The Irrawaddy's Blog |
- ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ၂၀ သတ်မှတ်
- ရေဘေးသင့်ဒေသတွေကို ကူညီဦးမယ့် ခိုင်နှင်းဝေပရဟိတလူငယ်များအဖွဲ့နဲ့ ရှင်သန်ရေးကူညီမှုအသင်း
- တန်ကြေးသင့်အနေနဲ့ရနိုင်မယ့် ဇိမ်ခံမော်ဒယ် Buick Encoreနဲ့ Lincoln MKX
| ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ၂၀ သတ်မှတ် Posted: 01 Oct 2015 10:23 PM PDT ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေရဲ့ အဆင့်တွေကိုသတ်မှတ်ပြီး ဆုချီးမြှင့်ပေးနေတဲ့ အင်္ဂလန်အခြေစိုက် Skytrax ဆိုက်မှ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ၂၀ ကို ဖော်ပြပေးလိုက်ပါတယ်။ အဲ့ဒီလေကြောင်းလိုင်း ၂၀ ထဲမှ ကမ္ဘာ့အကောင်းဆုံး အဆင့်တစ်လေကြောင်းလိုင်း ကိုတော့ QATAR Airways က သတ်မှတ်ခံရပြီး အဆင့်နှစ်လေကြောင်းလိုင်းကတော့ Singapore Airlines က ရရှိကာ အဆင့်သုံးလေကြောင်းလိုင်းကတော့ CATHAY PACIFIC Airways က သတ်မှတ်ခံခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ၂၀ ကို ဖော်ပြပေးပါမယ်။ ၁။ QATAR Airways ၂။ Singapore Airlines ၃။ CATHAY PACIFIC Airways ၄။ TURKISH Airlines ၅။ EMIRATES ၆။ ETIHAD Airways ၇။ ANA ALL NIPPON Airways ၈။ GARUDA INDONESIA ၉။ EVA AIR ၁၀။ QANTAS Airways ၁၁။ ASIANA Airlines ၁၂။ LUFTHANSA ၁၃။ AUSTRIAN ၁၄။ Swiss INT'L Airlines ၁၅။ Air FRANCE ၁၆။ VIRGIN AUSTRALIA ၁၇။ AIR NEW ZEALAND ၁၈။ DRAGONAIR ၁၉။ THAI Airways ၂၀။ BRITISH Airways တို့ဖြစ်ပါတယ်။ ဒီမှာ ထူးခြားတာကတော့ အရှေ့တောင်အာရှ လေကြောင်းလိုင်းတွေဖြစ်တဲ့ စင်ကာပူ လေကြောင်းလိုင်းနဲ့ ထိုင်းလေကြောင်းလိုင်းတို့ ဟာ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း အဆင့် ၂၀ ထဲမှာ ပါဝင်လာခဲ့ ကြခြင်းပါ။ Skytrax ဆိုက်မှ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း၊ လေဆိပ် စသည်တို့ကို အဆင့်များသတ်မှတ်ပြီး နှစ်စဉ်ဆုချီးမြှင့်ပေးလေ့ရှိပါတယ်။ | ||||||
| ရေဘေးသင့်ဒေသတွေကို ကူညီဦးမယ့် ခိုင်နှင်းဝေပရဟိတလူငယ်များအဖွဲ့နဲ့ ရှင်သန်ရေးကူညီမှုအသင်း Posted: 01 Oct 2015 09:17 PM PDT
သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့နဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့ ပူးပေါင်းပြီး ရုပ်ရှင်၊သဘင်၊ ဂီတ အနုပညာဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်ကာ သဘာဝဘေးဒဏ်သင့် ချင်းပြည်နယ်ပြည်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းကြမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၇ နာရီအချိန် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်၊သဘင်၊ဂီတ မှ နာမည်ကြီး အနုပညာရှင်များစွာက ပါဝင်ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ အလှူငွေများကို ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းမှာဖြစ်ပြီး လက်မှတ်များ ကိုတော့ ဈေးနှုန်း ကျပ်သုံးသောင်း၊ နှစ်သောင်းနဲ့ ငါးထောင် သတ်မှတ်ထားပါတယ်။ ဖျော်ဖြေပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်လို့လည်း သရုပ်ဆောင်ခိုင်နှင်းဝေက "ဒီပွဲလေးက ဘ၀မှာ ပထမဆုံး အနေနဲ့ ပြုလုပ်ဖြစ်တဲ့ပွဲလေးပါ။ ဒီလိုဖျော်ဖြေပွဲလုပ်ပြီး လှူဒါန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ၀မ်းသာပီ တိဖြစ်ရပါတယ်။ ဒီပွဲလေးက အနုပညာသမားတွေ တော်တော်များများရဲ့ လုပ်အားနဲ့ပါဝင်တဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီမှာပါဝင်ကြတဲ့ အနုပညာရှင်တွေကလည်း မေတ္တာနဲ့ပါဝင်ပေးကြတာပါ။ အဲဒီအတွက် သူတို့ရဲ့ ပရဟိတလည်းဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာ အားလုံးကြည့်ရှူ့လှူဒါန်းနိုင်အောင် ဈေးနှုန်းကိုလည်း သင့်တင့်မျှတတဲ့ဈေးကို သတ်မှတ်ထားပါတယ်။ ဒီပွဲကို ရှင်သန်ရေးကူညီမှုအသင်းနဲ့ တူတူလုပ်ဖြစ်တာကလည်း ကျမ မွေးနေ့အလှူကစပြီး ရှင်သန်ရေးကူညီမှုအသင်းနဲ့ အတူတူ လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီအသင်းက ဒုက္ခရောက်နေတဲ့အသင်းကို အမြဲကူညီပေးနေတဲ့ အသင်းလည်းဖြစ်တဲ့ အတွက် ဒီအသင်းကို အရမ်းသဘောကျပါတယ်" လို့ပြောပြပါတယ်။ ခိုင်နှင်းဝေ ပရဟိတလူငယ်အသင်းဟာ ၂၀၁၄ ခုနှစ်က သရုပ်ဆောင်ခိုင်နှင်းဝေကို ချစ်မြတ်နိုးကြတဲ့ ပရိတ် သတ်များက အွန်လိုင်းတွင် We Love Khine Hnin Wai ဆိုပြီး ဖွဲ့စည်းခဲ့ကာ ခိုင်နှင်းဝေနဲ့ ပရဟိတလူငယ်များမှ အကူအညီ လိုအပ်ပြီး ချို့တဲ့သော ဘုန်းတော်ကြီးကျောင်းများကို ကထိန်သင်္ဃန်းများဆက်ကပ်ခြင်း၊ ကထိန်ခင်းကျင်း၊ ရှင်အပါး ၁၀၀ ကိုရှင်ပြုပေးခြင်း၊ မိဘမဲ့ကလေးသူငယ်ကျောင်းများကို အလှူပေးခြင်း ၊ မ သန်စွမ်းကျောင်းများကို အလှူများ ပြုလုပ်ခြင်း၊တိရစ္တာန်များကို ကယ်ဆယ်ခြင်း စတဲ့ ကုသိုလ်များကို ပြု လုပ်နေတဲ့ ပရဟိတအဖွဲ့လည်း ဖြစ်ပါတယ်။ ယုမွန်ကျော် | ||||||
| တန်ကြေးသင့်အနေနဲ့ရနိုင်မယ့် ဇိမ်ခံမော်ဒယ် Buick Encoreနဲ့ Lincoln MKX Posted: 01 Oct 2015 12:07 AM PDT ဒီတပတ်မှာတော့ ကျနော်တို့ အမေရိကန် အခြေစိုက် ကုမ္ပဏီ နှစ်ခုကနေထုတ်လုပ်လာတဲ့ မော်ဒယ်တွေကို လေ့လာသုံးသပ်ကြည့်ရအောင်ပါနော်။ မော်ဒယ်တွေက ဇိမ်ခံအနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ဈေးကွက်အတွင်းအာရှနဲ့ ဥရောပထုတ် မော်ဒယ်တွေက တန်ကြေးသင့် အနေနဲ့ရအောင် ထိုးဖောက်ရောင်းချလာတာကြောင့် သူတို့လည်း ဈေးလျော့ ပြီးတော့ အခုမော်ဒယ်နှစ်ခုကို