Related Posts Plugin for WordPress, Blogger...

November 11, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်တဲ့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ

Posted: 10 Nov 2015 09:52 PM PST




ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်ပါ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာကို ထည့်သွင်းကြေငြာခဲ့ပါတယ်။

"၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် အားပေးကူညီထောက်ခံခဲ့ကြသော မိဘပြည်သူများ၊ အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ 

နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲအောင်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်အတူ မိမိပါတီမှ အောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပူးပေါင်းလက်တွဲပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ကြေညာအပ်ပါသည်။"

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လို့ ရေးသားဖော်ပြခဲ့တာပါ။

လက်ရှိတွင် UEC မှ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မည်သည့်ရာခိုင်နှုန်းအနိုင်ရရှိပြီဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့်  လက်ရှိအနေအထားမှာ အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် ရာခိုင်နှုန်းအလွန်နည်းပါးနေတယ်လို့ သိရပါတယ်။

Telenor Youth Forum ကို မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်နှစ်ဦး တက်ရောက်မည်

Posted: 10 Nov 2015 02:06 AM PST


Telenor Youth Forum တွင် မြန်မာကိုယ်စားပြု တက်ရောက်မယ့် မောင်ဖြိုးသူရဌေးနှင့် မဆုဝေစိုး(ဓာတ်ပုံ - တယ်လီနော မြန်မာ)

ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပမယ့် Telenor Youth Forum ကို မြန်မာနိုင်ငံမှ ကိုယ်စားပြု လူငယ်နှစ်ဦး တက်ရောက်မှာ ဖြစ်တယ်လို့ တယ်လီနော မြန်မာမှ ယခုလ ၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် လူငယ်နှစ်ဦးကတော့ အသက် (၂၁) နှစ် အရွယ်ရှိပြီး B.Com (Management & Marketing) ဘွဲ့ရထားတဲ့ မဆုဝေစိုးနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ Chemical Engineering မေဂျာ တက်ရောက်နေတဲ့ အသက် (၁၉) နှစ် အရွယ် မောင်ဖြိုးသူရဌေးတို့ ဖြစ်ပါတယ်။

မဆုဝေစိုးက "အိမ်တွင်းအကြမ်းဖက်မှုအတွက် အကြံဥာဏ်ပေးဆွေးနွေးမှု Hot-Line ကို တည်ထောင် ခြင်း" ဆိုတဲ့ အဆိုတင်သွင်းမှုနဲ့ Telenor Youth Forum ကို လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။ မဆုဝေစိုး အနေနဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို ပါဝင်ကူညီရင်း မြန်မာနိုင်ငံမှာ အိမ်တွင်း အကြမ်း ဖက်မှုများ ဖြစ်ပေါ်လျက်ရှိတာကို သိရှိပြီးနောက်မှာ ဖိနှိပ်ခံအမျိုးသမီးတွေကို ကူညီနိုင်ဖို့ တဖက် တလမ်းကနေ ပါဝင်ဆောင်  ရွက်ချင်စိတ်ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုတင်သွင်းမှုနဲ့ ပတ်သက်ပြီး မဆုဝေစိုးက "အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီး တွေက သူတို့ရဲ့ အခြေအနေကို ပြောပြဖို့ ရှက်နေတာ၊ ဒါမှမဟုတ် သူတို့အကြောင်းကို ပြောပြတဲ့အခါ လုံလောက်တဲ့ အားပေးမှု မရလောက်ဘူးလို့ ခံစားနေရတဲ့အတွက် သူတို့ ဖြစ်နေတဲ့ကိစ္စတွေကို တခြားသူတွေနဲ့ ဆွေးနွေးဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမက အမျိုးသမီး တွေအတွက် သူတို့ရဲ့ အိမ်တွင်ြး ပဿနာတွေကို ဖုန်းဆက်ပြီး ကျွမ်းကျင်သူတွေနဲ့ အမည်မသိသူက ဖုန်းခေါ်တဲ့ပုံစံနဲ့ ဆွေးနွေးနိုင်ဖို့ Hot-Line တစ်ခုကို တည်ဆောက်ချင်တာပါ" လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက "Telenor Youth Forum ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့  တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာမိပါတယ်။ အော်စလိုမှာ တခြားနိုင်ငံက လူငယ်တွေနဲ့ ဆွေးနွေး ပြီးတဲ့နောက် အမျိုးသမီးတွေကို ကူညီဖို့ အကြံဥာဏ်ကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ် အသက် ၁၉ နှစ်အရွယ် ကျောင်းသား မောင်ဖြိုးသူရဌေး ကတော့ တက္ကသိုလ် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို မိုဘိုင်း Application ကို တီထွင်နိုင်ရန် ကြံဆနေသူတဦး ဖြစ်ပါတယ်။

"ကျနော်တို့ တက္ကသိုလ်တွေမှာ စာသင်ကြားတာအပြင် ကျောင်းသားတွေက သူတို့ သင်ယူနေတဲ့ ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ၊ ဗဟုသုတတွေကို ရရှိနိုင်ပါတယ်။ ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖို့အတွက် Telenor လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေရဲ့ အကူအညီ လိုအပ် ပါတယ်။ အခုလို Telenor Youth Forum မှာ ရွေးချယ်ခံခဲ့ရသူတဦးအနေနဲ့ ဒါကို အကောင်အထည် ဖော်ဖို့ ကျနော့်အတွက် ပထမဆုံး ခြေလှမ်းတခု ဖြစ်ပါတယ်" လို့ မောင်ဖြိုးသူရဌေးက ဆိုပါတယ်။

