The Irrawaddy's Blog |
- နေရာတိုင်းမှာ တွေ့နိုင်တဲ့ Toyota Alphard
- ကချင်စာ ရန်ကုန်မှာ စားချင်ရင် ရှယီကို သွားပါ
- “တနေ့တော့ အောင်မြင်မှာပါ”
- အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီလို့ ဖွင့်ဟ၀န်ခံလိုက်တဲ့သရုပ်ဆောင်ချာလီရှင်း
| နေရာတိုင်းမှာ တွေ့နိုင်တဲ့ Toyota Alphard Posted: 18 Nov 2015 11:43 PM PST
ကျွန်တော်တို့ ပြည်တွင်းမှာတော့ ဇိမ်ခံ မော်ဒယ်လည်းဖြစ်၊ နောက်ပြီး အတွင်းခန်းကျယ်ကျယ်၊ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ နေရာတိုင်းမှာတွေ့နိုင်တဲ့ မော်ဒယ်ကတော့ အခုပြောမယ့် ဂျပန်အခြေစိုက် Toyota ရဲ့ မော်ဒယ်ဖြစ်တဲ့ Alphard ပဲ ဖြစ်ပါတယ်။ MPV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အကြီးစား အနေအထားအဖြစ် သတ်မှတ်နိုင်သလို ဇိမ်ခံမော်ဒယ်အနေနဲ့လည်း သတ်မှတ်နိုင်ပါသေးတယ်။ ဒီမော်ဒယ်တွေက အင်ဂျင်ပိုင်းမှာလည်း ကားတစ်စီးလုံးရဲ့ ဖျော်ဖြေရေးနဲ့ တခြား ဆက်စပ်စနစ်တွေကို စိတ်ကြိုက်သုံးနိုင်အောင် အင်ဂျင်စနစ်ကို ကြီးမားထားတာကြောင့် ခရီးဝေးမောင်းနှင်မှုတွေအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေ ကောင်းမွန်တာ တွေ့ရပြီး များသောအားဖြင့်တော့ ပြည်တွင်းမှာ ဈေးနှုန်းသင့်တင့်တာကြောင့်ရယ်၊ အတွင်းခန်း ကျယ်ဝန်း တာကြောင့်ရယ်၊ ဆီစားလည်း မဆိုးတာရယ်နဲ့ နောက်ဆုံး ဇိမ်ခံအနေနဲ့ သုံးနိုင်မှု၊ မောင်းနှင်ရလွယ်ကူမှုနဲ့ နည်းပညာမြင့်မားမှုတွေကြောင့် လူကြိုက်များတယ်လို့ သိရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ အခု မော်ဒယ်ကို နည်းနည်းလောက်ဆက်ပြီး လေ့လာကြည့်ရအောင်ပါနော်။ ဘယ်လိုမော်ဒယ်လဲ … Alphard ဆိုတာက တချို့ဈေးကွက်မှာဆိုရင် Vellfire ဆိုတဲ့ နာမည်နဲ့လည်း လူသိများတာပါ။ ၂၀၀၂ ခုနှစ်ကနေ စတင်ထုတ်လုပ်လာခဲ့တာဆိုတော့ သက်တမ်းအနေနဲ့ ၁၄ နှစ်ထဲကို ရောက်လာပြီဖြစ်ပြီး မျိုးဆက်ပြောင်းလဲ အဆင့်မြှင့်ထုတ်လုပ်မှုတွေလည်း ရှိပါတယ်။ ဂျပန်နိုင်ငံမှာပဲ အများဆုံး တပ်ဆင် ထုတ်လုပ်တာဖြစ်ပြီး ကိုယ်ထည်ပိုင်း တည်ဆောက်ပုံမှာ အဓိကအနေနဲ့ အတွင်းခန်း ထိုင်ခုံအရေအတွက် အပေါ်မူတည်ပြီး ရွေးချယ်စရာ နှစ်မျိုး ရနိုင်ကာ တစ်မျိုးက ခုနစ်ယောက်စီး မော်ဒယ်နဲ့ နောက်တစ်မျိုးက ရှစ်ယောက်စီး မော်ဒယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ minivan လို့ Alphard ကို ခေါ်ကြပြီး Grade အနေနဲ့ ဆိုရင်လည်း သုံးမျိုးပဲထွက်ရှိပါတယ်။ အဲဒါတွေကတော့ G, V နဲ့ Hybrid မော်ဒယ်ခွဲတွေပါ။ ဒါနဲ့ Alphard နဲ့ ပတ် သက်လို့ တစ်ခု ပြောစရာရှိတာက မော်ဒယ်ကို Toyota က ဂျပန်မှာပဲ ရောင်းချဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး မိသားစုစီး မော်ဒယ်အနေနဲ့ ဖန်တီးခဲ့ပေမယ့် ဈေးကွက်အောင်မြင်မှုမှာတော့ တဖြည်းဖြည်းနဲ့ အောင်မြင်လာတာ ဖြစ်ပြီး လက်ရှိမှာ ဘာရိန်း၊ ဘင်္ဂလားဒေရှ့်၊ ဘီလာရုစ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုမန်၊ ဖိလစ်ပိုင်၊ ရုရှ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်နိုင်ငံတွေထိအောင် နောက်ပိုင်းမှာ တင် ပို့ရောင်းချလာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ Alphard ကို လေးယောက်စီး မော်ဒယ်အနေနဲ့လည်း ထုတ်လုပ်သေးတာတွေ့ရပြီး ၂၀၀၆ ခုနှစ်အတွင်းက Royal Lounge Alphard မော်ဒယ်ကို မိတ်ဆက်ခဲ့တာဖြစ် ပြီး သူက Nissan Elgrand