Related Posts Plugin for WordPress, Blogger...

December 2, 2015

The Irrawaddy's Blog

The Irrawaddy's Blog


တချိန်ကသန်းကြွယ်သူဌေးတစ်ဦးဖြစ်ခဲ့ဖူးသူထောင်နှင့်ချီသောလေလွင့်ခွေးများကိုကယ်တင်မှုကြောင့်အကြွေးတင်

Posted: 01 Dec 2015 11:01 PM PST



အကောင်ရေ ရာနဲ့ချီသော လေလွင့်ခွေးများကို သားသတ်ရုံမှ ကယ်တင်ကာ တိရိစ္ဆာန်ကယ်တင် စောင့်ရှောက်ရေး ဂေဟာ တည်ထောင်ခဲ့တာကြောင့် တရုတ်သန်းကြွယ်သူဌေးတစ်ဦးမှာ ကြွေးမြီ တင်ခဲ့ရပါတယ်။ အသက် (၂၉)နှစ်အရွယ် ၀မ်ယမ် ဆိုသူဟာ တစ်ချိန်က ယွမ် (၇)သန်း ပိုင်ဆိုင်ခဲ့တဲ့ သူဌေးတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် (၂၀၁၂)ခုနှစ်၊ သူချစ်ရတဲ့ ခွေးကလေး ပျောက်ဆုံးခဲ့တဲ့ အချိန်က စတင်လို့ ပိုင်ဆိုင်ခဲ့သမျှကို     စွန့်လွှတ်ကာ ခွေးကလေးများကို ကယ်ဆယ်ရေးအစီအစဉ်ကို စတင်ခဲ့ပါတယ်။


"ကျွန်တော့်ခွေးကလေးကို နေရာအနှံ့လိုက်ရှာခဲ့ပါတယ်။ ဒါပေမယ့် အစအနတောင် မတွေ့ခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ကို လူတစ်ယောက်က ကျွန်တော့်ခွေးကလေးကို ရှာဖို့ သားသတ်ရုံထဲ ၀င်ခွင့်ပေးခဲ့ပါတယ်။" အဲဒီအချိန်က အဖြစ်အပျက်ကို ၀မ်ယမ်က သတိတရပြောဆိုခဲ့ပါတယ်။


သူဟာ သားသတ်ရုံနားမှာ ရက်သတ္တပတ် တစ်ပတ်ကြာခန့် စောင့်ကြည့်နေခဲ့ပေမယ့် သူပျောက်သွားတဲ့ ခွေးကလေးကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ထိုအစား သွေးတွေအလိန်းလိန်း ပေးနေတဲ့ သားသတ်ရုံမြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပြီး အဲဒီမြင်ကွင်းတွေကို သူ့ဦးနှောက်ထဲက ထုတ်ပစ်လို့ မရခဲ့ပါဘူး။


အဲဒီအဖြစ်အပျက်တွေကို တွေ့ကြုံခံစားရပြီးနောက်မှာတော့ ၀မ်ယမ်ဟာ စတီးစက်ရုံဟောင်းကြီးထဲက သားသတ်ရုံတည်ရှိရာနေရာအား ၀ယ်ယူပြီး တိရိစ္ဆာန်များအတွက် ခိုလှုံရာရိပ်မြုံကို စတင် တည်ထောင်ခဲ့ပါတယ်။ အဲဒီဂေဟာရိပ်မြုံကို တဖြည်းဖြည်းနဲ့ တည်ဆောက်ယူပြီး လေလွင့် ခွေးကလေး များကိုလည်း လိုက်လံရှာဖွေ စုစည်းခဲ့ပါတယ်။

"အခုလောလောဆယ်မှာတော့ ခွေးအကောင်ရေ (၂၁၅)ကောင်ပဲ ရှိပါတော့တယ်။ တချိန်တုန်းက ခွေးအကောင် (၁၀၀၀)လောက်ရှိခဲ့ပေမယ့် အတော်များများဟာ ခုချိန်မှာ ခေါ်ယူမွေးစားခံခဲ့ရပါပြီ။" လို့ ၀မ်ယမ်က ဆိုပါတယ်။



တိရိစ္ဆာန်များနားခိုရာဂေဟာကို အဆက်မပြတ်လည်ပတ်နိုင်ဖို့ အတွက် ထောက်ပံ့မှုတွေ ပြုလုပ် ပေးနေရတာကြောင့် ၀မ်ယမ်အနေနဲ့ ကြွေးမြီတင်လျက်ရှိပါတယ်။ လာမယ့် ဆောင်းရာသီမှာ ဖြစ်လာမယ့် အခြေအနေတွေအတွက်ကိုလည်း စိုးရိမ်မိတယ် လို့ ၀မ်ယမ်က ဆိုပါတယ်။



"ကျွန်တော့်အနေနဲ့ အလှူလှူတဲ့အခါ ငွေကြေးကို လက်ခံလေ့မရှိပါဘူး။ ဒီကျန်ရှိတဲ့ ခွေးအကောင် (၂၀၀)ကျော် ဆက်လက်ရှင်သန်နေထိုင်ဖို့ အတွက် သနားကြင်နာတတ်တဲ့ လူတွေဆီကပစ္စည်းစားနပ်ရိက္ခာ         ထောက်ပံ့မှုကိုသာ လက်ခံပါတယ်" လို့ ၀မ်ယမ်ကဆိုပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။  http://9gag.com/gag/aEzmBve?ref=fbp

့မြန်မာဒီဇိုင်နာဖန်တီးထားတဲ့ဝတ်စုံ Miss Supranational 2015 ပြိုင်ပွဲရဲ့ အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိ

Posted: 01 Dec 2015 09:31 PM PST


အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူး(ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံပြိုင်ပွဲမှာ မြန်မာ ဒီဇိုင်နာ ကိုသျှီလာတီထွင်ချုပ်လုပ်ပေးခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူးက အကောင်းဆုံးညနေခင်းဝတ်စုံ(Best Evening Dress 2015) ဆုကို ရရှိခဲ့ပါတယ်။



ဒီဇင်ဘာ ၁ ရက်နေ့က ရွေးချယ်ပေးခဲ့တဲ့ ဒီ အကောင်းဆုံးညနေခင်းဝတ်စုံဟာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးများ ၀တ်ဆင်ပြသခဲ့တဲ့ ညနေခင်းဝတ်စုံတွေထဲကမှ အကောင်းဆုံးရွေးချယ်ခံခဲ့ရတာပါ။
မြန်မာဒီဇိုင်နာ သျှီလာဖန်တီးချုပ်လုပ်ပေးတဲ့ ဒီ ညနေခင်းဝတ်စုံဒီဇိုင်းဟာ ခန္တာကိုယ်တခုလုံးကို မှန်စီရွှေချထားသလို ဖန်တီးထားတဲ့ ဒီဇိုင်းမျိုးပါ။



ဒီဇိုင်နာ ရှီလာဟာ နိုင်ငံတကာ Pageant များမှာ ထူးခြားဆန်းပြားတဲ့ ညနေခင်းဝတ်စုံတွေကို ဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။



ကမ္ဘာ့အဆင့် နံပါတ် ၅ အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Supranational ပြိုင်ပွဲကြီးကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ  နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။

Miss Supranational 2014 အလှမယ် အိန္ဒိယနိုင်ငံသူနှင့်အတူ မြန်မာအလှမယ် အယ်လ်ဘောက်နူး




အိမ်မက်တခုကို တကယ်အကောင်အထည်ဖော်ချင်ရင် ဘယ်တော့မှလက်မလျော့နဲ့

Posted: 01 Dec 2015 03:04 AM PST





ပန်းရောင်ခြယ်

၁၉နှစ် 

First year Architect (University of  western Aussie)

ပန်းရောင်က ဖေဖေ အဆိုတော်ဂရေဟမ်ရဲ့သမီးအကြီးပါ။ ညီမမှာ  ညီမလေးတယောက်ရှိပါတယ်။ ညီမက မြန်မာပြည်ကနေ ခြောက်တန်းတက်ပြီးတော့ မိသားစုလိုက် သြဇီကိုပြောင်းသွားခဲ့တာပါ။ အခု ဒီကို ပြန်ရောက် နေတာက ဟိုက ပညာရေးကယူနစ်အလိုက် ဖြေလို့ရတယ်ဆိုလိုတာက ခွင့်ယူလို့ရတယ်။ ခွင့်ယူလို့ရတော့ အခု တနှစ်ခွင့်ယူလာတယ်။ ဖေဖေနဲ့တူတူဆိုထားတဲ့ wake up daddy အခွေ MTV အပြီးရိုက်ချင်တာရယ် ညီမရဲ့ တကိုယ်တော်အခွေ လုပ်ချင်တာရယ်ကြောင့်ပါ။

အဲဒီမှာက ဒီဂရီတခုကို အနည်းဆုံးသုံးနှစ်ကြာတယ်။ အများဆုံးဆယ်နှစ်ထိတက်လို့ရတယ်။ ကြားထဲမှာခွင့်က ကြိုက်သလို ယူလို့ရတယ်။ အရေးကြီးတဲ့အကြောင်း မလိုဘူး။ ကိုယ့်ဘာသာ stress များလို့ ကမ္ဘာလှည့် ခရီးသွားချင်တာဖြစ်ဖြစ်၊ ကိုယ့်ဘာသာပိုက်ဆံရှာချင်တာဖြစ်ဖြစ်၊ အဲလိုခွင့်ပေးတယ်။ အခုကတနှစ်ခွင့်ယူထားတယ်။ ညီမက ဘက်ချလာ ဒီဂရီက သုံးနှစ် မာစတာက နှစ်နှစ်ဆိုတော့ ငါးနှစ်တက်ရမှာပါ။

 ဒီကိုပြန်လာပြီး ဖေဖေနဲ့အခွေလုပ်ဖြစ်တာက ညီမကငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ချင်တယ်။ မေမေကို ပူဆာတယ် အခွေထုတ်ပေးဖို့အတွက်ကို ဒါနဲ့မေမေက ၁၂ တန်း ပြီးမှ year 12 hight School  ထုတ်ပေးမယ် လို့ပြောတယ်။ ဖေဖေရယ် မေမေရယ် ညီိမလေးရယ်က ၂၀၁၃ခုနှစ်က မြန်မာပြည်မှာအပြီး  ပြန်လာနေတယ်။ ညီမက ဟိုမှာတယောက်တည်း အဆောင်နေပြီး ကျောင်းတက်တယ်။ အဲဒီမှာ ဖေဖေက မြန်မာပြည်ကိုရောက်တော့ တကိုယ်တော်အခွေမထွက်တာလည်း ၇ နှစ်လောက်ရှိပြီ၊ အဲဒါနဲ့ ဖေဖေက အခွေလုပ်မယ်ဆိုတော့ မေမေက သမီးရဲ့တကိုယ်တော်ခွေမထွက်ခင် ဖေဖေနဲ့တူတူ ၀င်ဆိုလိုက်ပါလားလို့ ပြောတယ်။ Wake Up Daddy ဆိုတဲ့ အခွေခေါင်းစဉ်ကလည်း မေမေရဲ့ အိုင်ဒီယာပါပဲ။ အဲဒါက တကယ့်ကို ညီမတို့ရဲ့ သြဇီတုန်းက Life Style လေးပါပဲ။ သီချင်းစဆိုတော့ မတူတာက အပြင်မှာLive ဆိုတာနဲ့ Recording လုပ်တဲ့အခါ ဆိုတာနဲ့က ကွာတယ်လေ။ အဲဒီအတွက် ဘယ်လိုဆိုရမယ်ဆိုတာ ဖေဖေကတော့ ပြောပြပေးတယ်။ သေချာသင်ပြပေးတော့ အခက်အခဲ တော့သိပ်မရှိပါဘူး အဆင်ပြေပါတယ်။ ညီမရဲ့သီချင်းလေးတွေ ဆယ်ကျော်သက်အရွယ်တွေကလည်း ကြိုက်ကြတယ်၊ အားပေးကြတဲ့အတွက်လည်း ပျော်ပါတယ်။ တကိုယ်တော်ခွေက ညီမ အခု Wake Up Daddy MTV ထွက်ပြီးမှ တကိုယ်တော်ခွေအတွက် သေချာစီစဉ်မှာပါ။ အခုတော့သီချင်းတွေ စစုနေပါပြီ။