ယခုနှစ် ကျင်းပမယ့် Telenor Youth Forum (#TYF15) ကို တယ်လီနော စီးပွားရေးလုပ်ငန်း တည်ထောင်ထားတဲ့ နိုင်ငံများမှ ကိုယ်စားပြုလူငယ်များ (၂၅) ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

"ကျနော်တို့ အခုရွေးချယ်ခဲ့တဲ့ လူငယ်နှစ်ဦးက မိုဘိုင်းချိတ်ဆက်မှုကို အသုံးပြုပြီး လူမှုပတ်ဝန်းကျင် ကို ထိရောက်စေမယ့် ထိုးဖောက်မှုမျိုးကို ဆောင်ကျဉ်းပေးမယ့် ရည်ရွယ်ချက်တွေ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ တွေ့ရပါတယ်။ သူတို့က မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ကောင်းတွေ ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်" လို့ တယ်လီနောမြန်မာရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Petter Furberg မှ ပြောပါတယ်။

သူက ဆက်ပြီး "ကမ္ဘာတဝှမ်းက သူတို့လိုမျိုး အတွေးအခေါ်ချင်းတူတဲ့ တခြားလူငယ်တွေနဲ့ အပြု သဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး လူထုအသိုင်းအဝိုင်းကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆန်းသစ်မှုရှိတဲ့ အကြံဥာဏ်တွေ ဖလှယ်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။

Telenor Youth Forum တွင် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဗဟုသုတ အချက်အလက်များ စုဆောင်းရာ နေရာ Wikipedia ကို တည်ထောင်သူ Jimmy Wales မှ အဓိက အမှာစကား မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး Forum အတွက် အခြားသော နယ်ပယ်အသီးသီးမှ အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များကို မိန့်ခွန်ပြော        ကြားပေးရန် ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

နှစ်စဉ် ကျင်းပတဲ့ Telenor Youth Forum ပွဲဟာ နိုဘယ်လ်ဆုပေးပွဲ ရက်သတ္တပတ်နှင့် တချိန်ထဲ ဖြစ်ပြီး ယခုနှစ်အတွက် Theme ကို #KnowledgeForAll လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။


သီဟတိုး


မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန် အစီအစဉ် MPT Partner အဖြစ်ပါဝင်

Posted: 09 Nov 2015 11:33 PM PST



မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT က အောက်တိုဘာ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန် အစီအစဉ်အတွက် Official partner အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

တယ်လီသွန်ဟာ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီးရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ သီတင်းကျွတ် Coca cola ဂီတဖျော်ဖြေပွဲရဲ့ လှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်။ MPT က ဂီတပွဲတော်နဲ့ တယ်လီသွန်ရဲ့ ဆက်သွယ်ရေးကဏ္ဍ ၂ ခုစလုံးအတွက် Official partner   အဖြစ် ကူညီဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ နေတိုး၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ နန်းစုရတီစိုးတို့ကလည်း တယ်လီသွန် ပြုလုပ်ရာ ယာယီအဆောက်အဦးမှာ လှူဒါန်းမှုမှတ်တမ်းအတွက် အသိအမှတ်ပြုဖို့ ရှိနေခဲ့သလို၊ ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုခြင်း၊ လှူဒါန်းမှု ကတိကဝတ်များလက်ခံခြင်းတို့အတွက် အလှမယ်များဖြစ်ကြတဲ့ ထက်ထက်ထွန်း၊ မေဘရဏီသော်၊ ဟန်လေးနဲ့ ချိုချိုထွန်းတို့ကဆောင်ရွက်ပေးကြပါတယ်။

"မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန်ရန်ပုံငွေရှာဖွေပွဲက နိုင်ငံတဝှမ်းမှာ ရေဘေးသင့်ဒေသတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေတဲ့ MPT ရဲ့ လှုပ်ရှားမှုတွေထဲက တခုဖြစ်ပါတယ်၊ ရန်ပုံငွေဖျော်ဖြေပွဲ မှာလည်း ပျော်ရွှင်စရာအချိန်အခါတွေ ဖန်တီးပေးမှာပါ။ မိသားစုတွေ အများကြီးတစုတဝေးတည်း ပျော်ရွှင်နိုင်တယ်၊ မတူညီတဲ့ ဂီတမျိုးဆက်တွေနဲ့ ဂီတအမျိုးအစား အကုန်လုံးကိုလည်း တပေါင်းတစည်းတည်း ခံစားနိုင်တယ်ဆိုတော့ ဒီလိုပွဲကြီးမှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် MPT က အရမ်းဝမ်းသာဂုဏ်ယူပါတယ်" လို့ MPT-KSGM Joint Operationsရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောခဲ့ပါတယ်။

လှူဒါန်းမှု တခုပြုလုပ်ရန် ပြောကြားပြီးပါက ငွေသားများကို Rebuild Myanmar Fund သို့ အဆင်ပြေ နှစ်သက်ရာ ရိုးမဘဏ် ဘဏ်ခွဲတွေကနေ လွှဲပေးနိုင်မှာဖြစ်ပြီးတယ်လီသွန်ဖုန်းခေါ်ဆိုမှုများမှာ မှတ်ယူထားမယ့် အချက်အလက်တွေမှာတော့ ခေါ်ဆိုသူအမည်၊ လှူဒါန်းမယ့် ပမာဏ၊ မှတ်ပုံတင်နံပါတ်၊ နေထိုင်တဲ့ မြို့နယ်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။


ထက်ဦးဝေ


0 comments:

Post a Comment