မော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့ ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ပုံမှန် Alphard ထက် စွမ်းဆောင်ရည်မြှင့်ထားတဲ့ Vellfire ကိုလည်း ထုတ်လုပ်သေးပြီး Alphard ရဲ့ နောက်ဆက်တွဲဖြစ်ပေမယ့် တ ကယ်ကတော့ Alphard ပါပဲ။ ပထမ မျိုးဆက် … ၂၀၀၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Alphard မော်ဒယ်တွေကိုတော့ ပထမမျိုးဆက်အဖြစ်နဲ့ သတ်မှတ်တာပါ။ ဂျပန်နိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်ပြီးတော့ တံခါးလေးပေါက် ဒါမှမဟုတ် ငါးပေါက်စနစ် မော်ဒယ်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီမျိုးဆက်မှာတော့ အင်ဂျင်စနစ် နှစ်မျိုး ရွေးချယ် နိုင်အောင် ထုတ်လုပ်တာတွေ့နိုင်ပြီး မြင်းကောင်ရေ ၁၆၀ အားထွက်ရှိတဲ့ ၂.၄ လီတာသုံး အင်ဂျင်စနစ်နဲ့ မြင်းကောင်ရေ ၂၂၀ အား သုံးနိုင်မယ့် ၃.၀ လီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းကျတဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာတော့ ဂီယာချက်က ၄ ချက်ကိုပဲ သုံးနိုင်တာ ဖြစ်ပြီး Auto နဲ့ သွားပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဂီယာချက် ၅ ချက်ထိအောင် သုံးလာနိုင်တာ လည်း ဖြစ်ပါတယ်။ ပထမမျိုးဆက် အနေနဲ့ အလေးချိန် ပျမ်းမျှ ၁၇၉၀ ကီလို ဂရမ်ရှိပြီး အလျားက ၁၉၁ လက်မ၊ မျက်နှာစာ အကျယ် ၇၁.၁ လက်မနဲ့ အမြင့် ၇၆.၂ လက်မ ရှိပြီးတော့ အတွင်းခန်း အကျယ်အ၀န်း အတွက် အရေးပါလှတဲ့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏဟာဆိုရင် ၁၁၀ လက်မထိအောင် ရှိတာလည်း ဖြစ်ပါတယ်။ မော်ဒယ်ကို ဈေးကွက် စတင်ထုတ်လုပ်ချိန်က Nissan Elgrand မော်ဒယ်နဲ့ Honda Elysion မော်ဒယ်တွေကို ဈေးကွက်ပြိုင်ဖို့ ရည်ရွယ်လာတာဖြစ်ပြီး မော်ဒယ်ရဲ့အားကောင်းမှုက လက်ရှိမှာ Toyota ထုတ်လုပ်သမျှ MPV တွေထဲမှာ ဂျပန်ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ်အတွင်း ရုပ်ထွက်ပိုင်း ပြင်ဆင်မှုရှိခဲ့ပေမယ့် အကြီးစား ပြောင်းလဲမှု မဟုတ်တာ ကြောင့် မျိုး ဆက်မပြောင်းလဲခဲ့သလို Hybrid မော်ဒယ်တွေလည်း ပထမမျိုးဆက်မှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယ မျိုးဆက် … ၂၀၀၇ ခုနှစ်ကနေ ဒုတိယမျိုးဆက်ကို ပြောင်းလဲထုတ်လုပ်လာပြီးတော့ အခုနှစ် အစောပိုင်းထိအောင် ဒုတိယ မျိုးဆက်ကို ဈေးကွက်တင်ခဲ့ပါတယ်။ Vellfire လို စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေလည်း ထုတ်လုပ်လာလို့ ဈေးကွက်နေရာ ရရှိမှုများလာ သလို ၂၀၀၇ခုနှစ်မှာ စထုတ်ပေမယ့် ၂၀၀၈ခုနှစ် မော်ဒယ် အနေနဲ့ ဈေးကွက်တင်လာတာပါ။ ဂျပန်နိုင်ငံ၊ အီချီမှာ ရှိတဲ့ Inabe စက်ရုံမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်ပြီး ဒီ မျိုးဆက်မှာလည်း ကိုယ်ထည် တည်ဆောက်ပုံက ပထမမျိုးဆက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာ အရွယ်အစား ပြောင်းလဲထုတ်လုပ်မှု ရှိလာပြီးတော့ မြင်းကောင်ရေ ၁၆၈ ကောင်အားထုတ်ပေးနိုင်မယ့် ၂.၄ လီတာသုံး အင်ဂျင်တပ်မော်ဒယ်နဲ့ မြင်းကောင်ရေ ၂၆၆ ကောင်ကနေ ၂၇၆ ကောင်အားအတွင်း ထုတ်ပေး နိုင်မယ့် ၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေ ဖန်တီးလာပါတယ်။ Transmission ပိုင်းမှာ ပြောင်းလဲမှု ကြီးကြီးမားမား တွေ့လာရပြီး ၂.၄ လီတာသုံး မော်ဒယ်တွေမှာဆိုရင် ဂီယာချက် ၇ ချက်သုံးနိုင်မယ့် Super CVT-I စနစ်နဲ့ တွေ့လာရသလို ၃.