Related Posts Plugin for WordPress, Blogger...

November 28, 2015

The Irrawaddy's Blog

The Irrawaddy's Blog


မြန်မာအလှမယ်နှစ်ဦးတက်ရောက်ခဲ့တဲ့ASEAN Celebrity Explore Quest Malaysia 2015 မလေးရှားနိုင်ငံတွင်ရက်သတ္တပတ်ကျော်ကြာပြုလုပ်

Posted: 27 Nov 2015 02:34 AM PST


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာနှင့် အမရာငြိမ်း(ဓာတ်ပုံများ - သီဟတိုး/The Irrawaddy)

Tourism Malaysia မှ နှစ်စဉ် ဦးစီးကျင်းပပြုလုပ်ပြီး တတိယအကြိမ်မြောက် ASEAN Celebrity Explore Quest Malaysia 2015 ကို အာဆီယံ (၁၀) နိုင်ငံမှ အနုပညာရှင်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများ ဖိတ်ခေါ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သော မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ နိုင်ငံကျော် အနုပညာရှင်များ၊ မော်ဒယ်များ၊ အဆိုတော်များ၊ အစီအစဉ်တင်ဆက်သူများ၊ အလှမယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများစတဲ့ ပါဝင်တက်ရောက်သူ စုစုပေါင်း (၉၄) ဦးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အလှမယ်(၂) ဦး၊ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာနှင့် Miss Myanmar International 2015 အမရာငြိမ်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

"ကျနော်တို့ အခုလို ASEAN Celebrity Explore Quest Malaysia 2015 ကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ Quest (စူးစမ်းရှာတယ်)ဆိုတာ Quest for Knowledge ၊ ဗဟုသုတတွေကို စူးစမ်းရှာဖွေ မယ်။ Quest for Understanding ၊ နားလည်ဖို့အတွက် စူးစမ်းရှာဖွေမယ်။ ကျနော်တို့က အာဆီယံ       
ဆယ်နိုင်ငံမှ ပါဝင်သူတွေကို မလေးရှားနိုင်ငံနဲ့ စိတ်ဝင်စားဖွယ် နေရာဒေသတွေကို သွားရောက် လေ့လာ   ပြီး အတွေ့အကြုံ အသစ်တွေ ရရှိစေချင်ပါတယ်" လို့ Tourism Malaysia မှ Director General ဖြစ်သူ Mr.Y.Bhg Dato' Mirza Mohamad Taiyab က ပြောပါတယ်။

ရက်သတ္တပတ်ကျော်ကြာခရီးစဉ်ကို မလေးရှားနိုင်ငံရဲ့ အကောင်းဆုံး ခရီးသွားနေရာများဖြစ်တဲ့ မြို့တော် ကွာလာလမ်ပူမြို့၊ Ipoh နှင့် လန်ကာဝီကျွန်းစတဲ့ နေရာများကို သွားရောက်ပြီး စိတ်လှုပ်ရှားစရာ ဂိမ်းကစား နည်းများ၊ ပြိုင်ပွဲများကို အဖွဲ့လိုက် ပါဝင်ပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံရဲ့ဒေသရိုးရာအစားအစာများ၊ ရိုးရာ ယဉ်ကျေးမှုများနှင့် ရေမြေတောတောင်သဘာဝများကိုပါ လေ့လာခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် (၃) ရက်တာ နေထိုင်သည့်နေ့များတွင် Sunway Lagoon Theme Park သို့ အလည်သွားခြင်း၊ အဖွဲ့လိုက် ဂိမ်းကစားခြင်းများပြုလုပ်ခဲ့ကြပြီး မလေးရှားနိုင်ငံ၏ အစိုးရရုံးများ အခြေစိုက်ရာ မလေးရှားနိုင်ငံရဲ့ မြို့တော်ဟောင်း ပူထရာဂျာရာမြို့သို့လည်း သွားရောက်လေ့လာခဲ့ပါတယ်။


နောက်တရက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ Time Square သို့ သွားရောက်ပြီး အဖွဲ့လိုက် ဂိမ်းကစားနည်းများ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ကာ မလေးရှား ဘုရင့်နန်းတော်၊ လွတ်လပ်ရေး အထိမ်း အမှတ် အဆောက်အဦး နဲ့ မလေးရှားနိုင်ငံရဲ့ နာမည်ကျော် Petronas Twin Tower စတဲ့ နေရာတွေကို သွားရောက်လေ့လာ လည်ပတ်ခဲ့ပါတယ်။

အဲဒီနောက် မလေးရှားနိုင်ငံရဲ့ နယ်မြို့တမြို့ဖြစ်တဲ့ Ipoh မြို့ကိုသွားရောက်ပြီး မလေးရှားရိုးရာ ကိုယ်ခံသိုင်းပညာပြသကွက်များ ကြည့်ရှုခြင်း၊ မလေးရှား ကျေးလက်ရိုးရာ ကစားနည်းများ၊ ပျော်စရာ ကစားနည်းများ ကစားခဲ့ကြပါတယ်။ ညပိုင်းမှာတော့ မလေးရှားရိုးရာ မင်္ဂလာဆောင်ပွဲ ကျင်းပပြုလုပ်ပါတယ်။ မင်္ဂလာသတို့သားအဖြစ် ဗီယက်နမ်မှ သရုပ်ဆောင် မင်းသား Ho Vinh Khoh နဲ့ သတို့သမီး အဖြစ် မြန်မာနိုင်ငံမှ ကိုယ်စားပြု အလှမယ် Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာတို့က သရုပ်ပြ မင်္ဂလာဆောင် ခဲ့ကြပါတယ်။



နောက်တရက်မှာတော့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အဖွဲ့(၁) က Gopeng ကိုသွားရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းများဖြစ်တဲ့ ရေတံခွန်ကမ်းပါးပေါ်မှ ခြေစုံကန်၍ ခါးတွင် ကြိုးချည်ပြီး အောက်သို့လျှောဆင်းရသည့် Water Abseiling ကစားနည်း၊ ရေစီးကြမ်းသောချောင်းထဲတွင် အဖွဲ့လိုက် လှေလှော် Water Rafting စတဲ့ Activities လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ (၂) ကတော့ Ipoh Theme Park မှာ ကားမောင်းခြင်း၊ ဂေါက်ရိုက်ခြင်း၊ သေနတ်ပစ်ခြင်း စတဲ့ ဂိမ်းကစားနည်းတွေ ကစားခဲ့ကြပါတယ်။


နောက်ဆုံးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံရဲ့အလှပဆုံးသော ကျွန်းတကျွန်းဖြစ်တဲ့ လန်ကာဝီကျွန်းသို့ သွားရောက်ခဲ့ကြပါတယ်။ လန်ကာဝီမှာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားကစားနည်းများဖြစ်တဲ့ သစ်ပင်တပင်နဲ့ တပင် ကြိုးနဲ့ကူးတဲ့ Sky treks၊ သစ်ပင်အမြင့်များပေါ် ခက်ခက်ခဲခဲ တက်ရသော စတဲ့ စွန့်စွန့်စားစား ကစားနည်းများကို ဆော့ကစားခဲ့ကြပါတယ်။


အဲဒီနောက်မှာတော့ လန်ကာဝီရဲ့ အလှပဆုံးသော ရှုခင်းများကို အပေါ်စီးမှကြည့်ရှုနိုင်သည့် လန်ကာဝီ Sky Bridge တည်ရှိရာ တောင်ကို Cable Car ဖြင့် တက်ရောက်ခဲ့ကြပြီး လန်ကာဝီကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကို ရှုမဆုံးနိုင်အောင် ကြည့်ရှုခဲ့ကြပါတယ်။ အပြန်မှာတော့ 3D Art Museum ကိုဝင်လို့ အမှတ်တရ ဓာတ်ပုံတွေ အပြေးအလွှား ၀င်ရိုက်ခဲ့ကြပါတယ်။ 


ခရီးစဉ်ရဲ့ နောက်ဆုံးတရက်မှာတော့ မလေးရှားနိုင်ငံ ပါတိတ်လုပ်ငန်းလုပ်ကိုင်ရာ နေရာတခုကို သွားရောက် လေ့လာခွင့်ရခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ပါတိတ်အရောင်များ ရေးဆွဲခြင်းကို ပါဝင်ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် လန်ကာဝီရဲ့ သဘာဝအလှတွေထဲက တခုဖြစ်တဲ့ ဒီရေတောများကို သွားရောက် လေ့လာရန် Langkawi Geo Park ကို သွားရောက်ခဲ့ကြပါတယ်။ 



သဘာဝအတိုင်း တည်ရှိနေတဲ့ ဒီရေတောတွေကို သွားရောက် လေ့လာခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ပင်လယ် နယ်နမိတ် ချင်း ထိစပ်နေသည့် ပင်လယ်ရှိရာဘက် KILIM Geo Park ကို မော်တော်ဘုတ်နဲ့ သွားရောက်ပြီး     
အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ နေ့လည်စာကို Floating Restaurant ရေပေါ်စားသောက်ဆိုင်မှာ စားသောက်ခဲ့ကြပါတယ်။


