The Irrawaddy's Blog |
- နယူးရီးယား ဒါမှမဟုတ် ပါတီပွဲတွေအတွက် မရှိမဖြစ် အသားကင်စက်
- ဖေ့ဘုတ်ရဲ့စာမျက်နှာထက် လတ်တလော ဘာတွေခေတ်စားနေလဲ
- ချမ်းအေးတဲ့ ဒီဇင်ဘာမှာ စားစရာ “ရွှေလာ” ဟော့ပေါ့
- အမှားကင်းအောင်နေလို့မရဘူး အမှားနည်းအောင်တော့နေလို့ရတယ်ဆိုတဲ့ အေးမြတ်သူ
- ဥရောပအသေးစားမော်ဒယ်တွေဖြစ်တဲ့ MINI Cooperနဲ့ Renault Twingo …
- လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ
- “ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်”
- ဝိုင်တခွက်နဲ့ အချမ်းဖြေရင်းပါတီပွဲဆင်နွှဲမလား
- ဖဲကြိုးနက်ဆရာဝန်များ ကြေညာချက်တစောင် ထုတ်ပြန်
- သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်
- ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားရိုက်ကူးတော့မည်
- မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်ဖြင့် ပြသတော့မည်
- သင့်အရိုးများအတွက် နို့
- Sunkist C 500 ဗီတာမင်စီအချိုရည် စတင်မိတ်ဆက်လိုက်ပြီ
- သီချင်းတွေဆိုပြီး အဆိုတော်လုပ်တော့မယ့် အလှမယ် နန်းခင်ဇေယျာ
- Miss Gorgeous အလှကုန်မှ ပြုလုပ်တဲ့ Mr&Ms ရွေးချယ်ပွဲ ကျင်းပ
- တယ်လီနောရဲ့ တမိနစ် တကျပ်တန် “စူပါဇီးကွက်” အစီအစဉ်သစ် စတင်ပြီ
- အင်းသားလူငယ်တွေရဲ့ "တက်ဝါးကိုင်တဲ့ လက်များ”
- Viber မှ မြန်မာ့လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” အစီအစဉ် မိတ်ဆက်
- နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ဆိုတဲ့ အဆိုတော်လေးဖြူ
- မြန်မာကာတွန်းစတင်ပေါ်ပေါက်ခဲ့တဲ့ နှစ် ၁၀၀ ပြည့်ပွဲတော်ကျင်းပမည်
- ခရစ္စမတ်အတွက် ကြိုတင်အလှဆင်ကြမလား
- Sunday Brunch ဘူဖေးစားနိုင်တဲ့ “Peperoni” အီတလီစားသောက်ဆိုင်
- ဈေးကွက်နေရာရလာတဲ့ McLaren 675 LT
- “အမြဲတမ်း ကြိုးစားနေမှ တန်ကာကျမယ်”
| နယူးရီးယား ဒါမှမဟုတ် ပါတီပွဲတွေအတွက် မရှိမဖြစ် အသားကင်စက် Posted: 29 Dec 2015 12:07 AM PST မကြာခင်မှာပဲ နှစ်တနှစ် ကုန်ဆုံးတော့မှာမို့ ရောက်ရှိလာတော့မယ့် နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်လို့ နေလောက်ကြပြီထင်ပါတယ်။ အပြင်မသွားပဲ အိမ်မှာပဲ new year ပါတီလုပ်မယ့်သူများရော သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပါတီကျင်းပမယ့်သူများရော ပါတီရဲ့ဓလေ့တစ်ခုလည်းဖြစ် သောက်စရာဝိုင်နဲ့လည်း လိုက်ဖက်တဲ့ BBQ ကို မပါမဖြစ်အနေနဲ့ထည့်သွင်းစဉ်းစားကြမယ်ထင်ပါတယ်။ အဲ့လိုစဉ်းစားရာမှာ BBQ ကင်ဖို့အတွက် အသားကင်စက်လေးတွေအကြောင်းလည်း ခေါင်းထဲရောက်လာဦးမှာပါ။ အရင်ကတော့ မီးသွေးမီးဖိုကို အသုံးပြုပြီး အသား စတာတွေကို ကင်ကြရပေမယ့် digital ခေတ်ရောက်လာတဲ့အခါမှာတော့ ပလပ်ထိုးလိုက်တာနဲ့အသင့်သုံးလို့ရတဲ့ မီးဖိုလေးတွေကို အသုံးပြုလာကြပါပြီ။ သုံးရတာလည်းလွယ် နေရာလည်းအရမ်းမယူ ချစ်စရာလည်းကောင်းတာမို့ အသုံးတည့်မှာပါ။ အသား ငါး နဲ့အသီးအရွက်တွေကို လွယ်လွယ်ကူကူနဲ့ လတ်လတ်ဆတ်ဆတ် ကင်စားလို့ရနိုင်မယ့် စက်လေးပါ။ လျှပ်စစ်မီးနဲ့ အသုံးပြုရမှာဖြစ်ပြီး အပူရှိန်ကို လိုသလိုအတိုးအလျော့လုပ်နိုင်ပါတယ်။ လတ်ဆတ်တဲ့ အသားနဲ့ အသီးအရွက်ကင်များကို အလွယ်တကူရရှိနိုင်မယ့်အပြင် ဝိုင်ဖြူ ဝိုင်နီစတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်မှာမို့ အဆင်ပြေစေမှာပါ။ New Year ညမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပါတီကျင်းပရာမှာ အဆင်ပြေပြီး လွယ်ကူစေဖို့ ဒီအသားကင်စက်လေးက ကူညီမှာပါ။ ဈေးနှုန်းအနေနဲ့လည်း အရမ်းမများပဲ သင့်တင့်တာမို့ ဝယ်ယူအသုံးပြုသင့်ပါတယ်။ New Year တစ်ခုတည်းတင်မဟုတ်ပဲ အခြား ပါတီများနဲ့ အိမ်မှာ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေ တွေ့ဆုံကြတာမျိုးတွေမှာလည်း အပျော်တမ်းအသားကင်စားဖို့လည်း အဆင်ပြေမှာပါ။ အသားကင်နဲ့တွဲဖက်ဖို့ ဝိုင်ကိုရွေးချယ်မယ်ဆိုရင်တော့ အမဲသားနဲ့လိုက်ဖက်တဲ့ ဝိုင်နီကိုရွေးချယ်သင့်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ အသားကင်စက်လေးရဲ့အကူအညီနဲ့ လတ်ဆတ်တဲ့ အသားငါး၊ အသီးအရွက်တွေကို ကင်ပြီး ဝိုင်ချိုချိုတစ်ခွက်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒီဇင်ဘာလရဲ့အေးမြတဲ့ ရာသီဥတုမှာ အသားကင်ပူပူလေးနဲ့ ဝိုင်ရဲ့ ပြင်းရှရှအပူဓာတ်က ခန္ဓာကိုယ်ကို အနွေးဓာတ်ရရှိစေမှာပါ။ အသားကင်စက်လေးတွေကို အမဲသား ငါး စတာတွေတင် ကင်ဖို့မဟုတ်ပဲ ကိုရီးယားကင်၊ ရုံးပတီသီးစတဲ့ အသီးအရွက်နဲ့ အခြားအသားများကိုလည်း ကင်စားနိုင်ပါတယ်။ မီးသွေးမွှေးရမယ့် ဒုက္ခကိုလည်း ကင်းဝေးစေမှာပါ။ မီးခိုးမွှန်တာမျိုး လက်အပူလောင်တာမျိုးလည်း ရှိမှာမဟုတ်တော့ဘူးပေါ့။ အရွယ်အစားအကြီးအသေး ပုံစံအမျိုးမျိုးရှိတဲ့ အသားကင်စက်လေးတွေဟာ အသုံးပြုဖို့အဆင်ပြေလှပါတယ်။ ဈေးနှုန်းအနေနဲ့ 20000 (နှစ်သောင်းကျော်)ပတ်ဝန်းကျင်သာ ကျသင့်မှာဖြစ်ပါတယ်။ နီးစပ်ရာ online shopping တွေနဲ့ Electronic showroomတွေမှာ ဝယ်ယူနိုင်ပါတယ်။ ခုလာမယ့် နှစ်သစ်ကူး မှာ အသားကင်စက်လေးကို အသုံးပြုပြီးပျော်ရွှင်ဖွယ်နှစ်သစ်ကို ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ထက်ဦးဝေ | ||||||||||
