The Irrawaddy's Blog |
| အနုပညာရှင်များစွာပါဝင်မယ့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး ကျင်းပမည် Posted: 16 Jul 2015 02:31 AM PDT
Myanmar Media 7 Co,Ltd က စီစဉ်တဲ့ အနုပညာရှင်များစွာပါဝင်မယ့် အသင်း ၄ သင်း ပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မန္တလေးမြို့ရှိ မန္တလာသီရိအားကစား ကွင်းမှာ ကျင်းပသွားမှာပါ။ ဒီ အစီအစဉ်ကတော့ အနုပညာရှင်ပေါင်းများစွာ ပါဝင်မှာဖြစ်ပြီး ဘောလုံးအသင်းလေးသင်းဖွဲ့ကာ အသင်းလေးသင်း ပတ်လည်ကန်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ ဘောလုံးအသင်းလေးသင်းကတော့ သရုပ်ဆောင်မင်းသားများ ပါဝင်တဲ့ Movies FC ဘောလုံးအသင်း၊ အဆိုတော်များပါဝင်တဲ့ Music FC ဘောလုံးအသင်း၊ လူရွှင်တော်များပါဝင်တဲ့ Comedy FC ဘောလုံးအသင်းနဲ့ မကြာသေးခင်ကမှအသစ်ဖွဲ့စည်းထားတဲ့ မော်ဒယ်လ်များပါဝင်တဲ့ Model FC ဘောလုံးအသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မနှစ်က ရန်ကုန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲဖြစ်တဲ့ လူရွှင်တော် FC အသင်းနဲ့ မင်းသားများပါဝင်တဲ့ Actor Star FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အနည်းငယ်ပဋိပက္ခများဖြစ်ပွားခဲ့ပေမယ့် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
မနှစ်တုန်းက Actor Star FC ရဲ့ ရှေ့တန်းမှာ တိုက်စစ်မှူးအဖြစ်ပါဝင်ကစားခဲ့ပြီး အကောင်းဆုံး ဘောလုံးဆုကိုလည်း ရခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်ကို ဒီနှစ်မှာရော ပါဝင်ကစားမှာနဲ့ ပတ်သတ်လို့ ဧရာဝတီက မေးမြန်းတဲ့အခါ "မနှစ်က ဖြစ်ခဲ့တာကတော့ ဘယ်သူ၊ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူးပေါ့။ ကျနော်တို့ကိုယ်တိုင်လည်း မှားချင်မှားခဲ့မယ်၊ မှန်ရင်လည်းမှန်မယ်ပေါ့။ ဒါပေမယ့် ဘောလုံးကန်တဲ့အခါမှာ ကွင်းထဲမှာ ကျနော်တို့ မသိတဲ့လူတွေပါလာတာကိုပဲ။ အဲဒါက အဓိကအကြောင်းရင်းပေါ့။ အဲဒီမှာ လာကြည့်ကြတဲ့ ပရိသတ်အမြင်မှာ အထင်လွဲသွားတာလေးတွေ ဖြစ်မိတယ်။ ဒီနှစ်ကျတော့ Media7 က ပါဝင်မယ့်သူတွေကို သေချာလေး သတ်မှတ်တယ်။ အဖွဲ့ဝင်က ၂၅ ယောက်မှာ ကစားသမားက အယောက်၂၀ ပါမယ်။ စာရင်းနဲ့အတိအကျပေါ့။ အဲလိုမျိုးဆို ကျနော်တို့က စိတ်ချတယ်လေ။ မဟုတ်ရင် ကွင်းထဲရောက်လာတော့မှ ဒါက ဘယ်သူလဲ မသိ၊ ဘယ်ကမှန်းလဲ မသိ၊ ဘောလုံးကန်တတ်လားလည်းမသိ၊ မကန်တတ်လားလည်းမသိတဲ့ လူတွေ ပါလာရင်တမျိုးလေ။ ဒါက ကျနော်တို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်မဟုတ်ဘူးလေ ကျနော်တို့ ၀ါသနာပါတဲ့ အားကစားနဲ့ပရိသတ်ကို ဖျော်ဖြေမှုပေးနေတာပါ" လို့ ပြောပြပါတယ်။ သရုပ်ဆောင် မိုးယံဇွန်ဟာ မနှစ်က မင်းသားများပါဝင်တဲ့ Actor Star FC အသင်းမှာ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မော်ဒယ်လ်များပါဝင်တဲ့ Model FC မှာပြောင်းလဲပြီး ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ပါဝင်ကစားမှာပါ။ မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မိမိကို အထင်လွဲမှားပြီး မြင်နေတဲ့ပရိသတ်ကြောင့်လည်း ဒီနှစ်မှာ ထပ်မံပါဝင်ဖြစ်တာပါလို့ မိုးယံဇွန်က ပြောပြခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ လူရွှင်တော်အသင်းမှာ လူရွှင်တော်များနဲ့ အတူ ဇာတ်မင်းသားဖိုးချစ်ကလည်း ပါဝင်ကစားသွားမှာဖြစ်ပါတယ်။
အဆိုတော်များပါဝင်တဲ့ music FC ရဲ့ အသင်းနည်းပြ "စောဖိုးခွားကလည်း ဒီနှစ်တော့ ကျနော်က နည်းပြအဖြစ်တာဝန်ယူမှာဖြစ်ပြီး၊လိုအပ်ရင်တော့ဝင်ရောက်ကစားသွားမှာပါ။ ဘောလုံးပွဲနဲ့ပတ်သက်လို့ ကျနော်တို့ ဂီတက ညီအကိုတွေကို မှာထားပါတယ်။ ကျနော်တို့မှာ ရှိသလောက် အစွမ်းအစနဲ့ပဲ ဖြူဖြူစင်စင် ကစားပြကြမယ်လို့ လေ။ ပြီးခဲ့တဲ့အခေါက်ပွဲတွေက ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က အနိုင်ရလိုစိတ်နဲ့ကစားခဲ့ ကြတဲ့အခါ ပူလောင်မှုတွေ ရှိခဲ့တယ်ပေါ့။ ဒီနှစ်ကတော့ ကျနော်တို့အဓိက ငြိမ်းချမ်းရေးကို ပုံဖော်မှာပါ လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။ အဆိုပါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲရဲ့ ပွဲဈေးနှုန်းများကို ရိုးရိုးတန်း ၁၀၀၀ ကျပ်နဲ့ အထူးတန်း ၃၀၀၀ ကျပ် အဖြစ် သတ်မှတ်ထားကာ ရရှိလာတဲ့ ငွေများကို ရံပုံငွေအဖြစ် သတ်မှတ်ပြီး မြောင်းမြမြို့ရှိ Youth Development Center တွင် သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ ယုမွန်ကျော် | ||||||
| မိမိရဲ့ရှိရင်းစွဲအသက်ထက်နုငယ်နေဖို့ နည်းလမ်း (၁၂)သွယ် Posted: 16 Jul 2015 12:32 AM PDT စည်းစနစ်ရှိပါစေ။ ဘ၀မှာ စည်းစနစ်ကျကျ နေထိုင်တတ်သူများဟာ ဂရုပြုနေထိုင်ခြင်း မပြုသူများထက် အသက်ပို၍ရှည်ကြောင်း အမေရိကန် အခြေပြု အသက်ရှည်ခြင်းအကြောင်းများအတွက် လုပ်ဆောင်နေသော ပရောဂျက်တစ်ခုမှ လေ့လာတွေ့ရှိခဲ့ပါတယ်။ ထိုကဲ့သို့သောသူများဟာ မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်တတ်ပြီး ကျန်းမာရေးကို ထိခိုက်စေမယ့် အနေအထိုင်များကို ရှောင်ရှားလို့ပဲ ဖြစ်ပါတယ်။ ဈေးဝယ်ထွက်ပါ။ ထိုင်ဝမ်နိုင်ငံမှ အသက်(၆၅)နှစ်အရွယ် လူကြီး အယောက်၂၀၀၀ ဖြင့် (၁၀)နှစ်ကြာပြုလုပ်သော လေ့လာချက်များမှ ပုံမှန်ဈေးဝယ်ထွက်တတ်သောသူများဟာ အသက်ပိုရှည်ကြတယ်လို့ ဖော်ပြထားပါတယ်။ နေ့စဉ် ဈေးဝယ်ထွက်သော အမျိုးသားများအနေဖြင့် ဈေးအ၀ယ်ထွက်ချိန်နည်းသော အမျိုးသားများထက် စောစီးစွာ သေဆုံးနှုန်း (၂၈ ရာခိုင်နှုန်း) လျော့နည်းပြီး အမျိုးသမီးများအတွက် (၂၃ ရာခိုင်နှုန်း ) လျော့နည်း ကြောင်း တွေ့ရှိရပါတယ်။ လူမှုရေးဆိုင်ရာ တွေ့ဆုံခြင်း၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းခြင်း၊ ဦးနှောက်အလုပ် လုပ်ဆောင်မှု ကောင်းမွန်ခြင်းတွေဟာ အသက်ရှည်ခြင်းအတွက် အဓိကကျသော အချက်များ ဖြစ်ပါတယ်။ ဟင်းလျာများကိုစားသုံးပါ။ ဟင်းလျာများစားသုံးခြင်းဟာ ဦးနှောက်အသုံးပြုမှု စွမ်းရည်ကို မြင့်တက်လာနိုင်စေကြောင်း စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာမှုများမှ ဖော်ပြထားပါတယ်။ အသက် (၆၀)မှာ (၉၀)အကြားရှိ အိန္ဒိယရွာသား (၁၀၀၀) ရဲ့ အစားအသောက်စားသုံးမှုကို အသိဥာဏ်ဆိုင်ရာ စမ်းစစ်မှုများနှင့် လေ့လာရာ ဟင်းလျာများကို စားသုံးသူများအနေဖြင့် ဟင်းလျာများကို စားသုံးခြင်းမရှိသူများထက် ရမှတ်ပိုမိုများခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဟင်းလျာများတွင် နနွင်း၊ အ၀ါရောင်ရှိသော ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်တဲ့အပြင် နနွင်းမှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းခြင်းကို ကျ ဆင်းစေသော အာနိသင်၊ ကင်ဆာဆန့်ကျင် အာနိသင်နဲ့ သွေးတွင်းအဆီများကို လျှော့ချပေးတဲ့ အာနိသင်များပါရှိပါတယ်။ အတူသီချင်းသီဆိုပါ။ အမေရိကန်မှ အသက်ကြီးသူ (၆၈)ဦးအပေါ်မူတည်ပြီး ပြုလုပ်သော လေ့လာချက်တစ်ခုအရ သံစုံသီချင်းများကို သီဆိုသော အသက်ကြီးသူများအနေဖြင့် သီချင်းသီဆိုခြင်းမရှိသူများထက် ပို၍ကျန်းမာပြီး၊ ဆေးဝါးအပေါ် မှီခိုအားထားရခြင်း နည်းတဲ့အပြင် အထီးကျန်ဆန်မှု နည်းခြင်း စတာတွေကို တွေ့ရှိရကြောင်း ဖော်ပြ ထားပါတယ်။အဲ့ဒီလိုဖြစ်ရခြင်းရဲ့ ဖြစ်နိုင်ချေတွေကတော့ သီချင်းသီဆိုသောအခါ အသက်ရှုသွင်းရှုထုတ် လုပ်ရခြင်း၊ ပရိတ်သတ်အား မိမိရဲ့ အသံအားဖြင့် ဖျော်ဖြေရခြင်းအတွက်ကြောင့် စိတ်ကြည်နူးမှုရရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာသီချင်းဆိုခြင်းမှာ ပျော်မွေ့သူဖြစ်ပါက သင့်ရဲ့အသံအနေအထား ဘယ်လိုပဲ ဖြစ်နေစေကာမူ ဂုဏ်တော်သီချင်းကျူးရင့်သော အဖွဲ့များနှင့်ဖြစ်ပါစေ၊ မိသားစုလိုက်၊ ဒါမဟုတ် ဘုရားကျောင်းနှင့်ပင်ဖြစ်စေ၊ ကစားပွဲတွေမှာ လူထောင်ပေါင်းများစွာနှင့်အတူပင်ဖြစ်စေ အုပ်စုလိုက် သီချင်း သီဆိုခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ အင်တာနက်ကို အသုံးပြုပါ။ အင်တာနက်ကို အသုံးပြုပြီး ရှာဖွေမှုများကို ပြုလုပ်ခြင်းအားဖြင့် မိမိရဲ့ ဦးနှောက်ကို နိုးကြားစေနိုင်ပါတယ်။ အသက် (၅၅)နှစ်မှ (၇၆)နှစ်အကြားရှိ လူများအပေါ်မူတည်ပြီး လေ့လာမှုတစ်ခုကို ပြုလုပ်ရာ အင်တာနက် ၀က်ဆိုက်များကိုအ သုံးပြုပြီးရှာဖွေမှုများကို ပြုလုပ်တတ်သူတွေဟာ ဘာသာစကား၊ စာဖတ်ခြင်း၊ မှတ်ဥာဏ်၊ အမြင်အာရုံများကို ထိန်းချုပ်နိုင်သော ဦးနှောက်နေရာကို ပိုမို၍ အလုပ်လုပ်စေကြောင်း ဖော်ပြထားပါတယ်။ အင်တာနက်ပေါ်တွင် ရှာဖွေမှုများကို ပုံမှန်ပြုလုပ်တတ်သော သူများ အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခက်ခဲသောအရာများအပေါ် ကျိုးကြောင်းဆင်ခြင်နိုင်ခြင်းများကို အားပေးနေသော ဦးနှောက်နေရာအား ပိုမို၍ အားပြည့်စေကြောင်း တွေ့ရှိရပါတယ်။ မြေးငယ်များနှင့်အတူဆော့ကစားပါ။ အရှေ့လန်ဒန်တွင် ပြုလုပ်ခဲ့သောလေ့လာချက်များမှ သက်ကြီးသူများနှင့် သက်ငယ်ကလေးများ အတူဆော့ကစားခြင်း၊ မိသားစုရဲ့ တန်ဖိုးထားခြင်းများနှင့် ဓလေ့ထုံးစံများကို လက်တွေ့သင်ကြားပေးခြင်း အစရှိတဲ့ နှီးနှောနေထိုင်မှုများအားဖြင့် ရေတွက်၍မရနိုင်သော အကျိုးကျေးဇူးများကို ရရှိကြောင်း ဖော်ပြ ထားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်မှအငြိမ်းစားမယူပါနှင့်။ အငြိမ်းစားယူရမယ့် အသက်အရွယ်ကျော်တဲ့အထိ အသက်မွေးဝမ်းကျောင်း အလုပ်ကို အောင်မြင်စွာ လုပ်ကိုင်နေသူများဟာ ပိုပြီး အသက်ရှည်ကြောင်း အမေရိကန် အခြေပြု အသက်ရှည်ခြင်း အကြောင်းများ အတွက် လုပ်ဆောင်နေသော ပရောဂျက်တစ်ခုမှ သုတေသီများက ရှာဖွေတွေ့ရှိထားပါတယ်။ အလုပ်ကို အသည်းအသန် လုပ်ကိုင်ခြင်းကြောင့် လူ၏ကျန်းမာရေးကို ဒုက္ခပေးသော စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေတယ်လို့ တွေးဆမိခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလေ့လာတွေ့ရှိ ချက်တွေက မည်မျှခက်ခဲသော အလုပ်ဖြစ်ပါစေ အဲ့ဒီ အလုပ်မှာ အောင်မြင်ခြင်းရရှိခြင်းက လူတို့ကို ပိုမို ကျန်းမာစေတယ်လို့ ဖော်ပြထားပါတယ်။ အကယ်လို့ သင်ဟာ ကျန်းမာလျက်ရှိသေးပါက အလုပ်လုပ်ခြင်းကို အပြီးအပိုင် မစွန့်လွှတ်လိုက်ရန် အကြံပြုပါတယ်။ မိမိအသက်အရွယ်ကိုချစ်မြတ်နိုးပါ။ မိမိရဲ့ဘ၀အချိန်တွေကို အပြုသဘောဆောင်သော