Related Posts Plugin for WordPress, Blogger...

October 30, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ဗီယက်နမ်စာ ကောင်းကောင်းရနိုင်တဲ့ Golden Pho

Posted: 29 Oct 2015 03:26 AM PDT



photo - The Irrawaddy

 ရန်ကုန်မြို့မှာ ဥရောပအစားအစာ၊ အမေရိကန် အစားအစာ၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း စတဲ့ ကမ္ဘာတဝန်းက အစားအစာဆိုင် အများအပြားရှိပေမယ့် အာရှအစားအစာ တမျိုးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အစားအသောက်များ သီးသန့်ရနိုင်တဲ့ စားသောက်ဆိုင် အနည်းငယ်သာ ရှိပါတယ်။
အဲဒီထဲကမှ အရသာ၊ အပြင်အဆင်နဲ့ ဝန်ဆောင်မှု ကောင်းမွန်တဲ့ ဆိုင်တဆိုင်ကို ညွှန်းရရင်တော့ ရန်ကုန်ရဲ့ အေးချမ်းတဲ့ လမ်းတလမ်းထဲမှာ ပါဝင်တဲ့ ယောမင်းကြီးလမ်းက Golden Pho ဆိုတဲ့ ဗီယက်နမ် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။



ဆိုင်နာမည်ဖြစ်တဲ့ Golden Pho မှာပါတဲ့ Pho ဆိုတဲ့ စာသားက ဗီယက်နမ်ရဲ့ နာမည်ကြီး ခေါက်ဆွဲတမျိုးကို တင်စားပြီး ပေးထားတာဖြစ်တဲ့အကြောင်း ဆိုင်ပိုင်ရှင် ဗီယက်နမ်အမျိုးသမီး Ms.Kellie က ရှင်းပြပါတယ်။
Pho Bo လို့ အမည်ရတဲ့ ခေါက်ဆွဲရဲ့ အရသာက အထူးဆွဲဆောင်မှု ရှိပါတယ်။ ခေါက်ဆွဲကို အရည်၊ အသုပ် ကြိုက်နှစ်သက်ရာမှာယူနိုင်ပြီး ကိုယ်နှစ်သက်တဲ့ အသားနဲ့ မှာလို့ရပါတယ်။ ကျမတို့က အမဲသားနဲ့ ခေါက်ဆွဲအရည် မှာယူခဲ့ပါတယ်။ အမဲသားလွှာ၊ အမဲသားလုံးတို့ကို နူးညံ့တဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ ပြုတ်ထားပြီး နံနံပင်၊ ငရုတ်သီး၊ ပဲပင်ပေါက်၊ ရှမ်းနံနံ၊ ခပေါင်းရွက်တွေ ထည့်စားရတာပါ။ Soy bean sauce ၊ Chilli sauce တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ အဆီမပါတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သလို ဈေးနှုန်းကလည်း ၄၀ဝ၀ ကျပ်ကနေ ၅၀ဝ၀ ကျပ် ဖြစ်တာကြောင့် သင့်လျော်တဲ့ ဈေးနှုန်းလို့ ဆိုနိုင်ပါတယ်။



နောက်ထပ်တမျိုး ညွှန်းချင်တာကတော့  paper roll ဖြစ်ပါတယ်။ ဆန်ပြားထဲကို ပဲပင်ပေါက်၊ သခွားသီး စတဲ့ အသီးအရွက်တချို့နဲ့ အမဲသား၊ ငါးဖယ်၊ ပုစွန်၊ ကြက်သား ကြိုက်နှစ်သက်ရာအသားတွေ ထည့်သွင်း လိပ်ထားပြီး Dipping sauce နဲ့ တွဲဖက်စားသုံးရတာပါ။ Paper roll ကို လတ်လတ် ဆတ်ဆတ် စားနိုင်သလို ကြော်ထားတဲ့ Fri roll အနေနဲ့လည်း စားသုံးနိုင်တာကြောင့် အာရှသားများရဲ့ ခံတွင်းတွေ့စေမယ့် အစားအစာတမျိုး ဖြစ်မှာပါ။



"Pho ဆိုတဲ့ ခေါက်ဆွဲကတော့ လူကြိုက်များတယ်။ နိုင်ငံခြားသားအများစုလည်း စားကြတယ်။ ကော်ဖီဆိုရင်လည်း အနောက်တိုင်းအရသာ ကော်ဖီလိုမဟုတ်ဘဲ ဗီယက်နမ်စတိုင်လ် သောက်သုံးနိုင်အောင် စီစဉ်ထားတယ်" လို့  Golden Pho စားသောက်ဆိုင်ပိုင်ရှင် Ms.Kellie က ဧရာဝတီကို ပြောပါတယ်။

နေ့လယ်စာကို ထမင်းမစားချင်သူ၊ ခေါက်ဆွဲပြုတ်လည်း မစားချင်သူတွေအတွက်တော့ Bagutte လို့ အမည်ရတဲ့ ပေါင်မုန့် အဆာသွတ်ကို ညွှန်းချင်ပါတယ်။ အပေါ်ယံသား ကြွပ်ရွနေတဲ့ ပေါင်မုန့်ထဲကို အသီးအရွက်များနဲ့ ကြိုက်နှစ်သက်ရာ အသားတမျိုးမျိုး အစာသွတ်ပြီး စားသုံးရတာ ဖြစ်ပါတယ်။ အရသာလည်းကောင်းမွန်ပြီး ပုံမှန်စားနေကျ အသားညှပ် ပေါင်မုန့်တွေလို အီသွားတဲ့အရသာမျိုး မခံစား ရတာကြောင့် စားသုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။



ပေါင်မုန်နဲ့အတူ ရာသီပေါ် သီးနှံဖျော်ရည်အဖြစ် သံပရာရနံ့သင်းတဲ့ ကြံရည်တခွက် သောက်လိုက်မယ် ဆိုရင်တော့ နေ့လယ်စာကို မြန်မြန်ဆန်ဆန်နဲ့ ဗိုက်ဖြည့်ပြီးသား ဖြစ်သွားမှာပါ။
Golden Pho ဗီယက်နမ် စားသောက်ဆိုင်မှာ ဗီယက်နမ်နိုင်ငံက စားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပြီး ဗီယက်နမ်နဲ့ ပြည်တွင်းကဝယ်ယူတဲ့ အသီးအရွက်၊ အသားငါးတွေကို အသုံးပြုတယ်လို့လည်း သိရပါတယ်။
ဆိုင်မှာရရှိနိုင်တဲ့ အစားအသောက်တွေကတော့ Noodle Soup ၊ Salads အမျိုးမျိုး၊ Appetizers အဖြစ်  Spring roll အမျိုးမျိုး၊  ကြံချောင်းကို ငါးဖယ်အုပ်ပြီး ကြော်ထားတဲ့ ဗီယက်နမ် အစားအစာတခုဖြစ်တဲ့ Sugar cane prawns and fish wrapped ၊ Baguette များအပြင် သောက်စရာများအဖြစ် ရာသီပေါ်သီးနှံ ဖျော်ရည်များ၊ ကော်ဖီနဲ့  Dessert တွေလည်း ရရှိနိုင်ပါတယ်။

အစားအသောက်တွေရဲ့ ဈေးနှုန်းတွေကလည်း ၁၀ဝ၀ ကျပ်ကနေ ၆၀ဝ၀ ကျပ်အထိ ဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၆၂ ၊ မြေညီထပ် ၊ ယောမင်းကြီးလမ်း ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့








မေစစ်ပိုင်




Halloween’s Day ဆိုတာ

Posted: 29 Oct 2015 02:03 AM PDT





လူငယ်တွေ အနေနဲ့ အောက်တိုဘာလ ၃၁ ရက်ညမှာ ကျရောက်လာမယ့် Halloween' s day အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေလောက်ပါပြီ။ အဲဒီနေ့မှာ လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေဟာ သရဲတွေလို ပြင်ဆင်ပြီး Halloween's night party တွေလုပ်ကြပါတယ်။ ဟိုအရင်ကတော့ သိပ်ပြီးခေတ်စားတဲ့ ပွဲတပွဲ မဟုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့အညီ လူငယ်တွေ စိတ်ဝင်စားတဲ့ ပွဲတခု ဖြစ်လာခဲ့ပါတယ်။

Halloween ဆိုတဲ့စကားဟာ Hallowed evening ဆိုတဲ့ စကားရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဲဒီစကားလုံးကို 1556 ခုနှစ် London ရဲ့ Nichols' ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ Celtic ပြက္ခဒိန်ရဲ့ နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးချိန်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ဟာ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ နှစ်ဟောင်းတနှစ်ရဲ့ နောက်ဆုံးည ဟာ စုန်း၊ ကဝေညလို့ ယူဆကြသလို၊ သူတော်စင်တွေရဲ့ အကြိုညလို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူတော်ကောင်းတရားနဲ့ မကောင်းမှုများ အားပြိုင်ကြတဲ့နေ့လို့လည်း ဆိုပါတယ်။

ဒီနေရာမှာ Halloween နဲ့ ပတ်သက်တဲ့ ဖရုံသီးအကြောင်းလည်း ပြောဖို့လိုပါလိမ့်မယ်။ Jack ရဲ့ မီးအိမ်ဆိုတဲ့ အယူအဆဟာ အိုင်ယာလန် ပြည်နယ်ကနေ အမေရိကားကို ယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အမှန်စင်စစ် အဲဒီ မီးအိမ်ဟာ ဖရုံသီးတလုံး မဟုတ်ပါဘူး။ ကပ်စေးနည်းလွန်းတဲ့ Jack ဆိုတဲ့ လူတယောက်ဟာ  သူသေရင် သူ့ရဲ့စိတ်ဝိညာဉ်ကို မယူရဘူးလို့ နတ်ဆိုးတကောင်နဲ့ ကတိပြုထားခဲ့ပါတယ်။ သူသေသွားတဲ့ တနေ့မှာတော့ စိန့်ပီတာက သူဟာ လူ့ဘဝတုန်းက ကပ်စေးနည်းခဲ့တဲ့အတွက် သူ့ကို နိဗ္ဗာန်ဘုံတံခါးဝကို ဝင်ခွင့်မပေးဘဲ ငရဲကို သွားခိုင်းပါတယ်။ သူငရဲပြည်တံခါးဝကို ရောက်သွားချိန်မှာတော့ သူနဲ့ ကတိပြုခဲ့ဖူးတဲ့ နတ်ဆိုးက သူ့ကို ကယ်တင်ထားပြီး နိဗ္ဗာန်နဲ့ ငရဲကြားက အမှောင်နေရာတခုမှာ သူ့ကိုထားခဲ့ပါတယ်။ ဒါပေမယ့် သူက အမှောင်ထဲက ထွက်နိုင်မယ့်နည်းလမ်းကို နတ်ဆိုးကိုမေးတဲ့အတွက် နတ်ဆိုးက ငရဲမီး တခဲ ပေးလိုက်ပါတယ်။ Jack ဟာ အဲဒီ မီးခဲကို သူ့အကြိုက်ဆုံးတွေထဲက တခုဖြစ်တဲ့ အခေါင်းပါ မုန်လာဥဖြူ တဥထဲမှာ ထည့်ပြီး သူသွားလေရာ ယူသွားတတ်ပါတယ်။ အဲဒါကတော့ Jack O' lantern ဆိုတဲ့ ဂျက်ရဲ့မီးအိမ်ပါပဲ။

သူတော်စင် အကြိုညများမှာ မုန်လာဥဖြူ၊ ဘူးသီး၊ အာလူး၊ သကြားမုန်လာ စတာတွေရဲ့ အထဲမှာ အလင်းရောင်ကို ထည့်သွင်းပြီး သရဲတစ္ဆေ မကောင်းဆိုးဝါးများကို ထွက်သွားစေဖို့ Jack က လုပ်ပေးရပါတယ်။ အဲဒါက ဂျက်ရဲ့ မီးအိမ်အစစ်ပါပဲ။ နောက်ပိုင်းမှာတော့ အမေရိကားကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ Irish လူမျိုးများက ဖရုံသီးဟာ တခြားအသီးတွေထက် ထွင်းထုဖို့ပိုပြီး လွယ်ကူတာကို ရှာဖွေတွေ့ရှိသွားကြပါတယ်။ အဲဒီနောက်မှာတော့ ဖရုံသီးကိုပဲ ဂျက်ရဲ့ မီးအိမ် Jack O' lantern အဖြစ် အသုံးပြုလာကြပါတယ်။

ဒီညမှာ လူငယ်တွေဟာ သူ့ထက်ငါ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ပါဝင်ဆင်နွှဲတတ်ကြပါတယ်။ မိတ်ကပ်၊ အဝတ်အစား စတာတွေနဲ့ ပုံစံအမျိုးမျိုး ပြင်ဆင်ပြီး Halloween party ကို ကျင်းပကြပါတယ်။ ဒီပွဲဟာ လူငယ်အများစု စိတ်ဝင်တစားနဲ့ ပါဝင်ကြတဲ့ ပွဲတပွဲဖြစ်တာမို့ လူငယ်တော်တော်များများဟာ ပါတီလုပ်ဖို့၊ မိတ်ကပ်ပြင်ဆင်ဖို့၊ အဝတ်အစားဒီဇိုင်း ထွင်ဖို့ စတာတွေနဲ့ စိတ်လှုပ်ရှားကြတဲ့ ပွဲတပွဲအဖြစ် ဖော်ပြပေးလိုက်ပါတယ်။



ထက်ဦးဝေ

0 comments:

Post a Comment