အဲဒီညမှာတော့ Tourism Malaysia ရဲ့ ASEAN Celebrity Explore Quest Malaysia 2015 Gala Night Dinner ကို Langkawi International Convention Center (LICC) မှာ ကျင်းပခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံကိုယ်စားပြုပြီး တက်ရောက်လာကြသည့် အနုပညာရှင်များမှ မိမိတို့၏ ရိုးရာသီချင်း၊ အက ဖျော်ဖြေမှုများနဲ့ ဖျော်ဖြေခဲ့ကြပြီး ရက်သတ္တပတ်တာ ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် Instagram ဓာတ်ပုံပြိုင်ပွဲ နှင့် Go Pro နဲ့ Movie ရိုက်ထားသမျှကို နောက်ခံသီချင်းဖြင့် Music Video မှတ်တမ်းများကို ပြသခဲ့ပါတယ်။

Instagram ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်သည့် မီဒီယာများထဲမှ ပြည်မြန်မာ ဂျာနယ်မှ မအေးမြတ်သရဖီက Malaysia Airlines မှ ချီးမြှင့်သော ဆုရရှိခဲ့ပြီး၊ Gala Night ရဲ့ အကောင်းဆုံး အမျိုးသမီး ဖက်ရှင်ဆုကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် Miss International Myanmar 2015 အမရာ  ငြိမ်းနဲ့ အကောင်းဆုံး အမျိုးသားဖက်ရှင်ဆုကို ကမ္ဘောဒီးယား မော်ဒယ် Chhun Virak Kosal တို့က ရရှိခဲ့ပြီး အခြားသော အနုပညာရှင်များကလည်း ဆုအသီးသီး ရရှိခဲ့ပါတယ်။ 


မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ နိုင်ငံများမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု (၂၀.၄) သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ 



သီဟတိုး

RS လောက် စွမ်းဆောင်ရည် မကောင်းပေမယ့် Audi TT

Posted: 27 Nov 2015 01:18 AM PST


photo - edmunds.com

တကယ်ကတော့ အခု ကျွန်တော်ပြောမယ့် TT မော်ဒယ်က မူလ မော်ဒယ်။ RS ဆိုတာက နောက်မှပွင့်တဲ့ ရွှေကြာ။ အော်.. မော်ဒယ်တွေအကြောင်း မပြောရသေးပဲ RS နဲ့ TT ကို ရောပြီး ပြောလိုက်တော့ နားရှုပ်နေမယ် ထင်ပါ့။ အမှန်က ဒီလိုပါ၊ ဂျာမနီအခြေစိုက် Audi ကနေ Sport တန်းဝင် မော်ဒယ် TT ကို ထုတ်လုပ်ရောင်းချနေခဲ့တာကြာပါပြီ၊ ဈေးကွက်မှာလည်း အောင်မြင်ပါတယ်၊ လူကြိုက်များပါတယ်၊ ဒါပေမယ့် သိတဲ့အတိုင်း မော်ဒယ်တစ်ခု အောင်မြင်လာပြီဆိုတော့ နောက်ဆက်တွဲ မော်ဒယ် ထပ်မံထုတ်လုပ်ဖို့ ကြိုးစားလာပါတော့တယ်၊ အဲဒီမှာ TT ရဲ့ နောက်ဆက်တွဲ TT RS ထွက်လာပါတယ်။ RS ဆိုတာက Audi ရဲ့ စွမ်းဆောင်ရည်မြင့်ကားတွေကို ပေးတဲ့နာမည်ပါ။ ဥပမာ BMW မှာဆိုရင် M ဆိုတဲ့ မော်ဒယ်လိုပေါ့။ BMX X5 ဆိုရင် ပုံမှန်ဇိမ်ခံမော်ဒယ် ဖြစ်ပေမယ့် X5 M ဆိုရင် စွမ်းဆောင်ရည် အထူးမြင့်မားတဲ့ မော်ဒယ် ဖြစ်လာပါတယ်။ ဒီလိုပါပဲ.. TT RS ကလည်း စွမ်းဆောင်ရည် အထူးကောင်းမွန်တာကြောင့် ရှေ့ထွက် TT ကိုတောင် ကျော်ပြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ မူလမော်ဒယ် TT က အမေ့ခံမော်ဒယ် ဖြစ်သွားတော့တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ TTမော်ဒယ်ကို သဘောကျပါတယ်၊ စွမ်းဆောင်ရည်သင့်တယ်၊ ဈေးချိုတယ်၊ အမြင်ဆန်းတယ်၊ ထားပါ၊ ဒီတော့ ကျွန်တော်က အမေ့ခံ မော်ဒယ် TT ကို ဒီနေ့ ပွဲထုတ်ပါရစေနော်။

