The Irrawaddy's Blog |
| တစ်တီတူး ငှက်ဆိုတာ ဘယ်လို ငှက်မျိုးလဲ Posted: 28 Sep 2015 04:10 AM PDT ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်တဲ့ တိရိစ္ဆာန်အမျိုးပေါင်း ၇ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး(တီတီတွတ်)၊ ဥသြငှက်၊ ဘုတ်ငှက် တို့ဖြစ်ကြပါတယ်။ အဲ့ဒီငှက် အမျိုးအစားတွေထဲက တစ်တီတူးငှက်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။ တစ်တီတူးငှက်ဟာ ကယ်ရာဒရိုင်အီဒီး မျိုးရင်းမှာ ပါဝင်တဲ့ ငှက်အမျိုးအစားပါ။ အဲ့ဒီငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် လို့ခေါ်ပါတယ်။ တစ်တီတူးလို့ခေါ်ခြင်းမှာ အဲ့ဒီငှက်ရဲ့ အော်သံကိုအစွဲပြု ပြီး ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အလျား ၁၃ လက်မခန့်ရှိပါတယ်။ ခါထက် ကိုယ်ထည်အနည်းငယ် ပိုပြီး ကြီးကာ ခြေတံ၊ လည်တံ များဟာလည်း ခါရဲ့ ခြေတံလက်တံတွေထက် ပိုရှည်ပါတယ်။ တစ်တီတူးရဲ့ ကိုယ်အပေါ်ပိုင်းဟာ အညိုရောင်ရှိပြီး အောက်ဘက်က အဖြူရောင်ရှိပါတယ်။ မျက်နှာ၊ ရင်အုပ်နှင့် ဦးခေါင်းတို့ဟာ မည်းနက်ပါတယ် ။ တစ်တီတူးအဖို၊ အမတို့ဟာ မျက်လုံးတစ်ဘက်စီရဲ့ အပေါ်နဲ့ ရှေ့ဘက်မှာ ကြက်သွေးရောင် အသားပိုတစ်ခုစီ ရှိပါတယ်။ ငှက်ငယ်ဦးခေါင်းရှိ အမွှေးတွေဟာ အဖျားမှာ အညိုရောင်သန်း နေပါတယ်။ မေး နဲ့ ဇလုတ်တို့ဟာ ဖြူပါတယ်။ တစ်တီတူးငှက်ဟာ အနှောက်အယှက်ခံရလျှင် ပျံဝဲပြီး ထပ်တလဲလဲကျယ်လောင်စူးရှစွာ အော်နေတတ်ပါတယ်။ တစ်တီတူးကို သဲသောင်ပြင်၌ စိုက်ပျိုးခင်းနှင့် သွေ့ခြောက်သောကုန်းမြင့်ရှိ မြေလပ်များ၌၎င်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ထုံးအိုင်ဒေသများတွင်လည်း တွေ့နိုင်ပါတယ်။ ဒီရေအတက်အကျရှိသော ဒေသများတွင်မူ တစ်တီတူးကို မတွေ့ရတတ်ပါဘူး။ ရန်သူအနီးအနား၌ ရှိသည်ဟု မယုံသင်္ကာဖြစ်သောအခါ ခေါင်းညိတ်လေ့ရှိပါတယ်။ အဲ့ဒီလို ခေါင်းညိတ်သည့်အလေ့မှာ တစ်တီတူးငှက်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ တစ်တီတူးငှက်ဟာ မြေကြီးပေါ်၌ ခုန်ဆွခုန်ဆွ သွားလာကာ ပိုးမွှားကောင်နှင့် ခရုမျိုးများကိုရှာဖွေ စားသောက် လေ့ရှိပါတယ်။ အဲ့ဒီငှက်ဟာ နေ့အချိန်၌သာမဟုတ်၊ ညအချိန်၌လည်းပျံသန်း အော်မြည်နေတတ်ပါ တယ်။ ပျံသန်းတဲ့အခါမှာလည်း တောင်ပံများကိုမှန်မှန်ရိုက်၍ နှေးနှေးပျံသန်းလေ့ရှိပါတယ်။ ခဏပျံသန်းပြီးနောက် မြေကြီးသို့ တဖန် ဆင်းသက်ပြီး အနည်းငယ် ခုန်ဆွခုန်ဆွ သွားလေ့ရှိပါတယ်။ ထိတ်လန့်တဲ့အခါမှာလည်း လျှင်မြန်စွာ ပျံသန်း နိုင်တဲ့အပြင် ပျံသန်းနေခိုက် ကိုယ်ကိုလည်း ကျင်လည်စွာလှည့်ပတ်လှုပ်ရှားနိုင်ပါတယ်။ မတ်လနဲ့ ဩဂုတ်လတို့မှာ ဥအုလေ့ရှိပါတယ်။ မြေကြီးပေါ်၌ သဘာဝအလျောက် ချိုင့်နေတဲ့နေရာများမှာ အသိုက်လုပ်တတ်ပါတယ်။ မိုးဥတုက ရေဝပ်ခဲ့သော ချိုင့်ခွက်များ၌လည်းကောင်း၊ ကျွဲနွားတို့ရဲ့ခြေရာခွက်၌ လည်းကောင်း အသိုက်လုပ်လေ့ရှိပါတယ်။ ရေခြောက်နေသောကန်များ၌လည်း တစ်တီတူးအသိုက်များကို တွေ့ရတတ်ပါတယ်။ အသိုက်တခုမှာ ဥ ၄ ဥ တွေ့ရလေ့ရှိပါတယ်။ တစ်တီတူးငှက်ဥ၌ အညိုရောင်တွင် အ မည်း ကွက်လေးများ ရှိပါတယ်။ အဲ့ဒီဥအရောင်နဲ့ ပေါက်စငှက်ငယ်ကလေးများရဲ့အရောင်ဟာ ပတ်ဝန်းကျင်ရှိအရောင်နဲ့ ဆင်တူလှ တာကြောင့် သူတို့ကိုပတ်ဝန်းကျင်နှင့်ခွဲခြားသိဖို့ ခက်ခဲလှပါတယ်။ ငှက်ဖိုနဲ့ငှက်မများဟာ သူတို့ရဲ့ ငှက်ငယ်ကလေးများကို အလွန်ဝိရိယကြီးစွာ စောင့်ရှောက်ကြပါတယ်။ အကယ်လို့ သူတို့ရဲ့ အသိုက်အနီးသို့ တခြားတိရိစ္ဆာန်များ ကျုးကျော်လာလျှင်လည်း ပြင်းထန်စွာ ခုခံတတ်ကြပါတယ်။ ကိုးကားသတင်း။ ။ ၀ီကီပီးဒီးယား |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |







0 comments:
Post a Comment