၅ လီတာသုံး မော်ဒယ်တွေမှာတော့ Auto စနစ်နဲ့ ဂီယာချက် ၆ ချက်သုံး မော်ဒယ်တွေ ဖြစ်လာပါတယ်။ ဒုတိယမျိုးဆက်မှာ အတွင်းခန်း ပိုမို ကျယ်ဝန်းလာပြီး ရှေ့ဘီးနဲ့ နောက် ဘီးထောက်ကြား ပမာဏလည်း ၁၁၆ လက်မထိအောင် ရှိလာပြီး ကိုယ်ထည် အလေးချိန်က ၁၉၁၀ ကီလိုကနေ ၂၀၇၀ ကီလို ဂရမ်အကြားလေးလာပေမယ့် ကိုယ်ထည် အရွယ်အစားကတော့ သိသာလောက်အောင် ပြောင်းလဲမှု မရှိလာခဲ့ပါဘူး။ တတိယမျိုးဆက် … မော်ဒယ်ရဲ့ တတိယ မျိုးဆက်ကတော့ အခုနှစ်မှာ စတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Alphard အနေနဲ့ပဲ တတိယ မျိုးဆက် ဖြစ်ပေမယ့် နောက်ဆက်တွဲ Vellfire အတွက်တော့ ဒုတိယမျိုးဆက်အနေနဲ့ပဲ ရှိနေပါသေးတယ်။ ဒီမျိုးဆက်မှာ ထူးခြားလာတာ တစ်ခုကတော့ ရုန်းအားယူစနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်သလို လေးဘီးယက်မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာပဲ ဖြစ်ပါတယ်။ အင်ဂျင်အရွယ်အစား နှစ်မျိုးပဲ ရွေးချယ်နိုင်တာ မှန်ပေမယ့် ၂.၅ လီတာသုံး အင်ဂျင်စနစ်နှစ်မျိုးရနိုင်ပြီး Hydrid အင်ဂျင်စနစ်က မြင်းကောင်ရေ ၁၅၀ အား ထွက်ရှိမှာဖြစ်ကာ ပုံမှန်မော်ဒယ်ကတော့ မြင်းကောင်ရေ ၁၈၀ အား သုံးနိုင်ပါလိမ့်မယ်။ ၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်မှာတော့ မြင်းကောင်ရေ ၂၇၆ ကောင်အား ထုတ်ပေးနိုင်မှာဖြစ်ကာ အခုမျိုးဆက်မှာ အရမ်းကြီး ထူးခြားတဲ့ပြောင်းလဲ အဆင့်မြှင့်မှုမျိုး တွေ့ရတာ အားနည်းသလိုပါ။ ပုံမှန် ၂.၅ လီတာသုံး မော်ဒယ် တွေကတော့ ဂီယာချက် ၇ ချက်ကို Super CVT-I စနစ်နဲ့ပဲ သွားပြီး ၃.၅လီတာသုံး မော်ဒယ်မှာက ဂီယာချက် ၆ ချက်သုံး Super ECT စနစ်နဲ့  သွားသလို Hybrid မော်ဒယ်မှာတော့ ဂီယာချက် ၆ ချက်သုံး CVT စနစ်နဲ့ ဖြစ်ပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏ သိသိသာသာ ထပ်တိုးလာပြီး လက်မ ၁၂၀ ထိအောင် ရှိလာသလို ကိုယ်ထည်ပိုင်းက အရင်က မော်ဒယ်တွေထက် ပျမ်းမျှ သုံးလက်မလောက်ထိအောင် ကြီးလာ ပါတယ်။ ကားရဲ့အလေးချိန်လည်း များလာပြီး မော်ဒယ်ခွဲ အပေါ်မူတည်ပြီးတော့ ၁၉၂၀ ကီလိုကနေ ၂၂၂၀ ကီလိုဂရမ်ကြား ရှိပါတယ်။ သိကောင်းစရာများ … အခု နောက်ဆုံးထုတ်မော်ဒယ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Alphard ကို ပုံမှန်ရောင်းချနေတဲ့ နိုင်ငံတိုင်းမှာတော့ မရသေးပါဘူး။ သိရသလောက် ဂျပန် အပါအ၀င် အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တွေမှာပဲ မော်ဒယ်သစ်ကို ရနိုင်နေသေးပြီး လက်ရှိမှာတော့ ရုရှမှာ မိတ်ဆက်နေတယ်လို့ သိရသလို အခု နောက်ဆုံး မျိုးဆက်ကို အာရှ ဈေးကွက်ထက် ဥရောပ ဈေးကွက်မှာ အောင်မြင်မှု ပိုမို ရရှိအောင် မျှော်မှန်းထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ မော်ဒယ်သစ်မှာ လက်ရှိ Toyota Crown တွေက ရှေ့ဖက်လေခွင်းပေါက်နဲ့ ဆင်တူတဲ့ အချက်တွေ ပါရှိနေသလို အလျား ၆၀ မီလီမီတာနဲ့ မျက်နှာစာ အကျယ် ၂၀ မီလီမီတာ တိုးထားပြီး အမြင့်မှာပဲ ၁၀ မီလီမီတာ လျော့ထားတာတွေ့ရပါတယ်။ နောက်ဆုံးထုတ် မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေကတော့ Nissan Elgran နဲ့ Honda Odysseyတွေ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းတွေကို ကြည့်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ Hybrid တွေဆိုရင် ဆီတစ်ဂါလံကို ၄၂ မိုင်လောက်ထိအောင် စီးနင်းလာနိုင်တာတွေ့ရပြီး တခြား မော်ဒယ် တွေကတော့ ကိုယ့်ရဲ့နည်းပညာ အသုံးချမှုအပေါ်နဲ့ အင်ဂျင် အရွယ်အစားပေါ်မူတည်ပြီး နည်းနည်း ပိုများနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ မျက်စိရှေ့မှာ ခဏခဏ တွေ့နေရတဲ့ Alphard တွေအကြောင်း တော်တော်လေး စုံလောက်ပါပြီနော်။ သူက ရှင်းပါတယ်၊ မော်ဒယ်နှစ်နဲ့ အင်ဂျင် အရွယ်ကို သိလိုက်တာနဲ့ ဘယ်လို စွမ်းဆောင်ရည်ရှိမယ်ဆိုတာ သိသာပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှုလည်း နည်းလို့ ဆိုရမှာပေါ့နော်။ လင်းထက် (IA) | ||
| ကချင်စာ ရန်ကုန်မှာ စားချင်ရင် ရှယီကို သွားပါ Posted: 18 Nov 2015 10:37 PM PST မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် တိုင်းရင်းသားရိုးရာ အစားအစာတွေနဲ့ ရင်းနှီးကြတာမဆန်းပါဘူး။ ရာသီဥတုလည်းပူတော့ ချဉ်စပ်အရသာရှိတဲ့ ဟင်းတွေက ပါးစပ်တည့်စေမှာပါ။ ရိုးရာချဉ်စပ်ဟင်းတွေထဲမှာ ကချင်ရိုးရာဟင်းလည်း အပါအဝင်ပါ။ တိုင်းရင်းသားဟင်းလျာတွေထဲမှာ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားရိုးရာ ဟင်းလျာအများစုက ချဉ်ချဉ်စပ်စပ်များဖြစ်လို့ ကချင်ဟင်းလျာကလည်း ချဉ်ချဉ်စပ်စပ်အစားအစာကို နှစ်သက်တဲ့ စားသုံးသူတွေအကြိုက်ဖြစ်စေမှာပါ။ ဒီတပတ်မှာတော့ အမှတ် ၇၆ ၊ လမ်း ၅၀ နဲ့ ၅၁ လမ်းအကြား ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ရှယီ ကချင်ရိုးရာ စားသောက်ဆိုင် (၁) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကချင်တိုင်းရင်းသားများ ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ မိသားစုဆိုင်လေးဖြစ်ပြီး ဝန်ထမ်းတချို့ကတော့ ရန်ကုန်ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့သိပ်မစူးတဲ့ အလင်းရောင်နဲ့ အေးမြတိတ်ဆိတ်မှုက ကြိုနေပါတယ်။ ကချင်ရိုးရာ ခေါင်းပေါင်းလေးတွေ ပေါင်းထားတဲ့ ဝန်ထမ်းတွေရဲ့ ထူးခြားတဲ့ပုံစံကလည်း အမြင်သစ်တခုကို ရရှိစေပါတယ်။ သိပ်ပြီးမကျယ်ဝန်းပေမယ့် အပြင်က ဆူညံသံတွေ ကင်းဝေးတဲ့အတွက် တိတ်ဆိတ်ပြီး သပ်ရပ်တဲ့ ဆိုင်ခန်း ဖွဲ့စည်းပုံဟာ ဆိတ်ငြိမ်မှုကို သဘောကျတဲ့ စားသုံးသူတွေအတွက် အံကိုက်ဖြစ်မှာပါ။ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ပျူငှာတဲ့ ဝန်ထမ်းများရဲ့ ဧည့်ဝတ်ကျေမှုကလည်း စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။ ရိုးရာဟင်းလျာ မျိုးစုံရရှိပြီး အာလူးခပုတ်ကြော်၊ တောင်ယာဟင်းပေါင်း၊ ကချင် ငါးချဉ်ငန်စပ်၊ အမဲသား မိုးလွတ်ကင်၊ ကချင်ရှန်ခတ်(အမဲသား တောက်တောက်စင်းကြော်)၊ ကချင်သီးစုံ ဟင်းရည်၊ ကချင်ဒံပေါက် စတဲ့ဟင်းလျာတွေဟာ လူကြိုက်များပြီး ကချင်ရှန်ခတ်နဲ့ကချင်ဒံပေါက်ကတော့ နိုင်ငံခြားသား အများစု မှာယူစားသောက်ကြတယ်လို့ သိရပါတယ်။ ကချင်အစားအစာက အစပ်များတဲ့အတွက် အစပ်မစားနိုင်တဲ့ တချို့စားသုံးသူများကို အစပ်လျှော့ပေးပြီး ကျန်တာကိုတော့ ရန်ကုန်စတိုင် ပြန်ပြင်ထားတာ မရှိပါဘူးလို့ ဆိုင်ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ကချင်ငါးချဉ်ငန်စပ်ကတော့ ကချင်ရိုးရာဟင်းတို့ရဲ့ ထုံးစံအတိုင်း ချဉ်ချဉ်စပ်စပ်ဖြစ်ပြီး ကချင်ရိုးရာ ဟင်းခတ် အမွှေးအကြိုင်များနဲ့ ချက်ပြုတ်ထားတာဖြစ်လို့ ခံတွင်းတွေ့စေပါတယ်။ အဲဒီဟင်းအမည် တပွဲကို ဈေးနှုန်း ၄၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီလို ချဉ်စပ်ဟင်းလျာကို စားသုံးပြီး အစပ်ပြေ အချိုတည်းဖို့အတွက် အာလူးခပုတ်ကြော်က သင့်တော် ပါလိမ့်မယ်။ အာလူးပြုတ်ကို