အားသာချက် …

မော်ဒယ်အနေနဲ့ နောက်ဘီးယက်စနစ်နဲ့လည်း ရနိုင်ပေမယ့် လေးဘီးယက်စနစ်နဲ့ မော်ဒယ်က ဟန်ချက် အညီဆုံးဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ ဘရိတ်၊ အလေးချိန်၊ မြေဆွဲအား၊ Chassis နဲ့ Platform တွေ အားလုံး ဟန်ချက်ညီတာတွေ့ရပါတယ်။ မော်ဒယ်ရဲ့ အတွင်းခန်း အပြင်အဆင်က ဇိမ်ခံဆိုတာထက် Coupe နဲ့ အမိုးဖွင့် မော်ဒယ်မျိုး ထုတ်လုပ်ထားတာဖြစ်ပေမယ့် အရည်အသွေးမြင့် အပြင်အဆင်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးပြောရမယ့် တစ်ချက်ကတော့ ဆီစားနှုန်း တစ်ချက် ဖြစ်ပြီးတော့ လေးဘီးယက်စနစ်နဲ့ မော်ဒယ်က အကောင်းဆုံး ဖြစ်ပေမယ့် ရုန်းအားယူ စနစ်အရတော့ ဆီစား နည်းနည်း ပိုသွားပါတယ်နော်။ ဒါပေမယ့် ကျွန်တော်ကတော့ လေးဘီးယက် မော်ဒယ်တွေကို ပိုပြီး အားပေးချင်ပါတယ်။

အားနည်းချက် …

မော်ဒယ်က စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဖက် မော်ဒယ်တွေထက် အနည်းငယ် အားနည်းချင်တာပါ။ ဒီတစ်ချက်ကပဲ TT RS ကို ထွက်ပေါ်လာစေတဲ့အချက် ဖြစ်လာခဲ့သလို TT ကိုလည်း နေရာကျဆင်းသွားစေတဲ့ အချက် ဖြစ်လာပါတော့တယ်။ နောက်တစ်ချက်က ဂြိုလ်တု အချက်ပြ မြေပုံစနစ်က အားနည်းချင်တာ ဖြစ်ပြီး Touch နဲ့ Display နှစ်မျိုးလုံး အားနည်းချင်တာပါ။ နောက်ဆုံးတစ်ချက်က နောက်ဘက် ကင်မရာ အစကတည်းက မပါလာတာ ဖြစ်ပြီးတော့ ကိုယ့်လက်ထဲ ရောက်မှ တပ်ဆင်မယ်ဆိုရင်လည်း နဂို ပစ္စည်း မျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။



ကိုယ်ထည်ပိုင်း …

မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းမှာ ဈေးကွက်စုံအတွက်တောက်ပတဲ့အရောင် ၈ ရောင်ထိအောင် ထုတ်လုပ်သလို အတွင်းခန်းကို အလေးထားပြင်ဆင်ထားတာကြောင့် အတွင်းဘက် အပြင်အဆင်ကိုလည်း သားရေ၊ အထည်၊ ကတ္တီပါ ဦးစားပေးနဲ့ ၈ မျိုးထိအောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ကားရဲ့ အလျားက ၁၃ ပေနဲ့ ၉.၃ လက်မပဲ ရှိမှာဖြစ်သလို မျက်နှာစာအကျယ်က ၆ ပေ နဲ့ ၀.၅ လက်မ၊ အမြင့်က ၄ ပေနဲ့ ၅.၂ လက်မထိအောင်ပဲ ရှိမှာပါ။ အသေးစားမော်ဒယ် ဖြစ်ပြီးတော့ အတွင်းခန်းမှာတော့ ရှေ့ဖက်ခန်း ဦးစားပေးဖြစ်လို့ ရှေ့ခန်းက ၅၃.၂ လက်မ ကျယ်ပေမယ့် နောက်ခန်းကတော့ ၄၇.၅ လက်မပဲ ရှိမှာဖြစ်ပါတယ်။ ကားရဲ့အရွယ်အစားလည်း သေးငယ်သလို အလေးချိန်ကလည်း ၃၁၇၅ ပေါင်ပဲ ရှိမှာဖြစ်ပါတယ်။ ဒီနှုန်းက ဥရောပ Coupe မော်ဒယ် အတွက် ပေါ့ပါးပေမယ့် အာရှထုတ်မော်ဒယ်တွေနဲ့ စာရင်တော့ လေးနေပါသေး          တယ်နော်။

အင်ဂျင်ပိုင်း ...