တန်ကြေးသင့်အနေနဲ့ရအောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အမေရိကန် အခြေစိုက်ချင်းတူပေမယ့် Buickကတောင် အမေရိက ဈေးကွက်မှာနေရာကောင်းရပြီး Licoln ကတော့ ဒေသခံဈေးကွက်မှာ နေရာရနေတာတွေ့ရပါတယ်။ ပြီးတော့ အရင်တုန်းကဆိုရင် အခုကုမ္ပဏီ နှစ်ခုက SUV တွေကိုထုတ်လုပ်မှုများတာမဟုတ်ပေမယ့် အခုနောက်ပိုင်းမှာ SUV နဲ့အတူ Crossover တွေ ခေတ်စား လာတာကြောင့် သူတို့လည်းလိုက်ပြီး ထုတ်လုပ်လာတာကြောင့် အခုမော်ဒယ်တွေကို ဘယ်လောက်ထိ ကောင်းမွန်အောင် ဖန်တီးထားနိုင်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်နော်။ ဟုတ်ပါပြီ၊ ကျနော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင်ပါနော်။
အားသာချက် … Encore ရဲ့ ပထမဆုံးပြောရမယ့် အားသာချက်ကတော့ အတွင်းခန်းတည်ဆောက်မှုဖြစ်ပြီးတော့ ရိုးရှင်းတယ်၊ အဆင့်မြင့်တယ်၊ အရည်အသွေးကောင်းတယ်၊ အသုံးပြုရလွယ်ကူမယ့် အထိုင်တွေနဲ့ အတွင်းခန်းကို ပြင်ဆင်ထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ ဆီစားနှုန်းသက်သာကောင်းမွန်တာပဲ ဖြစ်ပြီး ဒေသတွင်းအခြေစိုက် မော်တော်ကားကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု မော်ဒယ်တွေထက်လည်း ဆီစား ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်တချက်ကတော့ ထည့်သွင်းထားတဲ့ အသုံးပြုနိုင်မှု နည်းပညာတွေ များပြားတာ ဖြစ်ပြီးတော့ အဆင့်မြင့် ဇိမ်ခံမော်ဒယ်တွေလောက်ထိအောင် ပြိုင်နိုင်တဲ့ အနေအထား တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်ရဲ့ အသက်ကယ် စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းကလည်း ထိပ်တန်း အဆင့်မှာရှိနေတာတွေ့ရတာပဲ ဖြစ်ပါတယ်။ Lincoln MKX အနေနဲ့ကဇိမ်ခံမော်ဒယ်တွေကိုအကောင်းဆုံး ပြင်ဆင် ဖန်တီးထုတ်လုပ်နေကျ ကုမ္ပဏီတခုအတွက် အရည်အသွေးအနည်းငယ် လျော့ထားတာကလွဲလို့ အပြင်အဆင်အပိုင်းမှာတော့ ထိပ်တန်းအဆင့်လောက်ထိအောင် ရှိနေတာတချက်က မော်ဒယ်ကိုလူကြိုက်များစေနိုင်ပါတယ်။ နောက်တချက်ကမောင်းနှင်ရမှု အပိုင်းမှာရော လိုက်ပါ စီးနင်းရမှုအပိုင်းအပါအ၀င် ခရီးဝေး မောင်းနှင်မှုတွေ အတွက်ထိအောင်ပါ သက်တောင့်သက်သာ ဖြစ်စေသလို အတွင်းခန်းလည်း ကျယ်ဝန်းတာ တွေ့ရပါတယ်။ နောက်ဆုံးပြောရမယ့် တချက်ကတော့ မော်ဒယ်ရဲ့ ရုပ်ထွက်ကသိသာပေါ်လွင်တာပဲ ဖြစ်ပြီး တခြားမော်ဒယ်တွေနဲ့စာရင် တံဆိပ် မမြင်ရသည့်တိုင်အောင် ထင်သာမြင်သာတာပဲ ဖြစ်ပါတယ်။ အားနည်းချက် … Encore က အင်ဂျင်စနစ်ကိုအသေးစားဖြစ်အောင် ဖန်တီးထားတာတွေ့ရလို့ပုံမှန် အမေရိကန်ထုတ် မော်ဒယ်တွေလိုကောင်းမွန်တဲ့ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်နဲ့ အတူမြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေ အားနည်းတာတွေ့ရပါတယ်။ နောက်တချက်ကတော့ အတွင်းခန်းအပြင်အဆင် ကောင်းမွန်တာမှန်ပေမယ့် ပုံမှန်အနေအထားထက် အတွင်းခန်း အကျယ်အ၀န်းကျဉ်းတာဖြစ်ပြီး ခရီးဝေးသွားလာမှုအတွက် အနည်းငယ် အခက်တွေ့စေသလို တဆက်တည်းဖြစ်တဲ့ နောက်ဖက်ဝန်တင်ခန်းလည်း ကျဉ်းတာတွေ့ရပါတယ်။ MKX မှာထည့်သွင်းတပ်ဆင်ထားတဲ့ MyLincoln ဆိုတဲ့ ဖျော်ဖြေရေးစနစ်ကို ကုမ္ပဏီကသူ့ရဲ့ မော်ဒယ်တိုင်းမှာ ကိုယ်ပိုင်စနစ်အနေနဲ့ ထည့်သွင်းတပ်ဆင် ထုတ်လုပ်တာတွေ့နိုင်ပေမယ့် အခု MKX မှာတော့ အဆိုပါစနစ်ရဲ့ Touchအပိုင်းက တော်တော်လေးအားနည်းနေတာ တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်အနေနဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာလည်း အားနည်းချင်သလိုအမြန်နှုန်းထိန်းချုပ်မှုရဲ့ ဘရိတ်ပိုင်းစနစ်မှာလည်း အားနည်းပါသေးတယ်။ နောက်ဆုံးတချက်ကတော့ Auto စနစ်နဲ့ မော်ဒယ်တွေက ဂီယာချက် ပြောင်းလဲ အသုံးပြုရမှု အားနည်းချင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်း … Encore က Crossover တန်းဝင်အောင် ဖန်တီးထားတာဖြစ်ပြီးအပြင်ဘက် အရောင်အပိုင်းမှာ အခုနောက်ပိုင်းဥရောပနဲ့ အာရှဈေးကွက်အကြိုက်တည်ငြိမ်တဲ့ အရောင် ၈ ရောင်ပဲ ထုတ်လုပ်ထားပြီး အတွင်းပိုင်းအပြင်အဆင်က အထည်နဲ့ တိုက်တမ်နီယမ်ဦးစားပေးပုံစံ နှစ်မျိုးရပါတယ်။ မော်ဒယ်ကအလျား ၁၄ပေနဲ့ ၀.၄လက်မပဲ ရှိပြီး မြို့တွင်းမောင်းမော်ဒယ်အနေနဲ့ အကောင်းဆုံး ဖြစ်သလိုမျက်နှာစာအကျယ်က ၅ပေနဲ့ ၉.၉၈လက်နဲ့ အမြင့်ကတော့ ၅ပေနဲ့ ၅.၃လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ အာရှထုတ် မော်ဒယ်တွေနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုးကိုထုတ်လုပ်ထားတာတွေ့ရပြီးအတွင်းခန်းတွေကတော့ ရှေ့ဖက်ခန်းက ၅၄.၂လက်မနဲ့ နောက်ဖက်ခန်းက ၅၂.၆လက်မရှိပြီးတော့ ပုံမှန် အတွင်းခန်းအနေအထားထက် ၄လက်မလောက်ထိအောင် ကျဉ်းနေတာလည်း ဖြစ်ပါတယ်။ MKX ကလည်းအမေရိကဈေးကွက်အတွက်တင် မဟုတ်ပဲဥရောပဈေးကွက်ထိအောင် ခြေဆန့်လာတာကြောင့် အရောင်ပိုင်းမှာစုစုပေါင်းအရောင် ၈ရောင်ထိအောင် ထုတ်လုပ်ထားသလိုအတွင်းပိုင်းကလည်းသားရေ၊ အထည်၊ ကတ္တီပါ ပုံစံနဲ့ ၆မျိုးထိအောင် ရွေးချယ်နိုင်ပါတယ်။ ကိုယ်ထည်က Crossoverတန်းဝင်လို့ ဆိုနိုင်အောင် အလျားက ၁၅ပေနဲ့ ၆.၇လက်မပဲ ရှိသလိုမျက်နှာစာအကျယ်က ၆ပေနဲ့ ၄လက်မနဲ့ အမြင့်ကတော့ ၅ပေနဲ့ ၇.၃လက်မထိအောင် ရှိနေမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကိုမြေပြင်နဲ့ ၈လက်မထိအောင် ခွာထားပြီးအတွင်းခန်း ကျယ်ဝန်းမှု ကောင်းအောင်လို့ ရှေ့ခန်းက ၅၈.၉လက်မ အထိုင်နဲ့ နောက်ဖက်ခန်းက ၅၈.၇လက်မထိအောင် ဖွဲ့ထားပါတယ်။