ညီမက သီချင်းဆိုတာ ၀ါသနာပါတယ်။ အဆိုတော်ပဲ ဖြစ်ချင်တယ်။  ဒါပေမယ့် ဟိုနိုင်ငံမှာက ယူထားတဲ့မေဂျာက Architectureပေါ့။ဘယ်လိုကြောင့်ယူဖြစ်တာလဲဆိုရင် ပညာရေးအတွက် ဘွဲ့တခုလိုချင်လို့ပါ။ နောက်တခုက မေမေက အခုဆိုရင် မြေလေးတွေဝယ်တယ်။ ပြီးရင် သူ့ဘာသာ ဒီဇီုင်းဆွဲတယ်ဆောက်တယ်။   ပြီးရင်နေတယ်။ နောက်တခုတွေ့ရင်လည်း အဲလိုပဲ သူဆောက်တယ် ပြီးရင် ရောင်းရင်ရောင်းလိုက်တယ် ။ ဒါမှမဟုတ်ရင် ဌားထားတယ်ပေါ့။ Business လုပ်တာတော့ မဟုတ်ပေမယ့် သူ့ဝါသနာအရလုပ်တယ်။    ဒါကြောင့် ညီမကလည်း ဒီမေဂျာကို ယူပြီး နောက်တချိန်ကြရင် အမေနဲ့လည်း လက်တွဲပြီး တူတူအလုပ်လုပ်လို့ရတယ်လေ။ Architecture ကုမ္ပဏီဖွင့်တာပဲဖြစ်ဖြစ် တခုခုလုပ်လို့ရတယ်လေ။ ဒါပေမယ့် တကယ့်ဖြစ်ချင်တာကတော့ အဆိုတော်ပါပဲ။ Architecture ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်စိတ်ဝင်စားမှုက သိပ်အများ    ကြီးမဟုတ်ပေမယ့် စိတ်ဝင်စားတယ်။ အခုက ညီမက First Year ကိုတက်နေတုန်းပဲလေ။ Architecture က စာကျက်စရာမလိုဘူးလေ။ ဒုတိယနှစ်ကျရင်တော့ History တွေဘာတွေပါလာရင်တော့ ကျက်ရင်ကျက်ရမယ်။ အခုကတော့ Drawing တွေ အဓိကလုပ်ရတယ်။ Architecture ကတော့ Stress တော်တော်များတယ်။ သူများတွေလို တခြားဘာသာဆိုရင် မကျက်ထားတဲ့ ဘာသာတွေဆိုရင် စာမေးပွဲနားနီးရင် ကောက်ကျက်လိုက်လို့ရတယ်။ Architecture ကကျတော့ အဲလို စာမေးပွဲမဟုတ်ဘူးဆိုတော့ သူက အချိန်တလပေးထားရင် အဲဒီတလအတွင်းမှာ Drawing တွေဆွဲရမယ်။ နေ့စဉ် တစိုက်မတ်မတ်လုပ်မှ နို့မို့ဆိုရင် အပ်ရမယ့် ညကျမှ ကောက်ဆွဲလို့လည်း မရဘူးလေ။ အဲဒီိအတွက် stress တွေတော့များတယ်။

ဟိုက ပညာရေးစနစ်ကို ဘယ်လိုမြင်မိလည်းဆိုတော့ ပိုကောင်းတာပေါ့နော်။ ညီမကလည်း ဒီမှာက ၆    တန်းကို International School မှာ တက်ခဲ့တာ။ ဟိုက ပညာရေးစနစ်ကတော့ ပိုပြီးတိုးတက်တာပေါ့။ လွတ်လွတ်လပ်လပ်လည်းရှိတယ်။ အလွတ်ကျက်ရတာတွေ သိပ်မရှိဘူး။ Hight school တုန်းကဆိုရင်လည်း အလွတ်ကျက်လို့မရဘူး။ ကိုယ်ရဲ့ Opinian နဲ့ကိုယ် ၊ နောက်ပြီး အဖြေက တခုထဲ မရှိဘူး။ အဲဒီလိုမျိုးပေါ့။ ဟိုက ညီမရဲ့ Life Style က အခု ညီမက တယောက်ထဲဆိုတော့ အဆောင်မှာနေတယ်။ အဆောင်က အရင်တုန်းက ဒီက တက္ကသိုလ်နဲ့ အဆောင်နဲ့တွဲတဲ့ပုံစံမျိုးလေ။ အဲဒီမှာနေမယ်။ အဆောင်က သူငယ်ချင်းတွေနဲ့ပေါင်းဖြစ်တယ်။ ညီမက Hight School Year Elevel ထဲက တယောက်ထဲအဆောင်နေရတာလေ။ အဲဒီတုန်းက Under 18 ဆိုတော့ အရမ်း စည်းကမ်းကြီးတဲ့အဆောင်မှာနေရတယ်။ အခုက Over 18 ဆိုတော့ အဲဒီထက်တော့ ပိုလွတ်လပ်သွားတယ်။ တယောက်ထဲနေရတာတော့ အခုချိန်မှာတော့ Used To ဖြစ်သွား  ပြီပေါ့။ စစချင်းတုန်းကတော့ အိမ်ကို သတိရတယ်။ မိဘတွေကိုလည်း သတိရတယ်။ မိဘတွေ ဒီမှာရှိတုန်းကလည်း ရန်ကုန်ကို တနှစ်တခါပြန်လာနေကျလေ။ အခုကျတော့ မိဘတွေကလည်း မရှိတော့ ကျောင်းကလည်း အသစ်လေ လူတွေကလည်းအသစ် နေရာကလည်း အသစ် ဘယ်သူမှလည်း မရှိဘူးဆိုတော့ စစချင်းကတော့ ၀မ်းနည်းတာပေါ့လေ။ နောက်ပိုင်းကျတော့ သူငယ်ချင်း အသစ်တွေလည်း ရတယ် နေရတာလည်း နည်းနည်း used to ဖြစ်သွားတော့အဆင်ပြေလာတယ်။

ကြိုးစားနေတဲ့လူငယ်တွေအတွက် အချင်းချင်းပြောပြချင်တာက အလုပ်တခုက ကိုယ့်ကို တကယ်ပျော်ရွှင်စေတယ်။ ကိုယ်ကလည်းယုံကြည်မှုရှိတယ်။ ကိုယ့်ကိုအားပေးမယ့် သူတွေလည်းရှိတယ်။ ကိုယ်တကယ် ပျော်တဲ့အရာတခုကို အိမ်မက်တခုကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် ဘယ်တော့မှ လက်မလျော့ဘဲနဲ့ တစိုက်မတ်မတ် ကြိုးစားစေချင်ပါတယ်။ ညီမကိုယ်တိုင်လည်း ပရိသတ်လက်ခံတဲ့အဆိုတော်တယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။


ယုမွန်ကျော်

Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံ ပြိုင်ပွဲမှာ မြန်မာဒီဇိုင်နာရဲ့ဝတ်စုံ အကောင်းဆုံးစာရင်းဝင်နေ

Posted: 01 Dec 2015 11:01 PM PST


Top 10 စာရင်းဝင်နေတဲ့ ဒီဇိုင်နာ သျှီလာရဲ့ ညနေခင်းအလှဝတ်စုံနဲ့ အလှမယ် အယ်လ်ဘောက်နူး (ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအလှမယ် အယ်လ်ဘောက်နူးရဲ့ ညနေခင်းအလှဝတ်စုံဟာ အကောင်းဆုံးညနေခင်းဝတ်စုံ (၁၀) စုံစာရင်းထဲမှာ ပါဝင်နေပါတယ်။



နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေဝတ်ဆင်ပြသခဲ့တဲ့ ညနေခင်းအလှဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် ရဲ့ ညနေခင်းဝတ်စုံက အခုလို Top 10 စာရင်းဝင်ခဲ့တာပါ။ ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာက ကိုသျှီလာ လို့သိရပါတယ်။



လက်ရှိမှာ Canada၊ Chile၊ Iceland၊ Indonesia၊ Japan၊ Myanmar၊ Philippines၊ Trinidad & Tobago၊ United States နဲ့ Vietnam နိုင်ငံများမှ အလှမယ်လေးတွေရဲ့ ညနေခင်းဝတ်စုံတွေဟာ Top 10  စာရင်းထဲမှာ ပါဝင် နေတာလည်းဖြစ်ပါတယ်။

"မနက်ဖြန်မနက်မှာတော့ အဲ့ဒီ ၁၀ စုံထဲကမှ အကောင်းဆုံးဝတ်စုံကို ကြေငြာမှာပါ။ ဒီနေ့အထိကတော့ အဖြေမထွက်သေးပါဘူး။ အဓိကကတော့ မှန်စီရွှေချဝတ်စုံလေးတွေဟာ များသောအားဖြင့် ဗင်နီဇွဲလားကနေ ဆင်းသက်လာခဲ့တာပါ။ ဗင်နီဇွဲလားဆိုတာက အလှမယ်လောကမှာ နာမည်အကြီးဆုံး အအောင်မြင်ဆုံး နိုင်ငံပေါ့နော်။ အဲ့ဒီကမှ မှီငြမ်းပြီးတော့ ဒီဇိုင်နာ ကိုသျှီလာက အဲ့ဒီဘက်က ဒီဇိုင်းတွေကို လေ့လာတယ်။ အဲ့ဒီလို မှန်စီရွှေချဝတ်စုံလေးတွေကို အလှမယ်ပွဲတွေအတွက် ချုပ်ပေးဖြစ်တယ်ပေါ့။ ဒါတွေက အပြင်ဈေးကွက်အတွက် မတွင်ကျယ်ဘူးပေါ့နော်။ ဒါပေမယ့် အလှမယ်ပြိုင်ပွဲတွေမှာတော့ အရမ်းကိုပဲ အောင်မြင်တဲ့ဝတ်စုံ  နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ၀တ်စုံဆိုတော့ ဒါတွေကို သိပ်မသိတဲ့မြန်မာတွေအတွက်တော့ တခါလာလည်း မှန်စီရွှေချပုံစံပဲ ဆိုပြီးတော့ပေါ့။ တကယ်ပြန်ပြီးတော့ ဂုဏ်ယူဖွယ်ရာတွေးကြည့်မယ်ဆိုရင် ဒီလိုမှန်စီ ရွှေချဒီဇိုင်မျိုးကောင်းကောင်းလုပ်နိုင်တာ ဗင်နီဇွဲလားလို နိုင်ငံပဲရှိပါတယ်။ ဒုတိယအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ကိုသျှီလာကနေ ဖန်တီးချုပ်လုပ်ခဲ့တာပေါ့။ အဲ့ဒီအတွက် ဂုဏ်ယူမိပါတယ်။ အခုလို Top 10 ၀င်တယ်ဆိုတာကလည်း ကိုသျှီလာရဲ့ လက်ရာတွေကို အသိအမှတ်ပြုလို့ရရှိခဲ့တာပဲဖြစ်ပါတယ်။အကောင်းဆုံး ဆုရဖို့လည်း မျှော်လင့်ထားပါတယ်" လို့ Miss Golden Land Myanmar Orgainzation မှ ကိုဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။


ဒီဇိုင်နာ ရှီလာ ဟာ နိုင်ငံတကာ Pageant များမှာ Amazing Evening Gown များဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့
Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။

ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာမှာရှိတဲ့ Miss Supranational  ပြိုင်ပွဲကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့ အထိကျင်းပပြုလုပ်နေတာဖြစ်ပြီး နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။



0 comments:

Post a Comment