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာတွေ့ရပြီး ဒီ အင်ဂျင်စနစ်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀ မှာ ရုန်းအား ၂၅၈ ပေါင်-ပေ ထိအောင် ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၂၁၁ ကောင်အားရှိမှာပါ။ ဒီလို ရုန်းအားများ အနေအထားကတော့ တောင်တက်လမ်းတွေထိအောင် အရှိန်ပြင်း မောင်းနှင်နိုင်မှာ   ဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုကတော့ အားနည်းသွားစေတာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၄၃၀၀ ထိအောင်ပဲဖြစ်တာကြောင့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းလည်း တစ်နာရီမိုင် ၁၂၀ နီးပါးလောက်ထိအောင်ပဲ ပြေးတော့တာ ဖြစ်ပါတယ်။



မောင်းနှင်နိုင်မှု …

မော်ဒယ်ရဲ့ မောင်းနှင်နိုင်မှုအပိုင်းအတွက် တပ်ဆင်ထားတဲ့ Transmission ပိုင်းက Automated Manualစနစ် ဖြစ်ပြီးတော့ ဒီစနစ်က Sportဆန်တဲ့ မော်ဒယ်တွေမှာ အသုံးပြုလို့ ကောင်းတဲ့ စနစ်ပါ။ ဂီယာချက် ၆ချက်ကိုပဲ သုံးနိုင်မယ့် အချက်ကလည်း ဒီအင်ဂျင်အရွယ်နဲ့တော့ အံကျပါတယ်။ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ် ဆိုရင် Coupeမော်ဒယ်က တစ်နာရီ မိုင် ၆၀နှုန်း အတွက် ၅.၃စက္ကန့်ပဲ ယူမှာ ဖြစ်ပေမယ့် အမိုးဖွင့် မော်ဒယ် ဆိုရင်တော့ နည်းနည်း ပိုကြာပြီး ၅.၆ စက္ကန့်ထိအောင် ယူမှာပါ။ ဒီနေရာမှာ မော်ဒယ် နှစ်ခုလုံးက ဆီစား အပိုင်းမှာတော့ အတူတူပဲ ဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ ၂၇မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ကာ အဝေးပြေးလမ်းတွေပေါ်မှာ ဆိုရင် ၃၂ မိုင်လောက်ထိအောင် ရမှာပါနော်။

သိကောင်းစရာနဲ့ သုံးသပ်ချက် …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၅.၈ ဂါလံထိအောင် ဆံ့မှာဖြစ်ပြီး ကားရဲ့ အရွယ်နဲ့စာရင် ကြီးချင်နေပါသေးတယ်။ Suspension စနစ်က MacPherson ကိုပဲ အထိုင်ထားပြီး Stabilizer နဲ့ Independent စနစ်တွေကို အကူထိုင်ထားသလို Multi-link ကိုလည်း နောက်ဖက်မှာသုံးထားပါတယ်။ မော်ဒယ်ရဲ့ အသက်ကယ်စနစ်နဲ့ ဘရိတ်ပိုင်း တပ်ဆင်ထည့်သွင်းထားမှုလည်း ကောင်းမွန်တာတွေ့ရပြီး စိတ်ချလုံခြုံရမှု အပိုင်းမှာ တစ်စီးလုံးအတိုင်းအတာ ကြယ်လေးပွင့်ခွဲထိအောင် ရထားပါတယ်။ ဒါဆို မော်ဒယ်က ဘာကြောင့်များ ဈေးကွက်နေရာရမှု နည်းရတာပါလဲ။ကျွန်တော့်ရဲ့ သုံးသပ်ချက်ကတော့ နိဒါန်းမှာကတည်းက ပြောပြီးပါပြီနော်။ ဒီသုံးသပ်ချက် ပေးရတဲ့အကြောင်းကတော့ မော်ဒယ်က ဈေးလည်း ချိုတယ်၊ စွမ်းဆောင်ရည်က ကျွန်တော်တို့ဆီမှာတော့ ကွက်တိဖြစ်မယ်၊ စိတ်ချရမှု ကောင်းတယ်၊ သူ့ထက် နည်းနည်းလေးပိုမြန်ရုံနဲ့ TT RS ကို ရွေးပြီးဈေးကျတော့ အဆမတန် ပိုပေးရမယ့်အနေအထားမှာတော့ ကျွန်တော်က TT ကို ပိုပြီး သဘောကျမိတာပါနော်။


လင်းထက် (IA)

0 comments:

Post a Comment