဂါဖြစ်ပွားလေ့ရှိတဲ့ စင်ကာာပူကဲ့သို့သော နိုင်ငံများတွင် သွေးသွင်းမှု ၁၀ဝ၀ဝ တွင် ၁.၆ မှ ၆ ခါ ရောဂါကူးစက်မှု အန္တရာယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ တိုက်ရိုက်ကူးစက်ခြင်း (မိခင်မှ ကလေးသို့ ကူးစက်ခြင်း)မှာ ပဋိသန္ဓေကာလ သို့မဟုတ် မီးဖွားစဉ်ကာတို့မှာ ဖြစ်ပွားကြောင်း လေ့လာတွေ့ ရှိရပါတယ်။အခြား လူမှလူသို့ ကူးစက်ပျံ့နှံ့ခြင်းများလည်းရှိသည်ဟု ဆိုသော်လည်း ရှားပါးပြီးဖြစ်လေ့မရှိပါဘူး။ ရောဂါခံစားရခြင်း နို့စို့ကလေးများနှင့် ကလေးငယ်များတွင် ရောဂါပြင်းထန်စွာ ဖြစ်ပွားလေ့ရှိပါတယ်။ အခြားသော ရောဂါဖြစ်မှုများနှင့် ဆန့်ကျင်စွာ သွေးလွန်တုပ်ကွေးဟာ အာဟာရပြည့်ဝသော ကလေးများတွင် ပိုမို အဖြစ်များတတ်ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် အန္တရာယ်ပိုရှိပါတယ်။သွေးလွန်တုပ်ကွေးဟာ နာတာရှည်ရောဂါများဖြစ်သော ဆီးချိုရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါတို့ ရှိသော သူများအတွက် အသက်အန္တရာယ်ပါ ရှိစေနိုင်ပါတယ်။ ကြိုတင်ကာကွယ်ခြင်း လောလောဆယ်အားဖြင့် သွေးလွန်တုပ်ကွေး ရောဂါပိုးအတွက် အတည်ပြုထားသော ကာကွယ်ဆေးများ မရှိသေးပါဘူး။ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကူးစက်စေသော ခြင်အကိုက်ခံရခြင်းကို ထိန်းချုပ်မှုနှင့် ကာကွယ်မှုအပေါ် မူတည်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အချက် ငါးချက်ပါဝင်သည့် ပေါင်းစပ်ဖွဲ့စည်းထားသော ဗက်တာခေါ် ကူးစက်ရောဂါပိုး ထိန်းချုပ်ရေးအစီအစဉ်ကို တိုက်တွန်းထားပါတယ်။ (၁) ထောက်ခံအားပေးမှု - လူမှုရေးရာ ပြောင်းရွှေ့နေထိုင်ခြင်း၊ လူထုကျန်းမာရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ခိုင်မာမှုရှိစေရန် ဥပဒေ အတည်ပြု ပြဌာန်းခြင်း၊ (၂) ကျန်းမာရေး နှင့် အခြားသော ကဏ္ဍများ(အများပြည်သူနှင့် ပုဂ္ဂလိက) နှစ်ခုကြား ပူးပေါင်းဆောင် ရွက်ခြင်း၊ (၃) ရောဂါထိန်းချုပ်ရန် ရင်းမြစ်များကို အများဆုံး အသုံးပြုနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ခြင်း၊ (၄) ဆောင်ရွက်ခြင်းများဟာ လျော်ကန်စွာ ရည်မှန်းထားကြောင်း သေချာစေရန် သက်သေ အထောက် အထားအပေါ် အခြေခံသော ဆုံးဖြတ်ချက်များချခြင်း နှင့် (၅) ဒေသတွင်း အခြေအနေအတွက် လုံလောက်သော တုံ့ပြန်မှု သေချာစွာ ရရှိစေရန် စွမ်းအား တည်ထောင်ခြင်း တို့ဖြစ်ပါတယ်။ အေ အေဂျစ်ပ္ပတီကို ထိန်းချုပ်မှု အခြေခံနည်းစနစ်မှာ ၎င်းခြင်များ ပေါက်ပွားရာ နေရာများကို ဖျက်ဆီး သုတ်သင်ခြင်းပဲ ဖြစ်ပါတယ်။ ရေသိုလှောင်ရာ ပစ္စည်များကို သွန်ပစ်ခြင်း သို့မဟုတ် ၎င်းတို့ထဲသို့ ပိုးသတ်ဆေး သို့မဟုတ် ဇီဝ ထိန်းချုပ်ပစ္စည်းများ ထည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ လူများဟာ အရေပြားကို လုံခြုံစွာ ဖုံး အုပ်သော အဝတ်အစားများ ဝတ်ခြင်းဖြင့် ခြင်ကိုက်ခံရခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် အင်းဆက် အကိုက်မခံရအောင် ကာကွယ်သော လိမ်းဆေး(DEET)ကို အသုံးပြုနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပြန့်ပွားလာခဲ့ရာ နှစ်စဉ် လူသန်း ၅၀ မှ ၁၀ဝ ခန့်ဟာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရတာပါ။ နိုင်ငံပေါင်း ၁၁၀ ကျော်မှာ သွေးလွန်တုပ်ကွေးဟာ ကပ်ရောဂါသဖွယ် ဖြစ်ပွားလျက် ရှိပါတယ်။ ၁၇၇၉ ခုနှစ်မှစလို့ ရောဂါအခြေအနေ ရှင်းလင်းဖော်ပြချက်များအပြင် ၎င်းရဲ့ ရောဂါပိုးဆိုင်ရာ အကြောင်းရင်းနှင့်ပျံ့နှံ့ကူးစက်ခြင်းတို့ကို ၂၀ရာစု အစောပိုင်းတွင် ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှစတင်လို့ သွေးလွန်တုပ်ကွေးဟာ ကမ္ဘာ့ပြဿနာ ဖြစ် လာခဲ့ပါတော့တယ်။ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |














0 comments:
Post a Comment