ကချင် ဟင်းခတ်ပစ္စည်းများနဲ့ ရောစပ်ကြော်ထားတဲ့ အာလူးခပုတ်ကြော်ဟာ ခပ်ပျော့ပျော့နဲ့ ဆိမ့်တဲ့ အရသာရှိတဲ့အတွက် အစပ်ပြေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒီဟင်းလျာ အတွက်ကတော့ ၃၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ကချင် သီးစုံဟင်းရည်ကတော့ ပဲသီး၊ ဖရုံသီး၊ မုန်ညင်းဖြူ၊ ပိန်းဥ၊ ခရမ်းချဉ်သီးစတဲ့ အသီးအနှံတွေ ပါဝင်ပြီး အရည်က အနည်းငယ်ပျစ်ချိုပါတယ်။ အဆီအဆိမ့် လျှော့စားချင်သူတွေ၊ ဟင်းသီးဟင်းရွက် ကြိုက် နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် ဟင်းလျာတခုလို့ ဆိုရမှာပါ။ သီးစုံဟင်းရည်တပွဲကို (၃၀ဝ၀) ကျပ် ကျသင့်ပါမယ်။ ပိုကောင်းတာတခုက မှာထားတဲ့ ဟင်းလျာများကို မြန်မြန်ဆန်ဆန် ရရှိတာပါပဲ။ စောင့်ရတာ မကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။ ယမကာ နှစ်သက်သူတွေအတွက်ကတော့ ရှယီ ကချင်စားသောက်ဆိုင်ရဲ့ချက်ပြုတ်သူ စားဖိုမှူးတွေကိုယ်တိုင် ဖော်စပ်ထားတဲ့ ကချင်စပီ (ခေါင်ရည်) ကိုလည်းရရှိနိုင်ပါတယ်။ "ခေါင်ရည်ကို ကောက်ညှင်းဆန်၊ တောင်ပေါ်ဒေသက တဆေးတို့ အပါအဝင် တခြားအမည်တွေ ရောနှော ပြီး ချက်ထားပါတယ်။ ခေါင်ရည်ထဲ ထည့်ရမည့် အမည်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကတော့ ဒီမှာ မရတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားကနေ ကားနဲ့ဖြစ်ဖြစ် လေယာဉ်နဲ့ဖြစ်ဖြစ် မှာယူတယ်" လို့ စားဖိုမှူး မနမ်ဆိုင်းမှ ပြောပြပါတယ်။ ခေါင်ရည်က ဆောင်းတွင်းမှာရတဲ့ လှော်စာနဲ့ ခပ်ဆင်ဆင်တူပြီး အနည်းငယ် ပူပါတယ်။ ဆိုင်ဖွင့်ချိန်က နံနက် ၁၁ နာရီ ကနေ ည ၁၀ နာရီအထိဖြစ်ပြီး တနင်္ဂနွေနေ့များမှာတော့ ညနေ ၃ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် စားသုံးသူ ငါးဝိုင်း ခြောက်ဝိုင်းရှိပြီး ရန်ကုန်အခြေစိုက် မြန်မာနဲ့ တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံခြားသား များပါ လာရောက်စားသုံးကြပါတယ်။ ည ၇ နာရီကျော်ရင် ဧည့်သည်ပိုများတယ်လို့လည်း သိရပါတယ်။ ဒီဆိုင်လေးဟာ အစားအသောက်စားရင်း လုပ်ငန်းကိစ္စ တိုင် ပင်ဆွေးနွေးချင်သူတွေ၊ တိုင်းရင်းသား ရိုးရာဟင်းကို အရသာရှိရှိ စားသုံးချင်သူတွေ၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ နေ့လယ်စာ၊ ညစာ ထူးထူးခြားခြား စားချင်သူတွေအတွက် သင့်လျော်တယ်လို့ ညွှန်းချင်ပါတယ်။ ဟင်းလျာတမျိုးကို ကျပ် ၁၀ဝ၀ ကနေ ၆၀ဝ၀ အထိသာ ကျသင့်တာမို့ သင့်တင့်တဲ့ ဈေးနှုန်း၊ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ကြပါဦးနော်။ ထက်ဦးဝေ | ||
| Posted: 18 Nov 2015 09:45 PM PST ကျနော် သီချင်းဆိုနေတာ ၇ နှစ်ကျော်လောက် ရှိနေပါပြီ။ ဂီတကိုလုပ်ဖြစ်တာ ခံစားချက်က ဘယ်လို ရှိလဲဆိုတော့ ဂီတဟာ စိတ်ညစ်တာကို ဖြေဖျောက်လိုက်လို့ရတယ်၊ အဲဒီအတွက် ဂီတကို လေ့လာတယ်။ ကိုယ်တိုင်ဖန်တီးနိုင်အောင်လည်း ကြိုးစားခဲ့တယ်။ ခံယူချက်ကတော့ ရိုးရှင်းပါတယ်။ ကျနော် ဆုရခဲ့တဲ့ လူငယ်များရဲ့အသံ (Voice of the Youth) ပရောဂျက်ကို မြန်မာနိုင်ငံမှာရှိတဲ့ ဒိန်းမတ်သံရုံးကတဆင့် ဒိန်းမတ်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (DANIDA) ရဲ့ အကူအညီနဲ့ ဒီက Turning Tables Myanmar က ပြုလုပ်ခဲ့တာပါ။ အဲဒီသီချင်းတွေ ဝင်ပြိုင်လို့ရတယ်၊ သူတို့ သတ်မှတ်ထားတဲ့ဘောင်ကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တာတို့၊ လူသားချင်းစာနာတာတို့ အဲဒီလိုမျိုးတွေကို ဦးစားပေးပြီးတော့ လုပ်တာ။ ကျနော့်မှာက အရင်က အဲဒီလို ဆိုဖူးတဲ့သီချင်းတွေရှိတယ်လေ။ သိပ်အများကြီး မဟုတ်ပေမယ့် ၂ ပုဒ်၊ ၃ ပုဒ်လောက် ရှိတယ်လေ၊ သူများတွေလည်း နားထောင်ဖူးပါတယ်။ သူငယ်ချင်းတွေက အဲဒီသီချင်းတွေ နားထောင်ဖူးတော့ ဒီပြိုင်ပွဲလည်း ရှိတဲ့အခါကျတော့ အဲဒီမှာ မင်းသီချင်းတွေ ပေးလိုက်ပါလားလို့ ပြောတဲ့အတွက် ဝင်ပြိုင်ဖြစ်ခဲ့တယ်။ အဲဒီပွဲနဲ့လည်းကိုက်တယ် ဒီလိုသီချင်းမျိုး ဆိုတဲ့သူကလည်း ရှားတဲ့အတွက် ပေးလိုက်တယ်။ အဲဒီမှာ သူတို့ဘက်က အဲဒီသီချင်းကို ရွေးလိုက်တယ်။ သီချင်းနာမည်က အိမ် ပါ။ အဲဒီပုဒ်ကိုပဲ ပေးလိုက်တာပါ။ အဲဒီသီချင်းက ဘယ်လိုပုံစံမျိုးလဲ ဆိုတော့ ကျနော်တို့ရဲ့ ကမ္ဘာကြီးကို အိမ်တလုံးနဲ့ တင်စားထားတာပါ။ ကမ္ဘာကြီးဆိုတာ အိမ်တလုံးပဲ၊ ဒီကမ္ဘာကြီးမရှိရင် ကျနော်တို့ ဘယ်မှာသွားနေရမလဲ၊ ဒီအိမ်ကြီးထဲမှာ ဘယ်လိုပဲ ကွာပြားခြားနားမှုတွေ ရှိနေပါစေ၊ ဘယ်လိုပဲ အတိုက်အခံတွေရှိနေပါစေ အားလုံးစာနာစိတ်တွေ ထားပြီးတော့၊ မေတ္တာကို ရှေ့တန်းတင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်ဆိုရင် အကောင်းဆုံးပဲ ဆိုတဲ့ ပုံစံလေးပါ။ အွန်လိုင်းကနေပဲ ပို့လိုက်တယ်။ သူတို့ရွေးတယ်၊ ဆုရတယ်ဆိုတော့ အီးမေးလ်ကနေပို့တယ်။ ဖုန်းလည်း ဆက်ပြီး အကြောင်းကြားတယ်။ အဲဒီမှာ သူတို့တင်ထားတဲ့အခါ ဝင်ပြီးနားထောင်တဲ့သူတွေ အများကြီးပဲလို့ ပြောတယ်။ သီချင်းက မြန်မာလိုဆိုပေမယ့် နိုင်ငံခြားသားတွေအတွက်က ဘာ သာပြန်နဲ့ပေါ့။ ဒီသီချင်းက အခု လူငယ်တွေ ပါဝင်သီဆိုထားတဲ့ လူငယ်များအသံ သီချင်းခွေမှာပြန်ပါမယ်။ အဲဒီစီးရီးခွေ နိုဝင်ဘာ ၆ ရက်နေ့မှာ ထွက်ရှိပါမယ်။ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားလာမှု အပိုင်းကိုပြောရရင် လူငယ်တွေဆိုတာကဗျာ၊ လူကြီးတွေလိုတော့ အမှန်တရားအတွက် နှုတ်ပိတ်မနေတတ်ကြဘူး။ လူငယ်ပီပီ ထုတ်ဖော်ပြောကြတာတွေရှိတယ်။ အဲဒါကို နားလည်ပေးပြီးတော့ ကျနော်တို့ ဘာကိုပြောချင်တာလဲဆိုတာကို တကယ်သိအောင် လုပ်ပေးစေချင်တယ်။ ကျနော်တို့ ဒီလိုသီချင်းတွေ ဆိုပြတယ်ဆိုတာက ဒါမျိုးစိတ်တွေရှိလို့ပဲ။ ကျန်တာ ဘာမှမလိုပါဘူး။ နောက်ပြီးအဓိက လူကြီးတွေကို ပြောချင်တာမဟုတ်ဘူး။ နောက်လာမယ့် ကလေးလေးတွေကို Future အတွက်ဆိုပြတဲ့ ပုံစံမျိုးပါ။ ကျနော်က Hip Hop ဆိုတာလေ။ အဲဒီအတွက် Rap စာသားကိုလည်း သူတို့နားလည်အောင် ရိုးရိုးရှင်းရှင်းနဲ့ ဆိုထားတယ်။ Melody ကိုလည်း ကလေးတွေ ငယ်ငယ်က သင်ရတဲ့စာတွေလိုပဲ ရေးထားတယ်။ ဂီတနဲ့ လူအများကြီးကို အကျိုးပြုနိုင်မယ့်အရာကို ဖန်တီးတဲ့သူ တယောက်အနေနဲ့ဆိုရင် ကျနော်တို့ပေးတဲ့ Message လေးကို ရသွားမယ်ဆိုရင် ကျနော်တို့ ဖန်တီးတဲ့သူတွေက ကျေနပ်တယ်ဗျာ။ ကျနော်တို့သီချင်းကို ကြိုက်နေမှလည်း မဟုတ်ဘူး။ ကျနော်တို့သီချင်းကို အော်ဆိုနေမှလည်း မဟုတ်ဘူး။ ကျနော်တို့ သူတို့ကိုပေးချင်တဲ့ Message လေးတခု၊ အသိတရားလေးတခု သူတို့ခေါင်းထဲကို ရောက်သွားရင် ကျနော်တို့ ကျေနပ်တယ်။ အခု ကျနော်ရေးတဲ့ သီချင်းက နိုင်ငံရေးသီချင်းတော့ မဟုတ်ဘူး။ ရှေ့မှာတော့ နိုင်ငံရေး ဆန်ဆန်ပုံစံမျိုးတွေ ရေးခဲ့ဖူးတာမျိုးတော့ရှိတယ်။ ကျနော်တို့ တွေ့ကြုံနေရတဲ့ နေထိုင်မှုစနစ်တွေ၊ ပုံစံတွေကို ရေးထားတာတွေရှိတယ်။ အဲဒါကိုလည်း Hip Hop ဆန်ဆန် ကြမ်းကြမ်းလေးတွေ ရေးထားတာရှိတယ်။ ကြမ်းပေမယ့် ရိုင်းတာတော့မပါဘူး။ အခု ဆုရတဲ့ အိမ်ဆိုတဲ့သီချင်းကတော့ အနုအရွလေးပဲ၊ ကလေးတွေ အတွက် ရည်ရွယ်တာ။ သူတို့နားထောင်ပြီး ပျော်ပြီး ဆိုပြီးကနေလို့ရတဲ့ ပုံစံမျိုးပဲ ရေးထားတာလေ။ လူသားချင်းစာနာဖို့က အဓိကပါပဲ။ ဒီလိုသီချင်းတပုဒ် ဖန်တီးမှုအပိုင်းနဲ့ ကျနော့်ရဲ့ Thinking က ဘယ်လိုရှိလဲ ဆိုရင် ကျနော်တို့ ကလေးဘဝကတည်းက အခုချိန်ထိ ဖြတ်သန်းလာခဲ့တာပဲ၊ ပတ်ဝန်းကျင်ကို သိနေတာပဲ။ TV တွေကြည့်ရင်လည်း ကမ္ဘာအရပ်ရပ်က ဖြစ်နေတာတွေလည်း အကုန်မြင်တွေ့နေရတာပဲ၊ သမိုင်းတွေလည်း ကျနော်တို့ လေ့လာခဲ့ရတာပဲလေ။ ဒီလို သီချင်းမျိုးတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပဲလေ။ လူငယ်အချင်းချင်းအနေနဲ့လည်း ဘယ်လိုမြင်မိလဲဆိုရင် တချို့ကျတော့လည်း ဂီတဆိုရင် လုံးဝကို ပေါက်ကွဲထွက်ပြီး ဆူညံနေတာကို ကြိုက်ကြတယ်။ တော်လှန်ပုန်ကန်တဲ့ အထာတွေကို အားကျကြပေမယ့် တချို့ကျတော့ ငြိမ်းချမ်းရေးလို ပုံစံမျိုးကို သဘောကျကြတယ်ဗျာ။ ကျနော်ကိုယ်တိုင်ကလည်း အဲလိုပုံစံအမျိုးမျိုးကို လုပ်တယ်ဆိုတော့ သူတို့နဲ့ အဆင်ပြေပါတယ်ဗျာ။ ကျနော်ကိုယ်တိုင်လည်း တခါတလေ သီချင်းတွေမှာ ပေါက်ကွဲတဲ့အခါ ပေါက်ကွဲတယ်။ တခါတလေ Positive ဘက်ပဲ ကောင်းပါတယ်ဆိုပြီး ငြိမ်းချမ်း ရေးဘက်က ရေးတာလည်း ရှိ တယ်။ အခုလက်ရှိနိုင်ငံရေးအပေါ် လူငယ်တယောက်အနေနဲ့ မြင်မိတာဆိုရင် ကျနော်တို့ မြင်တွေ့နေရတာပဲဗျာ၊ ဘယ်ပါတီက ဘယ်လိုလုပ်တယ်၊ ဘယ်ပါတီက ဘာလုပ်တယ် ဆိုတာကို ကျနော်တို့ မြင်တွေ့နေရတာပဲလေ။ အရှင်းကြီးပဲလေ။ ကျနော်မှာ အစွဲမရှိဘူး။ တကယ်တော့ အမှန်တရားနောက်ကိုပဲ ကျနော်ကလိုက်တာ။ ပြောရရင် ကျနော့်အမေကလည်း ကျနော်ငယ်ငယ်တုန်းက NLD ပါတီကဗျာ။ အဲဒီတုန်းက NLD က အခုလို NLD လို မဟုတ်ဘူးနော်။ ပေါ်တင်လုပ်လို့မရဘူး။ အော်ကြီးဟစ်ကျယ်နဲ့ ပြောလို့မရဘူး။ အမြဲ ၁၂ ရာသီ ထွက်ပြေးနေရတာ။ ကျနော်တို့အိမ်ကို အမြဲတမ်းလိုလို ရဲတွေ၊ စစ်သားတွေ ရောက်ရောက်လာပြီး အမေ့ကို လိုက်ရှာနေကြတာ။ အမေက ခဏခဏ ထွက်ပြေးနေရတာလေ။ ကျနော်သိတဲ့ NLD ကတော့ အဲဒီ NLD ပဲ။ အဲဒီအတွက် ကျနော့်အမေကိုလည်း ကျနော်လေးစားတယ်။ အဲဒီအတွက် ကျနော်က သူရှိတဲ့ပါတီကိုပဲ အားပေးမှာပါ။ ကြိုးစားနေကြတဲ့ လူငယ်တွေကို ပြောပြချင်တာက ကိုယ်လုပ်နေတဲ့ အလုပ်တခုကို မဖြစ်လို့ အားမလျှော့ပါနဲ့၊ ဆက်ပြီး ဇွဲရှိရှိနဲ့လုပ်ပါ၊ ကြိုးစားပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ တနေ့တော့ အောင်မြင်မှာပါ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ယုမွန်ကျော် | ||
| အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီလို့ ဖွင့်ဟ၀န်ခံလိုက်တဲ့သရုပ်ဆောင်ချာလီရှင်း Posted: 18 Nov 2015 12:19 AM PST
ကမ္ဘာကျော်သရုပ်ဆောင် ချာလီရှင်းက သူ့မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေကြောင်း လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက သိရှိခဲ့ပြီး အဲ့ဒီ အကြောင်းသိရှိသူ လူအနည်းစုက ဒီသတင်းကို လျှို့ဝှက်ထိန်းသိမ်းပေးထားဖို့ ငွေကြေးများတောင်းခံခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က NBC သတင်းဌာနမှ ထုတ်လွှင့်ပြသလျက်ရှိသော " Today Show"မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီဖြစ်ကြောင်းဝန်ခံဖို့ ဒီကိုရောက်လာတာပါ။ လူများစွာရဲ့ ကျန်းမာရေးကိုကြောက်စရာကောင်းလောက်အောင် ခြောက်လှန့်နေတဲ့၊ အမှန်တရားကနေ ဝေးကွာအောင် ဆွဲခေါ်သွားတဲ့ ဒီအဟန့်အတားတွေကို ရပ်တန့်သွားအောင်လည်း ကျွန်တော် ဆောင်ရွက်ပါဦးမယ်" လို့ မင်းသားချာလီရှင်းက NBC သတင်းဌာနမှ မက်လော်ရာကို ပြောကြားခဲ့ပါတယ်။ "HIV ဆိုတဲ့ စာလုံးသုံးလုံးဟာ အင်မတန်မှ ခံယူရခက်ခဲတဲ့ စာလုံးတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဘ၀အတွက် အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းတခြမ်းကိုက်ခဲတဲ့ ဝေဒနာတွေကို ဆက်တိုက် ခံစားရပြီး နောက်ပိုင်းမှာ ကျွန်တော့်မှာ ဒီရောဂါပိုးရှိကြောင်း သိလိုက်ရတာပဲဖြစ်ပါတယ်။ ဆေးစစ်မှုတွေပြု လုပ်ပြီးတဲ့နောက်မှာတော့ ဆရာဝန်တွေက ကျွန်တော့်အခန်းထဲကို ရောက်လာပြီး မင်းမှာတော့ ဒီရောဂါ ရှိနေပြီလို့ အသိပေးခဲ့တာပါ။" လို့ ရှင်းကဆိုပါတယ်။ သူဟာ သူ့ရဲ့ရောဂါအကြောင်း ယုံကြည်စိတ်ချရတဲ့လူအချို့ကို ဖွင့်ဟအသိပေးခဲ့ပေမယ့် ၄င်းတို့ထဲက တချို့သူတွေကတော့ ဒီအကြောင်းကို ဖုံးဖိထားပေးဖို့အတွက် သူ့ဆီက ငွေညှစ်ခဲ့ပါတော့တယ်။ သူဟာ အဲဒီလူတွေကို ဒေါ်လာသန်းနဲ့ချီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းသားချာလီရှင်းရဲ့ အဆိုအရ အဲဒီလူတွေထဲက တစ်ယောက်ကတော့ ပြည့်တန်ဆာတစ်ဦးဖြစ်ပြီးသူ့ရဲ့ ရေချိုးခန်းထဲအထိ ၀င်ရောက်ကာ သူသောက်သုံးနေတဲ့ ဆေးတွေရဲ့ပုံကိုမိုဘိုင်းဖုန်းနဲ့ ရိုက်ကူးယူခဲ့ပါတယ်။ ပြီးတော့ အဲဒီ ဆေးဝါးပုံတွေကို သတင်းထဲထည့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ NBC သတင်းဌာနက ရှင်းကို "ဒါဆို ခင်ဗျားသူတို့တောင်းတဲ့ငွေတွေကို ဆက်ပေးနေရသေးလား" လို့မေးတော့ " ဒီနေ့ကစပြီးပေးစရာမလိုတော့ဘူး။" လို့ မင်းသားရှင်းက ပြန်ဖြေထားပါတယ်။ အသက်(၅၀)ရှိပြီဖြစ်တဲ့ မင်းသားချာလီရှင်းဟာ ဟောလီးဝုဒ်မှ အကျော်အမော်မင်းသားတွေထဲက တစ်ဦးဖြစ်ပြီး "Wall Street" ရုပ်ရှင်ဇာတ်ကားနဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ "Two and a Half Men"တို့နဲ့ နံမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ သို့ပေမယ့် (၂၀၁၁) ခုနှစ်မှာ မင်းသားရှင်း ဟာ "Two and a Half Men" ရုပ်သံဇာတ်လမ်းတွဲဖန်တီးသူအား အများသူငါ ရှေ့မှာ ပုတ်ခတ်ပြောဆိုခဲ့မှုကြောင့် ရုပ်သံဇာတ်လမ်းမှ ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။ မင်းသားရှင်းရဲ့ အနုပညာသက်တမ်းမှာ အဲ့ဒီအဖြစ်အပျက်ထက် ရုပ်ဆိုးလှတဲ့ အကြောင်းအရာတွေကတော့ မူးယစ်ဆေးဖြတ်တဲ့စခန်းကို (၂)ခါပြန်ဝင်ခဲ့ရပြီး အမျိုးသမီး (၃)ဦးနဲ့ အတူနေထိုင်ခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရှင်းဟာ ရုပ်ရှင်မင်းသမီးဘရုတ်မြူလာတို့၊ ဒနိစ်ရစ်ချက်တို့အပါအ၀င် အမျိုးသမီးများစွာနဲ့ အိမ်ထောင်ကျခဲ့ဖူးသူဖြစ်သလို အဲဒီမင်းသမီးတွေနဲ့လည်း သားသမီးရတနာများ ထွန်းကားခဲ့ပါသေးတယ်။ "Two and a Half Men" ရုပ်သံအစီအစဉ်အတွက် မင်းသားရှင်းတစ်ယောက် ရရှိခဲ့တဲ့ အနုပညာကြေးဟာ အဲဒီခေတ်အချိန်ရဲ့ရုပ်သံအစီအစဉ်တွေအတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး တစ်နေရာမှာရှိပါတယ်။ မင်းသားချာလီရှင်းအနေနဲ့ (၂၀၁၀)ခုနှစ်မှာ အဲဒီရုပ်သံအစီအစဉ် ဇာတ်လမ်းတွဲတစ်ခုအတွက်ကိုပဲ ဒေါ်လာ (၁.၂၅) သန်း ရရှိခဲ့ဖူးပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။ http://edition.cnn.com/2015/11/17/health/charlie-sheen-health/index.html?sr=fbcnni111715charlie-sheen-health/1246PMStoryLink&linkId=18812043 |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |



















0 comments:
Post a Comment