The Irrawaddy's Blog |
| Posted: 23 Oct 2015 01:17 AM PDT ကိုနေလင်းအောင် (ခ) ပေါက်စ အသက် ၃၅ နှစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁)၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် ကျနော်က သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ Reform လုပ်တော့ သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက်မှာ NLD လူငယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တယ်။ ၂၀၁၃ ခုနှစ် မေလမှာကျင်းပတဲ့ လူငယ်ညီလာခံမှာ ရန်ကုန်တောင်ပိုင်းခရိုင် တာဝန်ခံအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ကျနော့် ဆန္ဒ အလျောက် လျှောက်ခဲ့ပါတယ်။ ဗဟိုက ကိုယ်စားလှယ်လောင်းအဖြစ်ရွေးခဲ့တယ်။ နိုင်ငံရေးအလုပ်ဆိုတာ အများအကျိုး အတွက် လုပ်တာလို့ ကျနော်မြင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပေါ့။ နိုင်ငံရေးအလုပ်ဆိုတာ အမြင့်မြတ်ဆုံးပရဟိတတဲ့။ ဒါကြောင့် အများကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ်ထင်လို့ ပါတီဝင်ခဲ့ တယ်၊ လုပ်ခဲ့တယ်။ ဒီ ၂၀၁၅ မှာတော့ NLD ပါတီက ရန်ကုန်တိုင်းမှာကော၊ မြို့နယ်အများစုမှာပါ ကိုယ်စားလှယ်လောင်း ရွေးလိုက်တဲ့အထဲမှာ လူငယ်အများစုပါတယ်။ လူငယ်တော်တော်များများကို မွေးထုတ်လိုက်တယ်ပေါ့။ ကျနော်တို့ သန်လျင်မှာဆိုရင်လည်း ကိုယ်စားလှယ်လောင်း ၄ ယောက်မှာ ၃ ယောက်က လူငယ်တွေ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ၊ ပညာရေးအခြေအနေအရ လူငယ်တွေက မျက်စိပိတ် နားပိတ် တောက်လျှောက် ဖိနှိပ်ခံခဲ့ရတယ်။ ဒီနေ့ခေတ်မှာ အခုလိုလူငယ်တွေ တော်တော်များများ ပါတီနိုင်ငံရေးမှာ ပါဝင်လာတာကတော့ ကွင်းဆက်တခုကို ပြန်ချိတ်ဆက်လိုက်တာလို့ပဲ ကျနော်မြင်ပါတယ်။ ကျနော်တို့ သန်လျင်က ဝန်ထမ်းတွေ အဓိကနေကြတာများတယ်။ နေရာတိုင်းမှာ ဖြစ်နေသလိုပဲ ကိုယ့်ဆန္ဒကို ပေါ်ပေါ်တင်တင် မဖော်ထုတ်ရဲဘူးလို့ ကျနော်ထင်တယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ ရှိနေမှာပေါ့နော်၊ လာမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတမှု ရှိခဲ့ရင်တော့ သန်လျင်မှာ NLD အနိုင်ရလိမ့်မယ်။ ဒီနေ့လူငယ်တွေကို ဘယ်လိုမြင်လဲဆိုတော့ လူငယ်ဆိုတာ ခွန်အားပဲလေ၊ လူငယ်ရဲ့ တန်ဖိုးနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအများကြီးရှိတယ်။ လူငယ်တွေသာ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်ထဲ အများကြီးဝင်သွားရမယ်ဆိုရင် လာမယ့် လွှတ်တော်ကြီးက သစ်လွင်သွားလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။ တကယ်တော့ လူကြီးဆိုတာက လူငယ်တွေထက် အတွေ့အကြုံပိုရှိတာမှန်ပါတယ်။ ဒါပေမယ့် ရဲရဲရင့်ရင့်နဲ့ လုပ်ရဲပြောရဲတာ လူငယ်တွေပဲ။ ဒီတော့လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ လူငယ်တွေရဲ့ ခွန်အားပေါင်းမှသာ အောင်မြင်မယ်လို့ ကျနော် မြင်ပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ပါဝင်လာတယ်ဆိုတာ တွေ့လာရတယ်။ ဒီထက်ပိုပါဝင်လာရင် ပိုကောင်းမယ်။ လူငယ်ဆိုတာ အများပြောနေကျစကားရှိပါတယ်၊ ဖရောင်းလိုပဲတဲ့၊ ပုံသွင်းတဲ့သူကောင်းမယ်ဆိုရင် လှပလာမှာပေါ့။ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တာက ဆက်ကြိုးစားကြပါလို့ပဲပြောချင်ပါတယ်။ အေးချမ်းမြေ့ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |








0 comments:
Post a Comment