| ဖေ့ဘုတ်ရဲ့စာမျက်နှာထက် လတ်တလော ဘာတွေခေတ်စားနေလဲ Posted: 29 Dec 2015 12:43 AM PST မြန်မာပြည်မှာ သတင်းဦး၊သတင်းထူး၊ ဟော့သတင်းတွေကို ဖတ်ချင်ရင်တော့ သိပ်ဝေးဝေးသွားရှာ နေစရာမလိုပါ။ ဖေ့ဘုတ်သတင်းဌာနကြီးမှာ သွားရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်လို့ ပြောရမလိုဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ စာမျက်နှာတွေထက် ဟော့ဖြစ်နေတဲ့ အောင်မြင်ကျော် ကြားနေတဲ့ အကြောင်းအရာ၊ လူပုဂ္ဂိုလ် စတဲ့အကြောင်းကို စုစည်းဖော်ပြပေးချင်ပါတယ်။
ဖိုးတခေတ်လို့ ခေါ်ထွင်နေတဲ့ ကရင်ရသေ့ ပထမဆုံးအနေနဲ့ ဖေ့ဘုတ်စာမျက်နှာထက် ဟော့အဖြစ်ဆုံးလို့ပြောလို့ရမယ့် သတင်းကတော့ ကရင်ပြည် နယ် ဘားအံမြို့နယ် ဂျိုင်းရွာအနီးတ၀ိုက်က လူအများ ယုံကြည်ကိုးကွယ်နေကြတဲ့ "ဖိုးတခေတ်" ဆိုတဲ့ က ရင်ရသေ့တပါးလို့လည်း ခေါ်ဆိုနေကြသော သူတဦးပါပဲ။ ဖိုးတခေတ်ဆိုပြီး ပေါ်ပေါက်နေခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အခုပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော သူ့ရဲ့ မွေးနေ့ပွဲ ကျင်းပပုံတွေကို ပြည်တွင်းသတင်းဌာနတွေက ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြလာခဲ့ရာက စလို့ ဖေ့ဘုတ်စာ မျက်နှာတွေထက်မှာ ပျံ့နှံ့လာပြီး ပိုမိုလူသိများလာကြတာပါ။ ဒါ့ထက် ပိုဆိုးတာက သူ့ရဲ့ မွေးနေ့ပွဲတော်ကာလအတွင်းမှာ ဖိုးတခေတ်ဟာ ဆိတ် ၅ ကောင်ဆွဲတဲ့ လှည်းယာဉ်၊ မြင်းဖြင့်ဆွဲတဲ့ လှည်းယာဉ်၊ ဆတ်ဖြင့်ဆွဲတဲ့လှည်းယာဉ်၊ ကားဖြင့် ဆွဲတဲ့ လှည်းယာဉ်စတာတွေကို စီးပြီး နတ်နန်းကို လှည့်ပတ်မှုပြုလုပ်ခဲ့တာတို့ ကျွဲဖြူစီးပြီး လှည့်ပတ်တာတို့ ပြုလုပ်ခဲ့တဲ့အပေါ် တထူးတဆန်းနဲ့ ပြောဆိုဝေဖန်ခဲ့ကြတာပါ။ အဲ့ဒီမွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကာ သူ့အား ယုံကြည် ကိုးကွယ်သူတွေက အရိုအသေပေးတဲ့အနေနဲ့ အလှူငွေများကိုလည်း လာရောက်လှူဒါန်းခဲ့ကြတယ်လို့လည်း ပြည်တွင်းသတင်းတွေအရသိရပါတယ်။ အဆိုပါ ကရင်ရသေ့လို့လည်း လူသိများနေကြတဲ့ ဖိုးတခေတ်ကို အဲ့ဒီဒေသအတွင်း ယုံကြည်နေကြတဲ့သူတွေ ရှိသလို သူ့ရဲ့ နေထိုင်သွားလာမှုပုံစံတွေကြောင့် ဝေဖန်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးမှာတော့ ဖိုးတခေတ်ရဲ့ဝတ်စားဆင်ယင်ပုံဖက်ရှင်ဒီဇိုင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်ထင်ပါရဲ့။ အဲ့ဒီလို ဒီဇိုင်းမျိုးတွေ ၀တ်ဆင်လို့ သရော် ဝေဖန်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပလူ ပျံနေပါတော့တယ်။
လိပ်ကျွန်းလူသတ်မှုရဲ့ သေဒဏ်အမိန့် ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းကို လူသတ်တရားခံများအဖြစ် တရားစွဲဆိုထားရာကနေ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေက မကျေနပ်တဲ့အတွက် ဒီသေဒဏ်အမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာလူမျိုးတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံမှာရှိသော ထိုင်းသံရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် နယ်မြို့အသီးသီးမှာလည်း ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ လူငယ်အများစုပေါင်းကာ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှုများကိုလည်း ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာတွေမှာ လိုက်လံကောက်ခံမှုများကိုပါ ပြု လုပ်နေကြတာပါ။ ဖေ့ဘုတ်သတင်းဌာနကွန်ရက်ကြီးမှာတော့ ဒီ သေဒဏ်အမိန့်နဲ့ ပတ်သက်လို့ မျိုးချစ်မြန်မာတွေရဲ့ ပေါက်ကွဲသံစဉ်တွေဟာ ပျံ့နှံ့ထွက်ပေါ်လာကာ ထိုင်းနိုင်ငံရဲ့ တရားရေးရာစီရင်မှုနဲ့ ပတ်သက်ပြီး ရှုံ့ချပြောဆို ဝေဖန်မှုများ ဖေ့ဘုတ်ပရိုဖိုင်းပုံပြောင်းလဲမှုများ ပြုလုပ်ကာ ဆန္ဒဖော်ထုတ်နေကြပါတော့တယ်။ အေးမြတ်သူဝတ်ဆင်ရိုက်ကူးခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ပြက္ခဒိန် ကုမ္ပဏီတခုရဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တခုမှာ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်တချို့ရေကူးဝတ်စုံများ ၀တ်ဆင်ရိုက်ကူးခဲ့တဲ့အထဲမှာ သရုပ်ဆောင် အေးမြတ်သူရဲ့ ပုံကို လူတော်တော်များများက သတိထားမိ လာတာပါ။ အထူးသဖြင့် ဖေ့ဘုတ် သတင်းဌာနကြီးမှာပေါ့။ အဲ့ဒီပြက္ခဒိန်တခုလုံးမှာ သရုပ်ဆောင်အားလုံးဟာ ရေကူးဝတ်စုံများဝတ်ဆင်ပြီး သရုပ်ဖော်ခဲ့ကြတာပါ။ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ရေကူးဝတ်စုံဝတ်ဆင်ရိုက်ကူးခဲ့သော သရုပ်ဆောင် မော်ဒယ်လ် အေးမြတ်သူကတော့ အားလုံးထဲမှာ အပေါ်လွင်ဆုံးဖြစ်သွားတယ်လို့ ဆိုရမလိုဖြစ်နေပါတော့တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ရိုက်ကူးခဲ့မှုကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ရှိသလို ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ ဟော့ဖြစ်ဆုံး လူပုဂ္ဂိုလ်တဦးအဖြစ် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ မစပ်စု | ||||||||||
| ချမ်းအေးတဲ့ ဒီဇင်ဘာမှာ စားစရာ “ရွှေလာ” ဟော့ပေါ့ Posted: 28 Dec 2015 02:50 AM PST ဒီတပတ်မှာတော့ ခုလိုဆောင်းတွင်းကာလနဲ့ ကိုက်ညီတဲ့ အစားအစာဖြစ်သလို အရသာ ကောင်းမွန်တဲ့ ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဆိုင်ကတော့ "ရွှေလာ" ဟော့ပေါ့ဆိုင်ဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းအမှတ် ၂၅ (A1) မှာရှိပါတယ်။ ဆိုင်က အနည်းငယ်ကျဉ်းပေမယ့် သပ်ရပ်တဲ့ အပြင်အဆင်နဲ့ သန့်ရှင်းမှုလည်း ရှိတာကြောင့် နေ့လယ်စာစားဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ပြီးစကားပြောချင်တာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်တဆိုင် ဖြစ်မှာပါ။ "ရွှေလာ" ဟော့ပေါ့ဆိုင်မှာ စားသုံးသူတိုင်းအတွက် တယောက်စာ ဟော့ပေါ့ အရည်အိုးလေးတွေ စီစဉ်ပေးထားပါတယ်။ ဒီလိုတယောက်စာ အိုးလေးတွေထားပေးတဲ့အတွက် မိသားစုလိုက်ပဲဖြစ်ဖြစ်၊ တဦးချင်းပဲဖြစ်ြ ဖစ် ကိုယ်ကြိုက်နှစ်သက်ရာ အရသာကို စိတ်ကြိုက်ပြင်ဆင် စားသောက်လို့ အဆင်ပြေမှာပါ။ ဆိုင်မှာရရှိနိုင်တဲ့ မီနူးမှာပါဝင်တဲ့ အသားငါးအနေနဲ့ကတော့ အဆင့်မြင့် အမဲနှင်းပန်းအသား၊ အမဲခါးဆစ်သားစတဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆယ်လမွန်ငါးနဲ့ ဂုံးစတဲ့ ပင်လယ်စာမျိုးစုံကိုရရှိနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် အသီးအရွက်များအနေနဲ့ကတော့ မုန်ညင်းဖြူ၊ ပန်းပွင့်စိမ်း၊ ဆလပ်ရွက်၊ မုန်လာဥနီ၊ ကြာစွယ်၊ မှိုမျိုးစုံနဲ့ အသင့်စား CP အကင် အပါအဝင် ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲနဲ့ အကြော်အလှော် တချို့လည်း ရရှိနိုင်တယ်လို့ သိရပါတယ်။ အသားငါး မီနူးဟင်းလျာတွေရဲ့ ဈေးနှုန်းကတော့ ၂၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး အသီးအရွက်ဟင်းလျာတွေကတော့ ၈၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်ခန့် ရှိတာကြောင့် ဈေးနှုန်းသင့်တင့်တယ်လို့ ဆိုရမှာပါ။ စားသုံးသူမှာယူမှုများတဲ့ ပင်လယ်စာနဲ့ အမဲသား၊ အသီးအရွက်မျိုးစုံပါဝင်တဲ့ ၁၅၀၀၀ ကျပ်တန် ဟော့ပေါ့ Set တပွဲကို မှာယူစားသောက်ဖြစ်ခဲ့ပါတယ်။ ဆိုင်ကျဉ်းသလို စားသုံးသူကများတော့ ဆိုင်တွင်းဆိုင်ပြင်မှာ ထိုင်စောင့်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်မှာတဲ့ဟင်းလျာကို လာရောက်ချပေးတဲ့အချိန်က ၁၅ မိနစ်ခန့်သာရှိတာမို့ စောင့်ရချိန် မကြာလှပါဘူး။ အမဲသား၊ ဝက်သားနဲ့  ပင်လယ်စာတို့ကို မြည်းစမ်းကြည့်တဲ့အခါမှာ လတ်ဆတ်တဲ့အသားရဲ့ အရသာကိုရရှိပြီး ဟင်းရည်ရဲ့ ပူစပ်စပ်အရသာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီဇင်ဘာရဲ့ အအေးဓာတ်တွေ ပျောက် ပြီး ချွေးစို့လာပါတယ်။ ဒါကြောင့် ပူစပ်စပ်အရသာရှိတဲ့ "ရွှေလာ"ဟော့ပေါ့ဟာ ခုလိုအေးမြတဲ့ရာသီဥတုနဲ့ သဟဇာတဖြစ်စေမှာပါ။ ဆော့စ်အချဉ်ကိုလည်း တို့ဖူးဆော့စ်၊ ရွှေလာဆော့စ်၊ မြန်မာအရသာဆော့စ် စသည်ဖြင့် ရရှိနိုင်ပြီး ငရုတ်သီး၊ မုန်လာဥဖြူ၊ နှမ်းဆီ၊ ကြက်သွန်မြိတ် နဲ့ နံနံပင် စတာတွေကိုလည်း သီးသန့် ချပေးထားတာကြောင့် ဆော့စ်ကို မိမိစိတ်ကြိုက်အရသာအတိုင်း လိုအပ်သလို စပ်ဟပ်စားသုံးနိုင်ပါတယ်။ ဟော့ပေါ့ဟင်းရည်ကိုတော့ အစပ်မစားနိုင်သူတွေအတွက် အစပ်မပါတဲ့ ပုံမှန်ဟင်းရည်ကို ရရှိနိုင်ပြီး အစပ်အရသာကိုမှ စားချင်ရင်တော့ ရှုးရှဲအရသာ ဖြစ်စေမယ့် ဟော့ပေါ့အရည်ကို စားပွဲထိုး ဝန်ထမ်းတွေကလာရောက်ချပေးမှာပါ။ သင့်တင့်တဲ့ဈေးနှုန်းရှိပြီး သပ်ရပ်တဲ့ ဆိုင်ကလေးဖြစ်တာကြောင့် စားသုံးသူတွေ စိတ်ကျေနပ်မှု ရမရသိရအောင် သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းချင်တာပါ။ တဦးချင်းစီ စားချင်သူတွေအတွက် ဘားပုံစံဖန်တီးပေးထားပြီး မိသားစုမိတ်ဆွေသူငယ်ချင်းများနဲ့ စားသုံးချင်သူတွေအတွက် လေးယောက်ဝိုင်းငါးယောက်ဝိုင်းများ စီစဉ်ထားပါတယ်။ ညနေပိုင်းရုံးဆင်းချိန်မှာတော့ ရုံးဆင်းမိတ်ဆွေများ၊ သင်တန်းမှအပြန်သူငယ်ချင်းများ၊ မိသားစုများနဲ့ လူများနေပြီး အပြင်မှာထိုင်စောင့်နေသူများပါ တွေ့ရပါတယ်။ ဆိုင်ဖွင့်လှစ်ခဲ့တာ ၁ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ရွှေလာဟော့ပေါ့ဆိုင်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမအနီးမှာတဆိုင်၊ မရမ်းကုန်းမြို့နယ် City Mart နဲ့ စမ်းချောင်းမြို့နယ်တို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ရွှေလာဟော့ပေါ့ဆိုင် ရဲ့ VIP card ရှိတဲ့ စားသုံးသူတွေအတွက် ၁၀ ရာခိုင်နှုန်း discount ရရှိမှာဖြစ်ပါ တယ်။ အငွေ့ထောင်းထောင်းထနေတဲ့ ခပ်စပ်စပ်အရသာနဲ့ ရွှေလာဟော့ပေါ့ဆိုင် က ရှုးရှဲအရသာဟော့ပေါ့တပွဲကို စားသောက်ရင်းဒီဇင်ဘာရဲ့ ချမ်းအေးမှုကိုခံစားကြည့်ရအောင်ပါ။ ထက်ဦးဝေ | ||||||||||
| အမှားကင်းအောင်နေလို့မရဘူး အမှားနည်းအောင်တော့နေလို့ရတယ်ဆိုတဲ့ အေးမြတ်သူ Posted: 28 Dec 2015 12:39 AM PST
ဆယ်စုနှစ်တစုစာမျှ သရုပ်ဆောင် မော်ဒယ်လ်လောကမှာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကြောင့် ပရိတ်သတ်ရဲ့ ချင်ခင်အားပေးမှုကို လတ်တလောတိုင် ရရှိနေဆဲဖြစ်သလို ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ဒီကနေ့ထိတိုင်အောင် လူသိများထင်ရှားနေဆဲ မော်ဒယ်လ်နဲ့ သရုပ်ဆောင် အေးမြတ်သူကို သိကြမယ်ထင်ပါတယ်။ ဒါ့အပြင် သူဟာ သိပ်မကြာသေးခင်ကာလလောက်က လောက်ကိုင်ဒေသမှာစစ်ပွဲတွေနဲ့ ရင်ဆိုင်နေရချိန်တုန်းကလည်း စစ်ဘေးရှောင် ပြည်သူတွေ ဒုက္ခသည်တွေထံ ကိုယ်တိုင်သွားရောက် ကူညီအားပေးခဲ့လို့ ပရိတ်သတ်ရဲ့ ချီးမွမ်း ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီတော့ သရုပ်ဆောင် အေးမြတ်သူ နဲ့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်တို့ ကြုံတုန်းဆုံတုန်းမှာ မေးဖြစ်ပြောဖြစ်ခဲ့တာလေးတွေကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ မေး မြန်မာအမျိုးသမီးဆိုတာ ဘယ်လိုလို့ အေးမြတ်သူလက်ခံထားလဲ။ ဖြေ တခါတလေကျရင်လေ လူတွေက ငါလုပ်တာ အကောင်း ငါပြောသလို ငါလုပ်သလိုမလုပ်နဲ့ ပြောသလြို ဖစ်နေတယ်။ ဥပမာ အိမ်ထောင်ကျသွားတဲ့သူတယောက်က သူအိမ်ထောင်ကျသွားပြီး နင်ယောကျာ်း မယူနဲ့နော် မကောင်းဘူး လို့ပြောတယ် သူကျတော့ ကျသွားပြီလေ။ ငါလုပ်သလိုမလုပ်နဲ့ငါပြောတာကိုလုပ် ဆိုတာလေ။ ပြောချင်တာက သိသိကြီးနဲ့ တခါတလေကျရင် မှားတတ်ကြတဲ့ အမှားတွေလည်း ရှိပါတယ်။ မြန်မာမိန်းကလေးတယောက်ကတော့ ကိုယ့်ရဲ့ ကာယိနြေ္ဒကိုတော့ ထိန်းသိမ်းရတာပေါ့။ အဲဒီလိုပြောမယ်ဆိုရင် နင်ကျတော့ ဒီလိုရိုက်ပြီးပြောတယ်ပေါ့ ဆိုပြီး ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ အေးမြတ်သူ လုံလုံခြုံခြုံနဲ့ ပုံလေးတွေပေါ်လာရင် အဲဒီပုံလေးတွေကိုပိုကြိုက်ကြမှာ။ ဒါက ခေတ်အရ ဒီလိုရိုက်ကြတာရှိမယ်။ဒါပေမယ့် တကယ့်တကယ့် ရင်ထဲစွဲဖို့ဆိုတာ မြန်မာမတယောက်က ကျက်သရေရှိရှိ လုံလုံခြုံခြုံဆိုရင် ပရိသတ်ရင်ထဲမှာ စွဲနေမှာပါ။ ဒါက ခဏပါ။ ဒီထက်ပို ဟော့တဲ့ပုံတွေ တက်လာခဲ့ရင် ဒီပုံက ဘာမှမဟုတ်တော့ပါဘူး။ ဒါက ခဏလေး အတိုင်းအတာမှာ ပရိသတ်က လက်ခံနေတာပါ။ တပတ်ပေါ့ ဆယ်ရက်ပေါ့။ ဒီထက်ပိုပြီး ဟော့တာမျိုး၊ ဖော်တာမျိုးထွက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်တော့မှ မရိုးတာက မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိတဲ့ ပုံပါပဲ။ ဒါလေးက သူရဲ့ဘ၀မှာ အလှဆုံးပုံလေးဖြစ်နေမှာပါ အေးမြတ်သူက အဲဒါကို လက်ခံပါတယ်။ တချို့ဟာတွေက ခေတ်ကြောင့်သာ ခဏသာ ဟော့နေတာပါ။ ပြောချင်တာကတော့ မြန်မာမိန်းကလေးတယောက်က ကိုယ့်ရဲ့ ကာယိနြေ္ဒ ထိန်းသိမ်းရပါတယ်။ ပြီးတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဒါတွေက ပြောနေပေမယ့် လူတိုင်းတော့ မလုပ်နိုင်ပါဘူး။ ကိုယ်တိုင်လဲ အပါအ၀င်ပါပဲ၊ လူငယ်သဘာဝ မှားတာတွေရှိခဲ့ပါတယ်။ ပြောနေကျသလိုပေါ့ အမှားလုံးဝမရှိတဲ့သူဆိုတာ မရှိပါဘူး။ အမှားကင်းအောင် အေးမြတ်သူတို့ နေလို့မရဘူး။ အမှားနည်းအောင်တော့ အေးမြတ်သူတို့ နေလို့ရပါတယ်။ အေးမြတ်သူလဲ အမှားမကင်းဘူး ဒါပေမယ့်အတတ်နိုင်ဆုံး အမှားနည်းအောင်တော့ နေတယ်။ မမှားဘူးလို့တော့ မပြောပါဘူး။ မေး အိမ်ထောင်ပြုဖို့ရော အစီအစဉ်က ဘယ်လိုရှိလဲ။ ဖြေ အဲဒါနဲ့ပတ်သက်ပြီး အေးမြတ်သူ အသက် ၂၆ နှစ်လောက်ကထဲက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ်လို့လေ။ မရတာတော့ ကံပေါ့လေ။ အေးမြတ်သူက လေကတော့ မလျော့ဘူး။ ၃၀ သာ ကျော်သွားမယ် လေကတော့ မလျော့ဘူး အသက် ၃၀ မှာ အိမ်ထောင်ပြုမယ်ပဲ။ အသက် ၂၆နှစ်ထဲက ပြောနေတာလေ။ တွေ့ပြီလားဆိုရင် တွေ့လို့လဲ မဟုတ်ဘူးလေ။ အေးမြတ်သူရဲ့ life plan က အဲလိုလေ။ ကိုယ်မှာရှိနေလို့ လုပ်တော့မှာမလို့ ပြောနေတာ မဟုတ်ဘူး။ ရှိနေရင်တော့ သေချာတယ်ပြောပြမှာ ကိုယ်က မလျို့ဝှက်တတ်ဘူးလေ။ အခုက ၃၀ က ပြည့်တော့မယ် မဖြစ်တော့ဘူးဆိုတော့ ၃၅ နှစ် မှလို့ ပြောင်းပြောရင်ကောင်းမလားမသိဘူး။ ပြောရတာ ရှက်လာလို့လေ။ ဆက်လက်ပြီး သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့ ခန္တာကိုယ်အချိုးအစားလှပမှု၊ အလှအပကို ဘယ်လို ထိန်းသိမ်းပြုပြင်သလဲ၊ sexy pose ဆိုတာနဲ့ ပတ်သက်လို့ စတာတွေကို ဘယ်လို ပြောဆိုဖြေကြားထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်နော်။ | ||||||||||
| ဥရောပအသေးစားမော်ဒယ်တွေဖြစ်တဲ့ MINI Cooperနဲ့ Renault Twingo … Posted: 27 Dec 2015 11:41 PM PST ဈေးကွက်အနေအထားမှာ ကိုယ်ထည်ပိုင်းအသေးစား မော်ဒယ်လေးတွေကိုပဲ လူကြိုက်များကြတာ မျက်မြင်တွေ့နိုင်နေတာပါနော်။ အင်ဂျင်စနစ် အသေးစားကိုပဲ တပ်ဆင်ထားတာတွေရယ် ပြီးတော့ ဆီစားနည်းတာတွေ၊ ဈေးနှုန်းချိုသာတာတွေကြောင့် လူကြိုက်များတာပါ။ ဒါကြောင့် အသေးစား မော်ဒယ်တွေကို စိတ်ဝင်စားမယ့် ပရိတ်သတ်တွေအတွက် လက်ရှိ ဥရောပဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်နှစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပထမတခုကတော့ MINI Cooper ဖြစ်ပြီး သူကစွမ်းဆောင်ရည် ဦးစားပေးမော် ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်သလို နောက်ထပ်မော်ဒယ် Renault Twingo ကတော့ စရိတ်နည်းမော် ဒယ်အနေနဲ့ ဖန်တီးထားတာပါ။