အင်ဂျင်ပိုင်း … Encoreကို မြင်မိသလောက်တော့ အမေရိကန်ထုတ် မော်ဒယ်တွေထဲမှာအင်ဂျင်အသေးစားစနစ်တပ် မော်ဒယ်ဖြစ်ပြီးတော့ ပုံမှန် လေးလုံးထိုးအင်ဂျင်ကိုTurboတွေ Chargerတွေ တခုမှ ကူမထားပါဘူး။ အင်ဂျင်ကအခြေခံလည်ပတ်အားတမိနစ် အပတ်ရေ ၁၈၅၀မှာ ရုန်းအားက ၁၄၈ပေါင်-ပေထိအောင် ရှိနေပြီးစွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၃၈ကောင်အားပါ။ ရုန်းအားများတဲ့ မော်ဒယ် ဖြစ်ပေမယ့် ကိုယ်ထည်ကမြေပြင်နဲ့ ၆လက်မကျော်လေးပဲ လုပ်ဆောင်ထားသလိုအင်ဂျင်စနစ် သေးတာကြောင့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မကောင်းလှပါဘူး။ အင်ဂျင်ရဲ့ အများဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တမိနစ် အပတ်ရေ ၄၉၀၀ထိအောင်ပဲ ဖြစ်လို့ ပုံမှန်ထက် သိသိသာသာနည်းတာ ဖြစ်ပြီးအမြန်ဆုံးမောင်းနှင်နိုင်မှုလည်း အားနည်းတာတွေ့ရပါတယ်။ MKX ရဲ့ တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၃.၇ လီတာသုံး V6 တန်းဝင် အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် V6 တန်းဝင်ထဲမှာလည်း အကြီးဆုံးဖြစ်နေသလို ကိုယ်ထည်အရွယ်နဲ့စာရင် အင်ဂျင်စနစ်ကပိုပြီး ကြီးချင်နေသလိုပါ။ အခြေခံလည်ပတ်အားတမိနစ် အပတ်ရေ ၄၀၀၀ မှာ ရုန်းအားက ၂၈၀ ပေါင် -ပေရှိပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၀၅ကောင်အားပါ။ အခြေခံရုန်းအားများပေမယ့် စွမ်းအင်ထွက်ရှိမှု ကောင်းမွန်နေတာ တချက်ကမော်ဒယ်ကိုလမ်းစုံမောင်းနှင်နိုင်မှာဖြစ်ပေမယ့် ဆီစားနှုန်းတော့ များသွားစေတာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တမိနစ် အပတ်ရေ ၆၅၀၀ ထိ ဖြစ်ပါ တယ်။
မောင်းနှင်နိုင်မှု … Encore ရဲ့ အလေးချိန် ပေါင် ၃၂၃၇ ထိအောင် ရှိနေတာကအင်ဂျင်ကို မနိုင်ဝန် ထမ်းခိုင်းနေသလိုပါ၊ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ၁၀၁၈ပေါင်နဲ့ ဆိုရင် မော်ဒယ်ကအင်ဂျင်လည်းသေးတော့ အပြေးသန်မယ် မထင်ရတော့ပါဘူး။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင် တနာရီကီလိုမီတာတရာနှုန်း အတွက် အချိန် ၉.၈ စက္ကန့်လောက်ထိအောင် ယူနေတာတွေ့နိုင်ပြီးဂီယာချက်စနစ်မှာ Auto စနစ်နဲ့ ဖြစ်ပေမယ့် ဂီယာချက် ၆ ချက်ထိအောင်ပဲ သုံးနိုင်မယ့်အနေအထားကတော့ လူကြိုက်နည်းစေပါတယ်။ ကျနော်တို့ အာရှ ဈေးကွက်အတွက်တော့ အဆင်ပြေပေမယ့် အခုနောက်ပိုင်းမော်ဒယ်က ဥရောပဈေးကွက်ဘက်မှာ နေရာသိပ်မရလှတာ တွေ့ရပါတယ်။ MKX မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလိုဘီးစုံယက်စနစ်နဲ့လည်းရနိုင်ပေမယ့် ကျနော်ကတော့ အင်ဂျင်ကြီးကြီးမှာ ဆီစားပြန်ချိုမယ့် ရှေ့ဘီးယက်စနစ်နဲ့ မော်ဒယ်ကိုပိုကြိုက်ပါတယ်။ Auto စနစ်နဲ့ ဂီယာချက် ၆ ချက်ကိုပဲသုံးပြီးမောင်းနှင်မယ့် အနေအထားက ဥရောပမှာတော့ မျက်နှာပန်းမလှပေမယ့် ကျနော်တို့ ဆီမှာတော့ အဆင်ပြေပါတယ်။ မော်ဒယ်အနေနဲ့ အင်ဂျင်လည်းကြီးသလို အခြေခံလည်ပတ်အား လည်း များတာကြောင့် ဆီစားနှုန်းအပိုင်းမှာ ပျမ်းမျှဆီတဂါလံအတွက် ၂၁ မိုင်လောက်ပဲရမှာပါ။ ဘီးစုံယက်စနစ်နဲ့ ဆိုရင်တော့ ၁၉ မိုင်လောက် မောင်းနှင်နိုင်မှာဖြစ်ပြီးတပ်ဆင် ဆီတိုင်ကီတွေကတော့ ၁၈.