အတွေးများဖြင့် ဆင်ခြင်တတ်ပါက အသက်ပို၍ ရှည်နိုင်ပါတယ်။ အမေရိကန်သုတေသနအဖွဲ့တစ်ခုမှ အသက်(၅၀)နှင့်အထက် ရှိသူများအား ၄င်းတို့ရဲ့ အနာဂတ်မှာ ဖြစ်တည်နေမယ့် ပုံပန်းသဏ္ဍာန်များနဲ့ ပတ်သက်လို့ မှတ်ချက်များကို မေးမြန်းခဲ့ပါတယ်။ နောက်ထက် အနှစ်(၃၀)ကြာပြီးနောက် အဲ့ဒီလူတွေကို ပြန်လည် စစ်ဆေးသုံးသပ်ခဲ့ရာ မိမိအသက်အရွယ် ကြီးရင့်လာခြင်းအား အကောင်းဘက်မှ ရှုမြင်တတ်သော သူများဟာ အနုတ်သဘောဖြင့် ရှုမြင်ခဲ့သော သူများထက် ယေဘူယျအားဖြင့် အသက် (၇.၅)နှစ် ပိုရှည်ကြောင်း တွေ့ရှိရပါတယ်။ ရေခွက်တစ်ခွက်ထဲမှာ ရေတစ်ဝက်လျော့နေတယ်လို့ မမြင်ဘဲ ရေတစ်ဝက် ပြည့်နေတယ်လို့ အကောင်းဖက်မှ တွေးတောနိုင်သူဟာ အခက်အခဲများအတွက် ခံနိုင်ရည် စွမ်းအားရှိသူ၊ ပြဿနာဖြစ်လာသောအခါ အကူအညီ ခံယူတတ်သူများလည်း ဖြစ်ပါတယ်။ ရင့်ကျက်လာမှုကိုဖြစ်စေသောအခြေအနေများကိုလက်ခံပါ။ ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာချက်များအရ ဘ၀ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့သူများဟာ လူ့သက်တမ်းစေ့ ပိုပြီးနေနိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။ စိတ်ဖိစီးမှုများ၊ ပူပန်မှုများ၊ စိတ်ဓါတ်ကျခြင်းများကို ခံနိုင်ရည် ရှိခြင်းဟာ အသက်အရွယ်ကြီးလာတဲ့အခါ ကျန်းမာစွာအသက်ရှင်နိုင်ရန် အ တွက် အရေးပါပါတယ်။ အိပ်ချိန်အနည်းငယ်သာလိုတော့သည်ဟုမယူဆပါနှင့်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အိပ်ချိန်အနည်းငယ်သာ လိုအပ်တော့တယ်ဆိုတဲ့ အချက်အလက်မှာ ယူဆချက်တစ်ခုသာဖြစ်ပြီး မမှန်ကန်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။ နေ့စဉ် ညအိပ်ချိန်(၆)နာရီထက် လျော့နည်းပြီး အိပ်စက်ခြင်းဟာ စိတ်ခံစားမှုများအပေါ်သို့ အနုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်း အိပ်စက်ခြင်းမူမှန်မှုများကို အထူးပြုလေ့လာနေသူ ပညာရှင်တစ်ဦးက ဖော်ပြထားပါတယ်။ တမှေးတည်း အိပ်ပျော်သွားစေရန် လွယ်ကူသော နည်းလမ်းတစ်ခုမှာ နေ့စဉ် အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်တို့အား ပုံမှန်ဖြစ်နေစေရန် ဖြစ်ပါတယ်။ ညနက်သည်အထိ အင်တာနက် အသုံးပြုခြင်း၊ ရုပ်မြင်သံ ကြားကြည့်ရှုခြင်းများကို ရှောင်ရှားခြင်းအားဖြင့် ပုံမှန်အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို သတ်မှတ်နိုင်ပါတယ်။ ဘာသာရေးတွင်ယုံကြည်သက်ဝင်မှုရှိပါစေ။ အပြုသဘောဆောင်သော စိတ်ခံစားမှုများဟာ မျှော်လင့်ချက်ထားခြင်း၊ ယုံကြည်ချက်ရှိခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ ပျော်ရွှင် ၀မ်းမြောက်ခြင်း၊ မေတ္တာထားခြင်း၊ ကျေးဇူးတင်တတ်သော သဘောရှိခြင်း အစရှိတဲ့ ဘာသာရေးဆိုင်ရာ အပြုအမှုများနဲ့ ဆက်နွယ်လျက်ရှိကြောင်း သုတေသနများမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အပြုအမှုတွေဟာ စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ဓါတ်များကို ထိန်းညှိ ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာခြင်းမှလည်း ကာကွယ်ပေးထားပါတယ်။ အမေရိကန် သုတေသီများရဲ့ တွေ့ရှိချက်အရ ဘုရားကျောင်း ပုံမှန်သွားသူများဟာ သာမန်သက်တမ်းထက် (၂)နှစ်မှ (၃)နှစ်ခန့်အထိ အသက်ပိုရှည်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်ရခြင်းဟာလည်း ယုံကြည်ခြင်းမှ ရရှိလာသော အင်အားကြောင့် ဖြစ်နိုင်သကဲ့သို့ ဘုရားကျောင်းရှိ လူထုနှင့် အတူပေါင်းသင်ဆက်ဆံနေထိုင်ခြင်းရဲ့ အားသာချက်နှင့် ဘ၀နေထိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာရေးအဖွဲ့ နှင့်ပင်ဖြစ်စေ၊ အခြားသောလူမှုအသိုင်းအ၀ိုင်းနှင့်ပင်ဖြစ်စေ မိမိနှင့်စိတ်တူကိုယ်တူရှိသူများနဲ့ ဘ၀ကို အတူတကွ ပြန်လည်သုံးသပ်နေထိုင်ခြင်းဟာ မိမိရဲ့ကျန်းမာရေးကိုများစွာ အကျိုးပြုစေပါတယ်။ မိမိ၏ခွေးကလေးနှင့်အတူလမ်းလျှောက်ထွက်ပါ။ ခွေးကလေးများကို ပိုင်ဆိုင်ထာခြင်းအားဖြင့် ခန္ဓာကိုယ်အရရော စိတ်ခံစားမှုအရပါ အကျိုးရှိစေပါတယ်။ ခွေးများဖြင့် လမ်းလျှောက်ထွက်သူများအပေါ်တွင် ပြုလုပ်ခဲ့သော ဗြိတိသျှမှ လေ့လာချက်များအရ ခွေးကလေးများနှင့်အတူ လမ်းလျှောက်ခြင်းအားဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကို တိုးတက်စေတဲ့အပြင် အထီးကျန်မှုမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခွေးကလေးများနဲ့အတူလမ်းလျှောက်ရသောကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားဖြစ်သည့်အပြင် မိမိကိုယ်ကို ကျန်းမာသည်ဟု မှတ်ယူနိုင်ခြင်း၊ မိမိကဲ့သို့ပင် ခွေးကလေးများနှင့် လမ်းလျှောက်လာသူများကိုတွေ့သောအခါ မိတ်ဖွဲ့စကားပြောနိုင်ခြင်းအားဖြင့် ပျော်ရွှင်မှုကို ရရှိစေပါတယ်။ အကယ်၍ သင့်တွင် ခွေးကလေးများ မရှိပါက သင်ရဲ့မိတ်ဆွေများ၏ ခွေးကလေးများနှင့် အတူလမ်းလျှောက်ပေးနိုင်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။http://www.rd.com/slideshows/habits-of-people-who-act-young/view-all/ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





















0 comments:
Post a Comment