The Irrawaddy's Blog |
| အာဇာနည်ခေါင်းဆောင်တွေကို ချစ်လို့ အရေးယူခံပြီး ဂုဏ်ပြုကြတဲ့ ပြည်မြို့သူ၊သားများ Posted: 19 Jul 2015 09:27 PM PDT
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး နှစ်စဉ် အာဇာနည်နေ့မရောက်ခင် တပတ်လောက်အလိုမှာ ပြည်မြို့အုပ် ချုပ်ရေး အာဏာပိုင်တွေ အမြဲပြုလုပ်လေ့ရှိတဲ့ အလုပ်တခုရှိပါတယ်။ အဲဒါကတော့ ဒေသန္တရအမိန့်ဆိုပြီး ပြည်မြို့လည်ခေါင်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်မှာ အာဇာနည်နေ့ ဂုဏ်ပြုပွဲ ပန်းခွေချခြင်း၊ အလေးပြုခြင်း အခမ်းအနားတွေကို ပြုလုပ်ခွင့်မရှိဘူးဆိုပြီး အမိန့်ထုတ်လေ့ရှိပါတယ်။ ဒီနှစ်က ပိုထူးခြားပါတယ်၊ အဲဒါကတော့ ခါတိုင်းနှစ်လို့ ဗိုလ်ချုပ်ကျောက်ရုပ်တင်မဟုတ်ပဲ ဘယ်နေရမှာမဆို အခမ်းအနား အထိမ်းအမှတ်ပွဲ လုပ်ခွင့်မရှိကြောင်းနဲ့ လုပ်ခဲ့မယ်ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်လို့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့စွဲပါ အမိန့်စာတစောင်ကို မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားခဲ့ပါတယ်။ ပြည်မြို့သူ၊ ပြည်မြို့သားတွေအနေနဲ့ မဆလ ခေတ်တခုလုံး အာဇာနည်နေ့ အခမ်းအနားကို မြို့လည်ခေါင် ဗိုလ်ချုပ်ကျောက်ရုပ်မှာသာ လုပ်လာခဲ့တာဖြစ်လို့ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ဘယ်လိုအမိန့်တွေပဲ ထုတ်ပြန်ခဲ့စေ အမိန့်ကို လွန်ဆန်ပြီး အဲဒီနေရာမှာသာ ကျင်းပခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး HRDP အဖွဲ့က ဒေသခံ ကိုသိန်းမင်းထွန်း ပထမဆုံးအကြိမ် တရားစွဲခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာတော့ အမိန့်ထုတ်ထားတဲ့ကြားက ပြုလုပ်ခဲ့ကြပေမယ့် တဦးတယောက်မှ အရေးယူခံရတာ မရှိခဲ့ပါဘူး။ ရိုးရာမပျက် အမိန့်တွေထုတ်ပြီး ပြည်သူလူထုကို စိတ်အနှောက်အယှက်ပေးနေတာလား၊ တကယ် အရေးယူမှာမို့လို အခုလို အမိန့်တွေထုတ်သလားဆိုတာကို လူထုက အထူးစိတ်ဝင်စားနေပါတယ်။ အာဇာနည်တွေကို ဂုဏ်ပြုလို့ အဖမ်းခံရမယ်ဆိုရင် ဂုဏ်ယူကြောင်းနဲ့ ကြိုက်သလို အပြစ်ပေး ဖမ်းနိုင်တယ်လို့ ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှာ ပန်ခွေချခြင်း၊ အလေးပြုခြင်းများ လာရောက်ပြုလုပ်ကြတဲ့ ထောင်နဲ့ချီရှိတဲ့လူတွေထဲက တဦးဖြစ်တဲ့ ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့မှ ကိုကျော်ဦးက ပြောပါတယ်။ "အခုမှ ပန်းခွေချ ဂုဏ်ပြုခဲ့တဲ့ နေရာမှဟုတ်ဘူး၊ တချိန်တုန်းကလည်း ဒီမှာပဲ ဂုဏ်ပြုအောက်မေ့ပွဲ လုပ်လာတာပါ၊ ဒီနေ့ကျနော် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာ ပန်းခွေချတယ်၊ ကြိုက်သလိုအပြစ်ပေး အရေးယူလို့ရတယ်။ ဒါပေမဲ့ အခုလို ဒေသန္တရ ဥပဒေတွေ ထုတ်ပြန်တဲ့လူတွေကိုပဲ ပြန်မေးချင်တာက ဒီလိုလုပ်ဖို့ လိုအပ်သလား မလိုအပ်ဘူးလားဆိုတာပါပဲ။ သူတို့ပြောတဲ့အတိုင်း ဖမ်းမယ်ဆိုလည်း အာဇာနည်တွေကို ဂုဏ်ပြုလို့ အဖမ်းခံရမယ်ဆိုလည်း တန်တယ်လို့ပဲ ယူဆပါတယ်။ " လို့ ကိုကျော်ဦးက ဆက်ပြောပါတယ်။ ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာတော့ ရဲတွေနဲ့ မြို့နယ် ရပ်ကွက်အဆင့် အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ ဓါတ်ပုံမှတ်တမ်းတွေယူနေကြသလို စောင့်ကြည့်ခဲ့ကြပါတယ်။ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းက " ဗိုလ်ချုပ်အောင်းဆန်းဟာ ငယ်ရွယ်စဉ်ကတည်းက တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တယ် ကျိုးပမ်းခဲ့တယ်ဆိုတာ ကျနော်တို့ကျောင်းသား လူငယ်တွေ အမှတ်ရစေဖို့ သူတို့စိတ်ထဲမှာလဲ ဗိုလ်ချုပ်အောင်ဆန်းကဲသို့သော အာဇာနည်ခေါင်းဆောင်များရဲ့ ဝိညာဉ်တွေ စီးမျောသွားစေဖို့ ကျနော်တို့ ချီတက်အလေးပြုရခြင်းဖြစ်တယ်။'' လို့ သူကပြောပါတယ်။ ၁၀ နာရီ ၃၇ မိနစ်မှာတော့ ဥသြစွဲပြီး တမိနစ်ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်းကြောင်းကို ထောင်နဲ့ချီ လာရောက်တဲ့ ပြည်မြို့သူ ပြည်မြို့သားတွေက ပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန်အထိ တစုံတယောက်ကိုမှ အရေးယူခြင်း အရေးယူဖို့ အကြောင်းကြားခြင်းမရှိသေးပါဘူး။ ထောင်နဲ့ချီလာရောက်တဲ့ ပြည်သူတွေထဲမှာ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသမဂ္ဂတွေအပြင် နိုင်ငံရေးအင်အားစုတွေနဲ့ အသင်းအဖွဲ့တွေလည်း လာရောက် ပန်းခွေချ၊ အလေးပြုကြသလို တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကျောက်ရုပ်မှာ သွားရောက် ဂါရဝမပြုဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း နေ့လည် ၂ နာရီအချိန်မှာ ပြည်မြို့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်းမှာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စုရုံးပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ ကောင်းမြတ်မင်း |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment