The Irrawaddy's Blog |
| မော်ဒယ်မြင့် Alto တွေ စွမ်းဆောင်ရည်ကောင်းလာတယ် Posted: 30 Oct 2015 03:23 AM PDT
ကျနော်တို့ ရန်ကုန်မှာတော့ Alto တွေကို အတွေ့ရဆုံးပုံစံကTaxi တွေအနေနဲ့ပါပဲနော်။ အိမ်စီးတွေအနေနဲ့ တွေ့ရပေမယ့် တော်တော်လေးကို ရှားပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ဘူးလေ။ မိသားစုငါးယောက်စီးအနေအထားလောက်ထိအောင် ဖန်တီးထားတာမှန်ပေမယ့် Alto က Air-con တွေ ထည့်လိုက်၊ ဖျော်ဖြေရေးစနစ်တွေပါ တိုးလိုက်တော့ သူ့မှာ တပ်ဆင်ထားတဲ့အင်ဂျင်လေးနဲ့ ဘယ်လိုလုပ် နိုင်တော့မှာလဲ။ ကျနော်တို့ မြန်မာလူမျိုးတွေကလည်း ခက်သားလားဗျ၊ ကားလေးတစ်းစီးဝယ်ပြီးပြီ ဆိုတာနဲ့ ရန်ကုန်မှာနေတယ်ဆိုရင်တောင် ရန်ကုန်မှာပဲသွားဖို့လာဖို့ သုံးရုံတင်မဟုတ်ပဲ၊ တခါတလေ ဘုရားဖူးလေး၊ အပန်းဖြေလေး ထွက်လိုက်ရင် ဒီကားနဲ့ပဲ သွားချင်တာကို၊ ဒီမှာ City အတွက်လောက်ပဲအဆင်ပြေတဲ့ အင်ဂျင် အသေးတပ် Alto ကအိမ်စီး မော်ဒယ်အနေနဲ့ အံမ၀င်တော့ဘူး။ ဒါနဲ့ ရန်ကုန်မှာပဲ အလုပ်ဖြစ်တဲ့ Taxi အနေနဲ့ Alto တွေဖြစ်နေရတော့တာပါ။ ဒါပေမယ့် အခုကျနော်ပြောမယ့် Alto လေးတွေကတော့ မော်ဒယ်မြင့်လေးတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဥရောပဈေးကွက်မှာတင် မော်ဒယ်ရဲ့ အောင်မြင်မှုနဲ့ အတူ ၂၀၂၀ မှာ ဥရောပတ၀ှမ်း ဓါတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီးသတ်မှတ်ချက်နဲ့ မညီတဲ့ မော်ဒယ်တွေကို တင်သွင်းခွင့်တွေ ပိတ်တော့မယ်လေ။ ဒီတော့ ဥရောပမှာ ကားသေးလေးတွေ အ၀ယ်လိုက်၊ လူကြိုက်နေသဗျ။ ဒါနဲ့ Suzuki က Swift ကို အဆင့်မြှင့်တင်၊ နောက် Alto ကိုပါ မြှင့်လာတယ်။ ဒါကြောင့် မော်ဒယ်မြင့် Alto တွေက ကောင်းလာတယ်၊ မြင့်လာတယ် ဆိုတဲ့ စကားလေးပြောချင်လို့ အထက်က စာလေးက စကားခံလိုက်တာပါနော်။ ပြည်တွင်းမှာတော့ အရမ်းမြင့်တဲ့ မော်ဒယ်တွေ မတွေ့ရသေးပေမယ့် ၂၀၁၀-၁၁ ခုနှစ်ဝန်းကျင်ထုတ် Alto တွေ အ၀င်များလာတာပါ။ အင်ဂျင်ပိုင်းကတော့ အရင်ကမော်ဒယ်တွေလိုပဲ ၆၆၀ စီစီအင်ဂျင်ကိုပဲတပ်ဆင်ထားသေးတာ ဖြစ်ပေမယ့် အင်ဂျင်ပိုင်းကစွမ်းဆောင်ရည် တော်တော်လေး တက်လာတာ တွေ့ရသလို ဆီစားနှုန်းပိုချိုလာပါတယ်။ ဈေးကွက်ဝင် မော်ဒယ်မြင့် Alto လေးတွေက ကီလို ၅သောင်း ၀န်းကျင်လောက် မောင်းနှင်ထားပြီး ဖြစ်တာကြောင့် သက်တမ်းအရ လေးချိုးတစ်ချိုးတော့ ကုန်နေပြီပေါ့ဗျာ။ ဒါပေမယ့် ဈေးနည်းနည်းလေးနဲ့ ရနိုင်မယ့် မော်ဒယ်မြင့်အတွက် သက်တမ်းသုံးချိုးတစ်ချိုးဆိုတာက နည်းတာမှ မဟုတ်တာ။ နောက်ပိုင်း Auto စနစ်တွေက ရှေ့ထွက် မော်ဒယ်လေးတွေထက် သွက်လာတယ်၊ ပျော့လာတယ်၊ မောင်းနှင်ရတာ ကောင်းလာတယ်၊ တော်တော်တန်တန် ခရီးဝေး စွမ်းဆောင်ရည်ပါ ပြလာနိုင်တယ်၊ ဒါပေမယ့် ခရီးဝေး မောင်းရင်တော့ Air-con မဖွင့်နဲ့ပေါ့ဗျာ။ အရောင်ပိုင်းကတော့ အရင်လိုပါပဲအဖြူတွေပဲအတွေ့ရများပါတယ်။ အတွင်းခန်းပိုင်း ထူးခြားမလာပေမယ့် ထိုင်ခုံပိုင်းလေးတွေတော့ အရင်ကထက် ပိုကောင်းလာတဲ့ Alto တွေကဈေးနှုန်းအရ ၈၅သိန်း လောက်ထိအောင် ခေါ်နေတာမှန်ပေမယ့် ကျနော်ကတော့ ၈၀ လောက်ပဲ အလွန်ဆုံးသင့်တယ်လို့ မြင်မိနေတာပါ။ လင်းထက်(IA) | ||
| အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး Posted: 30 Oct 2015 02:04 AM PDT တရုတ်ပြည် အနောက်တောင်ပိုင်းရှိ Guizhou ခရိုင်တွင် အသက် ၇ နှစ်အရွယ် ကျောင်းသားလေးဟာ အကြောသေရောဂါကို ခံစားနေရပြီး မလှုပ်ရှားနိုင်တဲ့ ဖခင်ကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပြုစုလုပ်ကျွေးနေခဲ့ တာပါ။ ၂၀၁၃ ခုနှစ် နွေရာသီကာလလောက်မှာ အောင်ရွန်လင်းဆိုတဲ့ အဆိုပါ ကလေးငယ်ဟာ ၀မ်းနည်းစရာ ကောင်းတဲ့ ကလေးဘ၀ကို ရရှိခဲ့တယ်လို့ဆိုရမှာပါ။ တနေ့ ရွန်လင်းရဲ့ ဖခင်ဟာ သူတို့ရဲ့ အိမ် ဒုတိယထပ်မှာ ရုတ်တရက် လဲကျသွားခဲ့ပါတော့တယ်။ အဲ့ဒီမှာ သူ့ရဲ့ ကြောရိုးမကြီး ပျက်ဆီးခဲ့ရပြီး ခါးအလယ်ပိုင်းကစလို့ မလှုပ်ရှားနိုင်တော့တဲ့ အကြောသေရောဂါကိုရရှိခဲ့တာပါ။ အဲ့ဒီရောဂါကို နှစ်ရှည်လများ ကုသလာရတဲ့ နောက်ဆက်တွဲ ပြဿနာတရပ်ကတော့ သူတို့ရဲ့မိသားစု ၀င်ငွေ ဆုတ်ယုတ်ထိခိုက်လာရခြင်းပါပဲ။ ရွန်လင်းရဲ့ ဖခင်ဟာ ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့ အခြေအနေကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်တဲ့ ရွန်လင်းရဲ့ မိခင်က သုံးနှစ်သမီးငယ်နဲ့အတူ ရွန်လင်းတို့ သားအဖကိုထားခဲ့ပြီး ထွက်ခွာ သွားခဲ့တာ နောက်ပိုင်းမှာ ဘာသံမှ မကြားရတော့အောင် အစအနပျောက်သွားခဲ့ပါတော့တယ်။ ရွန်လင်းဟာ မနက်တိုင်း ၆ နာရီဆို အိပ်ယာမှထ အစားသောက်အတွက် ပြင်ဆင်ကာ အထူးသဖြင့် သူ့ဖခင်ရဲ့ မနက်စာအတွက် သေသေချာချာ ပြင်ဆင်ပြီးမှသာ ကျောင်းသွားလေ့ရှိပါတယ်။ ပြီးရင် နေ့လည်ထမင်းစားချိန် မှာ သူ့ဖခင်ဆီပြန်လာပြီး ကိုယ်တိုင် ထမင်းကျွေးပါတယ်။ ရွန်လင်းဟာ သူ့လိုအရွယ် တခြားကလေးတွေလို ပျော်ရွှင်စရာကောင်းတဲ့ ကစားချိန်ဆိုတာ မရှိခဲ့ပါဘူး။ အတန်းပြီးတာနဲ့ ကျောင်းနားတ၀ိုက်ရှိ သံတိုသံစ၊ သစ်တိုသစ်စ၊ ဖြတ်စညှပ်စ စတဲ့ အပိုင်းအစလေးတွေကို လိုက်ရှာ လိုက်ကောက်ခြင်းဖြင့် သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးစေကာ အဲ့ဒီက ရလာတာလေးတွေကို ပိုက်ဆံနဲ့ ပြန်လဲလှယ်လေ့ရှိပါတယ်။ "ကျနော့အဖေ ဆေးဖို့အတွက် ပိုက်ဆံလိုပေမယ့် ကျနော့မှာ ပိုက်ဆံမရှိဘူး" လို့ ကလေးငယ်က China Youth Daily သတင်းဌာနကကို ပြောပါတယ်။ အဲ့ဒီလိုနည်းနဲ့ ပိုက်ဆံရှာရင်း အိမ်ပြန်ရောက်လာရင်လည်း အိပ်ယာပေါ်မှာသာ အမြဲလဲလျောင်းနေရတဲ့ သူ့အဖေရဲ့ ကျောဘက်နဲ့ တင်ပါးတွေမှာ ပြည်တည်နာလိုမျိုး အခေါင်းပေါက်ဖြစ်နေတဲ့ အနာတွေကို ဆေးထည့် ပေးရပြန်ပါတယ်။ ဒီလို နာကျင်မှုတွေကို အဆုံးသတ်သွားဖို့အတွက် မိမိကိုယ်ကိုတောင် သေကြောင်းကြံစည်ဖို့ မကြာခဏ ဆိုသလို တွေးမိတယ်လို့ ရွန်လင်းရဲ့ အဖေက ဆိုပါတယ်။ သို့ပေမယ့် အဲ့ဒီအချိန်မှာပဲ သားဖြစ်သူ ရွန်လင်း တယောက် မိဘမဲ့အဖြစ် ကျန်ရစ်နေခဲ့မှာကိုလည်း မထားခဲ့ရက်နိုင်ဘူးလို့ ပြန်စဉ်းစားဆင်ခြင်မိပြီး သူ့အတွေးကို နောင်တရမိတယ်လို့ ဆက်ပြောပါတယ်။ "အဖေမရှိဘဲ ကျနော် အသက်ရှင်မနေနိုင်ဘူး" လို့ ရွန်လင်းကဆိုလိုက်ခြင်းဖြင့် ဒါဟာ သူတို့နှစ်ဦး အတူတူ ဆက်လက် နေထိုင်သွားကြမယ့် အခြေအနေတခုပါပဲလို့ ပြောလို့ရပါတော့တယ်။ Ref: CCTVnews |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |














0 comments:
Post a Comment