၃ ဂါလံထိအောင် ဆံ့ဝင်လို့ အရမ်းကြီးမဆိုးပေမယ့် နည်းနည်းသေးချင်ပါတယ်။ သုံးသပ်ချက် … Encore အနေနဲ့က တန်ကြေးပိုင်းမှာ အသင့်လောက်ရှိတဲ့ မော်ဒယ်ဖြစ်ပြီးတော့ ဈေးကွက်မှာအမေရိကန်ရဲ့ အင်ဂျင်အသေးစားတပ်မော်ဒယ်အနေနဲ့ အစမ်းထွက်လာတဲ့ သဘောပါ။ ဆီစားနှုန်းအပိုင်းမှာဆိုရင် ဆီတဂါလံကိုပျမ်းမျှ ၂၆ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ် ဆိုတော့ မဆိုးပါဘူး။ ဒါပေမယ့် အာရှထုတ် မော် ဒယ်တွေနဲ့စာရင်တော့ နည်းနည်းများနေသေးတာပါ။ နောက်ပြီးအသက်ကယ်စနစ်နဲ့ ကိုယ်ထည်ရဲ့ လုံခြုံစိတ်ချရမှု မြင့်မားသလိုဘရိတ်ပိုင်းမှာလည်းတနာရီမိုင် ၆၀နှုန်းကနေရပ်တန့်မယ် ဆိုရင် ၁၂၃ပေလောက်ထိပဲ ယူတဲ့ အနေအထားကပုံမှန်ပါပဲ။ MKX ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတနာရီမိုင် ၆၀နှုန်းအတွက် ရှေ့ဘီးယက် စနစ်နဲ့ ဆိုရင် ၉စက္ကန့် နီးပါးလောက်ထိအောင် ကြာမှာ ဖြစ်လို့ ပုံမှန်လောက်ပဲ ဖြစ်ပေမယ့် ဘီးစုံယက် စနစ်နဲ့ ဆိုရင်တော့ ၇.၃စက္ကန့်ပဲ ဖြစ်လို့ အင်ဂျင်စနစ် အကြီးစားတပ်ဆင်ထားရှိမှုရဲ့ အရသာကိုခံစားရမှာ ဖြစ်သလိုဒီလို တန်းဝင် မော်ဒယ်တွေထဲမှာလည်းလက်ချိုးရေတွက်လို့ ရလောက်အောင် စွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ် တန်းဝင် ဖြစ်နေတာပါ။ တနာရီမိုင် ၆၀နှုန်းကနေရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၃၃ပေထိအောင် ယူနေတာတချက်က ပြိုင်ဖက်မော်ဒယ်တွေထက် သိသာတဲ့ အားနည်းချက် ဖြစ်နေတာပါ။ ဒီတော့ ကျနော့် အနေနဲ့ ပြောရမယ် ဆိုရင် ဈေးနှုန်းပိုင်းမှာကိုပဲ ကြည့်ပြီးရွေးချယ်ရမယ့် သဘော ဖြစ်သလို ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးများနေမယ် ဆိုရင်တော့ အရည်အသွေးကောင်းတာမှန်ပေမယ့် Encoreကနောက်မှာကျန်နေခဲ့နိုင်ပါတယ်။ ဒါဆိုရင်တော့ MKXကကျနော်တို့ အတွက် ဈေးနှုန်းကသင့်သင့်၊ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ကသင့်သင့်နဲ့ တခြားမော်ဒယ်တွေထက် ထူးခြားပေါ်လွင်တဲ့ မော်ဒယ်တခုအဖြစ်နဲ့ မျက်စိရှေ့ရောက်လာတယ်လို့ ဆိုရရင် ပိုမှန်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ထည်လည်းမာတယ်၊ ဆီစားလည်းသင့်တယ်၊ Brandကတော့ မြင့်တယ်၊ စိတ်ချရတယ်၊ ဈေးကချိုတယ်၊ သင့်တယ်၊ ဒါဆိုကျနော်တို့ အရွေးမမှားဖို့ပဲလိုတော့မှာပါဗျာ။ လင်းထက်(IA) |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |













0 comments:
Post a Comment