မော်ဒယ်တခုချင်းရဲ့ အလေးပေးဖန်တီးမှု ကွာခြားပေမယ့် ပျမ်းမျှအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အရည်အသွေး ပါ စိတ်ချရတာကြောင့် မော်ဒယ်နှစ်ခုလုံး စိတ်ဝင်စားစရာ ကောင်းနေတာပါ။ ကောင်းပါပြီ၊ ကျနော်တို့ လက်ရှိ ပြည်တွင်းဈေးကွက်မှာရနိုင်နေပြီဖြစ်တဲ့ မော်ဒယ်လေးတွေကို ကျနော်တို့ လေ့လာကြည့်ရအောင်ပါနော်။ Twingo ကတော့ ဈေးကွက်မှာ အတွေ့ရ နည်းနေပါသေးတယ်နော်။ အားသာချက် … Cooper ရဲ့ လက်ကိုင်ပိုင်း အထူးကောင်းမွန်တဲ့အချက်ကမပြောမဖြစ် ပြောရမယ့် အားသာချက် ဖြစ်ပါတယ်။ အကြောင်းက Cooperဆိုတာမြို့တွင်းလို ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းကြောင်းတွေမှာ အကောင်းဆုံး မောင်းနှင်သွားလာနိုင်အောင် ဖန်တီးထားတာဖြစ်သလို အလျားကအစ ကိုယ်ထည်တခုလုံး ပုံမှန် အငယ်စီး Sedan တွေလောက်ကို သေးငယ်အောင် ဖန်တီးထားတာကြောင့် Cooper တွေရဲ့ အသက်က Steering အပေါ်မှာပါ မူတည်နေတာကြောင့် ရာနှုန်းပြည့် စိတ်ချရပါတယ်။ နောက်ထပ် ပြောချင်တာတခုက Cooperမှာ တပ်ဆင်ထားတဲ့ အင်ဂျင်က အရွယ်သေးငယ်တာကြောင့် ဆီစားနှုန်းလည်း သက်သာကောင်းမွန်မှာဖြစ်သလို ဒီဇိုင်းအပိုင်းမှာလည်း ဆွဲဆောင်မှုအထူးကောင်းမွန်အောင် ဖန်တီးထားတာတွေ ဖြစ်ပါတယ်။ Twingo ရဲ့ အင်ဂျင်စနစ်က အသေးစားကိုပဲ တပ်ဆင်ထားတာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဖက်တွေရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်တာ တွေ့နိုင်ပါတယ်။ နောက်တချက်က စွမ်းအင်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းပေမယ့် Air-Con မသုံးဘူးဆိုရင် ခရီးဝေးမောင်းနှင်နိုင်မှုတွေကိုပါ သုံးနိုင်မှာဖြစ်လို့ အဆင်ပြေစေပါလိမ့်မယ်။ နောက်ဆုံးတချက်ကတော့ လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး Supermini တန်းဝင်မော်ဒယ်အများစုမှာ စွမ်းဆောင်ရည်ပိုင်း မြှင့်လိုက်ပြီဆိုရင် လက်ကိုင်ပိုင်းအားနည်းသွားတတ်ပေမယ့် အခု Twingo မှာတော့ လက်ကိုင်စနစ် ကောင်းပါတယ်၊ ကွေ့တွေကို အရှိန်နဲ့ ဆွဲကွေ့နိုင်သလို ဘရိတ်နဲ့ လက်ကိုင်စနစ် ဟန်ချက်ညီအောင် ဖန်တီးထားနိုင်တာ တွေ့ရတာပဲဖြစ်ပါတယ်။ အားနည်းချက် … Cooper နဲ့ ပတ်သတ်ပြီး ပထမဆုံးပြောချင်တဲ့ ပြစ်ချက်က Convertible မော်ဒယ်တွေမှာ ရေရှည်စီးနင်းမှုအတွက် ဆေးသားအရောင်အကျမြန်တာပဲ ဖြစ်ပါတယ်။ ဒါက မော်ဒယ်အားလုံးနဲ့တော့ မဆိုင်ပါဘူး။ နောက် ပြီးအင်ဂျင်သေးပေမယ့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တာကြောင့် တချို့က Cooperနဲ့ နယ်ဝေးခရီးသွားလာမှုတွေ လုပ်ဆောင်တတ်ပါတယ်။ အဲဒီလိုအချိန် အမြန်နှုန်းမြင့်မြင့်နဲ့ မောင်းနှင်မှုတွေမှာ အင်ဂျင်က ဆူညံသံပေးတတ်တာဖြစ်ပါတယ်။ Twingo ရဲ့ နောက်ဖက်အင်ဂျင်ထိုင်စနစ်က ပုံမှန်မော်ဒယ်တွေထက် စာရင် နည်းနည်းဆန်းချင်နေတာ ဖြစ် ပြီး လူကြိုက်များမှုအပိုင်းကို စကားပြောလာစေပါတယ်။ ပြီးတော့ အင်ဂျင်က အပူချိန်တက်တာ နည်းနည်း မြန်ချင်သလို နောက်ဖက်အင်ဂျင်စနစ်က နောက်ဖက် ခရီးသည်ထိုင်ခုံအောက်ဖက်နားမှာ ရှိနေတာကြောင့် တုန်ခါမှု၊ ဆူညံမှုနဲ့ အပူချိန် သက်ရောက်မှုကို ခံစားရနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တဲ့ အားနည်းချက် ကတော့ အင်ဂျင်ရဲ့အသံပိုင်းပဲ ဖြစ်ပြီးတော့ ခရီးဝေးနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေမှာ ဆူညံသံပေးချင်တာပဲ ဖြစ်ပါတယ်။
ကိုယ်ထည်ပိုင်း … ကိုယ်ထည်အပိုင်းမှာတော့ Cooper က Compact ကားတွေထက်တောင်မှ အရွယ်သေးငယ်တာတွေ့နိုင်မှာ ဖြစ်ပြီးတော့ အလျား ၁၂ ပေနဲ့ ၂ လက်မ ကျော်ကျော်၊ မျက်နှာစာအကျယ် ၅ ပေနဲ့ ၆ လက်မ စွန်းစွန်း၊ နောက်ပြီးအမြင့်က ၄ ပေနဲ့ ၇ လက်မသာတယ်ဆိုရုံပဲ ရှိမှာဖြစ်ပါတယ်။ City ကားအဖြစ် အသုံးပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် မြေပြင်နဲ့ ကင်းလွတ်ပမာဏက နည်းမှာ ဖြစ်ပေမယ့် Absorber စနစ် ကောင်းမွန်တာကြောင့် နယ်ဝေးနဲ့ တော်တော်တန်တန် လမ်းကြမ်းတွေကိုတော့ သွားလာနိုင်မှာဖြစ်ပါတယ်။ ကားတစီးလုံးရဲ့ အလေးချိန် ပေါင်၂၅၀၀ ကျော်ရုံပဲ ရှိမှာဖြစ်ပြီး တံခါးငါးပေါက်စနစ်ဖြစ်ကာ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာဖြစ်သလို ကားရဲ့ အလျားတိုတောင်းတာကြောင့် နောက်ဖက် ၀န်တင်ခန်းကတော့ နည်းနည်းကျဉ်းပါလိမ့်မယ်။ Twingo ကတော့ အင်ဂျင်စနစ်ကို နောက်ဖက်မှာ ထိုင်ထားပြီးတော့ Porsche ရဲ့ မော်ဒယ်တွေကို အတုယူ ထားသလားထင်ရစရပါ။ ဒီအတွက် ရလဒ်က မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပုံမှန်ထက် ကောင်းမွန်လာတာ ဖြစ်ပေမယ့် ကားအပေါ် တုန်ခါမှုတွေ၊ အပူချိန်တက်ခြင်းတွေ၊ ဆူညံသံပေးမှုတွေ များသွားတာ ဖြစ်ပါတယ်။ မော်ဒယ်ကပြိုင်ဖက် Cooper နဲ့ လက်မပိုင်း အနည်းငယ်လေးပဲ အရွယ်အစားသေးငယ်ပြီးတော့ ထူးခြားတဲ့ ကိုယ်ထည်ပိုင်းဖန်တီးမှုမျိုး မတွေ့ရပါဘူး။ အင်ဂျင်ပိုင်း … Cooper မှာတပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကိုကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး လေးလုံးထိုး အင်ဂျင် ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ အင်ဂျင်ရဲ့ ရုန်းအား ၁၁၄ ပေါင်-ပေမှာ ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၁၂၁ ကောင်အား ဖြစ်တာကြောင့် စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်တာတွေ့နိုင်ပြီး အင်ဂျင်ရဲ့ လည်ပတ်အားက တမိနစ်ကိုအမြင့်ဆုံးအပတ်ရေ ၆၀၀၀ ဖြစ်တာကြောင့် ဒီ အင်ဂျင်၊ ဒီလည်ပတ်အားကတော့ ဆီစားနှုန်း သက်သာပါလိမ့်မယ်။ အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ ချက် ဖြစ်ပြီး Manual စနစ်သုံးဖြစ်ကာ ရှေ့ဘီးယက်စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။ Twingo မှာတပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၀.၉ လီတာသုံး အသေးစားသုံးလုံးထိုး အင်ဂျင်စနစ်ကိုပဲ ထည့်သွင်းထားတာတွေ့ရပြီး မော်ဒယ်ကို စွမ်းအင်ထုတ်လုပ်မှု ကောင်းဖို့အတွက်က HTT Turbo ကို အကူအနေနဲ့ ထိုင်ထားတာ တွေ့နိုင်ပါတယ်။ အင်ဂျင်က အရွယ်အစားသေးငယ်တာကြောင့် လည်ပတ်အားအပိုင်းမှာ ပိုများတာတွေ့ရပြီး အခြေခံလည်ပတ်အား တမိနစ် အပတ်ရေ ၂၅၀၀ အတွက် ရုန်းအားက ၁၀၀ ပေါင်-ပေပဲ ထွက်ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၈၉ ကောင်အား ရှိပါလိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ လည်ပတ်အား ၃၅၀၀ လောက်မှပဲ ရုန်းအား အပြည့်အ၀ဆုံး အနေအထားကို ရောက်နိုင်မှာလည်း ဖြစ်သလို အမြင့်ဆုံး လည်ပတ်အားတမိနစ်အပတ်ရေ ၅၅၀၀ ဆိုရင်တော့ မော်ဒယ်က တုန်ခါမှုသိသာလောက်အောင် ခံစားလာရပါတယ်။ မောင်းနှင်နိုင်မှု … Cooper မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၃.၂ ဂါလံ ထိအောင် ဆံ့ဝင်မှာဖြစ်ပြီးတော့ ပျမ်းမျှ ဆီစားနှုန်း တဂါလံကို ၃၄ မိုင်နဲ့ နှိုင်းစာရင် နေရာအခက်အခဲရှိနိုင်တဲ့ Cooper အတွက် အကောင်းဆုံးတပ်ဆင်ထားရှိမှုလို့ ဆိုနိုင်မှာပါ။ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင် Cooper က ဆီတဂါလံကို ပျမ်းမျှ မြို့တွင်းလမ်းကြောင်းတွေမှာ မိုင် ၃၀ နဲ့ အဝေးပြေးလမ်းကြောတွေပေါ်မှာ ဆိုရင်တော့ ၃၇ မိုင် လောက်ထိအောင် စီနင်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခုပြောစရာရှိတာက Cooper ကရှေ့ဘီးယက်စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ ပိုမိုသင့်တော်တာဖြစ်ပြီး Highway စီးနင်းမှုနဲ့ ဆီစားနှုန်း သိပ်မကွာတာ ဖြစ်ပါတယ်။ Navigation System နဲ့ အပူပေးထိုင်ခုံစနစ်တွေ အသုံးပြုနိုင်မှာဖြစ်ပေမယ့် Bluetooth ကိုတော့ သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Navigation System သုံးနိုင်တယ်ဆိုတာကပဲ မော်ဒယ်မြင့် ကားတစီးဆိုတာ သိသာပေါ်လွင်နေစေပါတယ်နော်။ Twingo ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ်ဆိုရင် တနာရီမိုင် ၆၀ နှုန်းအတွက် အချိန် ၈.၇ စက္ကန့်ထိအောင် ကြာမှာဖြစ်ပြီး သုံးလိုးထိုးအင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ အသင့်အနေအထား လောက်ပါပဲ။ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းက တနာရီ ၁၁၇ မိုင်နှုန်းထိအောင်ဖြစ်ပေမယ့် ကားရဲ့ ကိုယ်ထည် ဒီဇိုင်းနဲ့ အလေးချိန်တွေအရ အဲဒီလောက် မောင်းနှင်ဖို့ မသင့်ပါဘူး။ မော်ဒယ်ကို Auto စနစ်နဲ့လည်း ရနိုင်သလို Manual နဲ့လည်းထုတ်လုပ်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ Manual နဲ့ မော်ဒယ်တွေက ပိုမိုချိုသာတာ တွေ့နိုင်ပြီးတော့ Auto စနစ်နဲ့ဆိုရင် ဂီယာချက် ၄ ချက်ကို သုံးနိုင်မှာဖြစ်ကာ Manual နဲ့ ဆိုရင်တော့ ၅ ချက်ထိအောင် ရပါလိမ့်မယ်။ စိတ်ကြိုက်တွေ့မှု အပိုင်းမှာတော့ တန်ကြေးနည်း မော်ဒယ် ဖြစ်တာကြောင့် Manual စနစ်နဲ့မှာ ပိုကောင်းပြီးတော့ Auto စနစ်နဲ့ကတော့ ဂီယာချက်ပြောင်းလဲမောင်းနှင်ရမှု အပိုင်းမှာ အားနည်းချက်ရှိချင်တာ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင်တော့ ဆီတဂါလံကို ပျမ်းမျှ ၆၆ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီးတော့ ခရီးတဆက်တည်းမောင်းနှင်နိုင်မှုက ဆီတိုင်ကီအပြည့်နဲ့ဆိုရင် မိုင် ၄၂၀ကျော် ဖြစ်ပြီးတော့ မနားတမ်းမောင်းနှင်မှုအတွက်ကတော့ ပျမ်းမျှ ၇၅ မိုင်လောက်ထိအောင် ကောင်းမွန်မှာ ဖြစ်ပါတယ်။ သုံးသပ်ချက် … ကျနော်တို့အတွက်က Cooper ကိုပိုပြီး စိတ်ဝင်စားမယ် ထင်ကြပါတယ်။ အကြောင်းက ဒီဇိုင်းလည်းလှတယ်၊ သေသပ်တယ်၊ ဆွဲဆောင်မှုကောင်းတယ်၊ စွမ်းဆောင်ရည်လည်း မြင့်တယ်လေ။ ဒါပေမယ့် တခုရှိတာက ဆီစားနဲ့ ကနဦး ဈေးနှုန်းအပိုင်းမှာတော့ Twingo ကိုမမီတာ အသေချာပါ။ Twingo ကဈေးနှုန်းချိုလွန်းပါတယ်၊ ဆီစားလည်းနည်းလွန်းပါတယ်။ ဒီတော့ ကျနော်က အကြံတခုလောက် ပေးချင်တာက ၀ယ်လက်အနေနဲ့ ခရီးဝေးတွေ သွားတတ်တယ်ဆိုရင်တော့ Cooper ကိုပဲရွေးချယ်စေချင်ပါတယ်။ မဟုတ်ပဲ မြို့တွင်းသီးသန့် အနေအထားလောက်ပဲ သုံးမယ်ဆိုရင်တော့ Twingo ကပဲ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ လင်းထက်(IA) | ||||||||||
| လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ Posted: 27 Dec 2015 09:09 PM PST ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အနုပညာရှင်တချို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူငယ်ရေးရာ တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးရဲ့ အမြင် တို့ကို ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ယုမွန်ကျော်တို့က မေးမြန်းထားပါတယ်။
တေးရေးဆရာ ရွှေဂျော်ဂျော် ပုံမှန် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့၊ မခံချင်စိတ်လည်း ဖြစ်ရတာပေါ့။ တကယ့်ပြသနာမှာ ဘယ်လောက် ဘယ်သူက တကယ့် အသေးစိတ်ကို ကိုယ်ကိုယ်တိုင် မသိရှိတဲ့အတွက် ကြောင့်ရယ်၊ ကိုယ့်ထက်ပိုပြီး တာဝန်ရှိတဲ့လူတွေက ဘယ်လို ဆောင်ရွက်မှာလဲ မသိတဲ့ အတွက်ကြောင့်ရယ်၊ ခံစားဖို့တော့ ခက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဟာ အကူးအပြောင်း ကာလလည်းဖြစ်တယ်။ ကိုယ့်ထက်ပိုပြီး တာဝန်လည်းရှိတယ်၊ ကိုယ့်ထက်ပိုလည်း လက်လှမ်းမှီတဲ့သူတွေက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။
အဆိုတော် သားစိုး ဒါကတော့ သူတို့ တကယ်ပဲ ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာ သူတို့အသိဆုံးပါပဲ။ တရားကိုလည်း နတ်စောင့်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးက အရာရာမှာနောက်ကျနေတဲ့ ဆင်းရဲသား တိုင်းပြည်ဖြစ်နေတယ်။ လမ်းထဲမှာတောင် ဆင်းရဲသားလမ်းလျှောက်သွားတာနဲ့ သူဌေးလမ်းလျှောက်သွားတာ တူမှမတူတာပဲလေ။ သူဌေးလမ်းလျှောက်ရင် "သူဌေး မင်းဘာလုပ်နေတာလဲ"ပေါ့ ဆင်းရဲသားလမ်းလျှောက်ရင် "ဟာ မင်းဘာလုပ်နေတာလဲ မင်းဘာခိုးမလို့လဲ" လို့မေးကြတယ်။ ဆင်းရဲသားတိုင်းပြည်က လူတွေဆိုတော့လည်း ဒါမျိုးတွေ့ကြုံ့ရတာ မဆန်းပါဘူး။ ဒါမျိုးတွေ မကြုံ့တွေ့ချင်ဘူးဆိုရင် ကိုယ့်ဘာသာကြိုးစားကြဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နယ်ပယ် ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်သူမှ မတူအောင် တီထွင်ကြမယ်၊ ဆန်းသစ်ကြမယ် အခုဟာက ထိုင်းနဲ့ မြန်မာယှဉ်ကြမယ်ဆိုရင်တောင် ခရီးသွားတဲ့ လုပ်ငန်းကိုပဲ ယှဉ်ကြည့်ပေါ့။ ထိုင်းမှာ တနှစ်ကို နိုင်ငံခြားသား ၂၉ သန်း ၀င်နေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တသန်းကျော်ကျော် ၀င်တာတောင်မှ ဟိုတယ် မလောက်ဘူးဆိုတော့ ကျနော်တို့တိုင်းပြည်နဲ့ ဘယ်လောက်ကွာဟနေလည်းဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် မိုးမျှော်အဆောက်အအုံက ရေတွက်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ မြို့ထဲမှာ နှစ်ခုလောက်နဲ့ ရေတွက်လို့ရနေတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ဒါမျိုးခံရတာ မဆန်းပါဘူး။ ကျနော်တို့က အရာရာနုံချာဆင်းရဲ စုတ်ပြတ်နေတာကိုး။ ဒါမျိုးမဖြစ်ချင်ဘူး မကြိုက်ကြဘူးဆိုရင်တော့ ကျနော်တို့ အားလုံးကြိုးစားမှပဲ ဖြစ်မှာပါ။
သရုပ်ဆောင် ဗေလုဝ အမေရိကန်နိုင်ငံက မိုက်ကယ်ဖီးလင်း စင်ကာပူနိုင်ငံမှာ ကားတွေကိုဓားနဲ့ခြစ်တုန်းကတော့ စင်ကာပူဥပဒေအရ သူကို ကြိမ်ဒဏ်ပေးတယ်လေ။ အဲဒီမှာ အမေရိကန်သမ္မတနဲ့ ပြည်သူလူထုက လျော့လျော့ပေါ့ပေါ့ပေးဖို့ ၀ိုင်းပြီး တောင်းပန်ကြတယ်ပေါ့။ သူ့လူမျိုးတယောက်ကို ထိရင် ဆတ်ဆတ်ထိနာကျဉ်းပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လူမျိုး ဒီ ကလေးနှစ်ယောက်ကိုထိတာ ဆတ်ဆတ်ထိမခံနားကျဉ်းပါတယ်။ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ ပြည်သူကလည်း ဒီကလေးနှစ်ယောက်အတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး အစိုးရကလည်း ညှိညှိနှိုင်းနှိုင်းလုပ်ပေးမယ်ဆိုရင် ဒီကလေးတွေအနေနဲ့က သက်သာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါ မဟုတ်ဘူးဆိုတာ အားလုံးကလည်းသိတယ် ကမ္ဘာကလည်းသိတယ် သူတို့ဥပဒေကလည်း ပြောရမယ်ဆိုရင် သိပ်မကွာဘူးလေ ငွေများတရားနိုင်မှာပဲ။ တကယ်လို့ဒီကလေးနှစ်ယောက် အပြစ်မရှိဘဲ ဒီလိုအပြစ်ပေးခံရမယ်ဆိုရင် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နာတယ်။ ဆတ်ဆတ်ထိနာတယ်။ ကြေကွဲပါတယ်။ ခံစားရပါတယ်။
သဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ) ပထမတော့ ဒီကိစ္စကို စကတည်းက လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ပြီးတော့ သတင်းတွေ အမြဲတမ်း ထိုင်းသူငယ်ချင်းတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တော့ သူတို့တွေ ကိုယ်တိုင်လည်း လက်မခံဘူး။ ထိုင်းနိုင်ငံမှာ ဦးဆောင်ပြီး လုပ်နေကြတဲ့၊ လှုမှုရေးတက်ကြွလှုပ်ရှားနေကြတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား နေကြတဲ့ ထိုင်းသူငယ်ချင်းတွေကလည်း ဒီကိစ္စအပေါ်မှာ အကြီးကြီး သံသယရှိတယ်။ ဒါပေမဲ့ အခု ဒီလိုသတင်းတွေ ကြားမိတဲ့အခါမှာ တော်တော်လေးရှော့ခ်ဖြစ်မိတယ်။ ရှော့ခ်ဖြစ်မိတဲ့ အပြင် ဘာတွေ ဆက်ပြီး တွေးမိသလဲဆိုတော့ တရားဥပဒေ ကိစ္စပေါ့၊ အဓိကက ဒီလိုမျိုး စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတခုမှာ တရားဥပဒေကို ကျမတို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရပါ့မလဲဆိုတာ တော်တော်လေးကို သံဝေဂရမိတယ်။ အခုဆိုရင် ဒါက စစ်တပ်က အုပ်ချုပ်တဲ့ စစ်တပ်ရဲ့အာဏာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံဖြစ်နေတဲ့အခါကျတော့ အဲဒီနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးကိစ္စတွေက ဒီလိုပုံစံတွေ ဖြစ်နေပါလားဆိုတာ၊ ဖြစ်တတ်ပါလားဆိုတာက ကျမတို့ ကိုယ်တွေ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ သွားမြင်မိတယ်။ နောက်တခုကတော့ လူငယ်တွေအနေနဲ့ တော်တော်လေး ၀မ်းနည်းမိတယ်။ အဲဒါက သူတို့က အသက် (၂၂)နှစ်ပဲ ရှိသေးတယ်။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်ရမယ့် အရွယ်၊ အလုပ်လုပ်ရမယ့် အချိန်မှာ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘဲ တခြားနိုင်ငံမှာသွားပြီး ကျွန်ပြုနေရတယ်။ အောက်ခြေအလုပ်သမားအနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလို မတရားမှုတွေ ကြုံတွေ့နေရတဲ့အချိန် သူတို့ကို ဘယ်အရာကမှ မပံ့ပိုးပေးနိုင်ပါလားဆိုတာကိုလည်း မြင်မိတယ်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ကိစ္စက တကမ္ဘာလုံးနီးပါး High Profile ဖြစ်သွားတဲ့ကိစ္စဖြစ်တယ် ဆိုတော့ High Profile ကိစ္စမှာတောင် ဒီလိုမျိုး တရားစီရင်ခံရတယ်ဆိုတော့ တခြား လူမသိ၊ သူမသိ မသိလိုက်ပဲနဲ့ စီရင်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ထိုင်းရဲတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ဘယ်လောက်တောင် များနေမလဲလို့ တွေးမိတယ်။ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ်မှာ ပြည်နယ် အဖွဲ့အစည်းတွေကော၊ ပြည်တွင်းမှာ လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကော ဘယ်လိုနည်းနဲ့ ပြန်လည်ခေါ်ယူမလဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစားနေမိပါတယ်။ | ||||||||||
| “ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်” Posted: 24 Dec 2015 09:00 AM PST မေဘရဏီ - MTV ဒါရိုက်တာ အသက် - ၂၆ နှစ် ပညာအရည်အချင်း - BA (Eng) ၊ Dip In computer Art ညီမ MTV တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးမှုက ၂၀၀၆ခုနှစ်ကစခဲ့တာပါ။ ဘိုဘိုအင်တာတိန်းမန့်က ထုတ်တဲ့ အဆိုတော် Bobby Soxerရဲ့ ပွဲ ဆိုတဲ့သီချင်းလေးကို စပြီးရိုက်ဖြစ်ခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ ဗီဒီယိုတွေ လုပ်ခဲ့တယ်။ နောက်ပြီး Dream walker က ကိုအောင်မြတ်နဲ့ သူငယ်ချင်းတွေပါပဲ။ သူရိုက်တဲ့ ဗီဒီယိုတွေကို လုပ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာသူတို့ Fly ဆိုတဲ့ ပရောဂျက်တခုကိုလုပ်ဖို့ရှိတယ်။ အဲဒီမှာတနိုင်ငံက ၂ ယောက်ရွေးပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ညီမနဲ့ ကိုအောင်မြတ်နဲ့ကအရွေးခံခဲ့ရပါတယ်။ အဲဒီမှာအာဆီယံ နိုင်ငံကလူငယ်တွေရယ်၊ ကိုရီးယား၊ ဂျပန်တို့်က သူတွေပါတယ်။ ညီမသွားခဲ့ရတာက ကိုရီးယားရယ်၊ ဂျပန်ရယ်၊ ထိုင်းရယ်ကိုသွားခဲ့ရတာပါ။ သူတို့နဲ့ ပရောဂျက် အတူတူလုပ်ခဲ့ရတယ်။ စကောလားရှစ်အတွက်ကို အဖွဲ့တဖွဲ့ဆီက တယောက်စီရွေးခဲ့တယ်။ အဖွဲ့ကနှစ်ဖွဲ့ဆိုတော့ နှစ်ယောက် ရွေးတယ်။ အဲဒီမှာညီမရယ်၊ ဖိလစ်ပိုင်က တယောက်ရယ် ရခဲ့တယ်။ သူတို့က စကောလားရှစ်ရတဲ့ ဒေါ်လာငွေ ငါးထောင်နဲ့ ဗီဒီယိုရိုက်ပြီး သူတို့ကို ပြန်ပို့ခိုင်းတယ်လေ။ အဲဒီလိုနဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အချိန်မှာလည်း အဆိုတော်တွေ အကုန်လုံးကလည်း ကိုယ့်ကိုခင်ကြတယ်။ သူတို့နဲ့ လည်း သိနေတော့ သူတို့အခွေတွေရိုက်ဖို့အတွက် စပြီးတော့ အလုပ်တွဲလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အကုန်လုံးက ယုံယုံကြည်ကြည်နဲ့ သူတို့ MTV တွေပေးရိုက်ကြတယ်။ များသောအားဖြင့် မိန်းကလေး အဆိုတော်တွေရဲ့သီချင်းတွေကို ရိုက်ဖြစ်တာများတယ်။ MTV တပုဒ်ရိုက်ကူးဖို့ ရိုက်ကွင်းပေါ်ရောက်ရင် Crew တွေ အကုန်လုံးကအစ ကြီးကြပ်တယ်၊ ကိုယ်တိုင်ကလည်း Editor တယောက်အဖြစ်က တက်လာတဲ့အတွက် Edit ကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်လေ။ လူငယ်မိန်းကလေး ဒါရိုက်တာတယောက်အနေနဲ့ ကိုယ့်အတွက်စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်လဲ ဆိုတော့၊ အခုနောက်ပိုင်းကင်မရာတွေက တော်တော်များများလည်း ကိုင်နိုင်လာကြတယ်။ လူငယ်ဒါရိုက်တာ တော်တော် များများလည်း ပေါ်လာကြတယ်။ Creation တွေကလည်း တယောက်နဲ့တယောက်မတူဘဲ အရမ်းကောင်းလာ ကြတယ်။ သူများထက် ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်။ အရင်ကကိုယ့်ထက် အခုကိုယ်က ပိုကောင်းအောင် အမြဲ ပြန်ပြန်ပြီးတော့ ကြိုးစားနေတယ်။ တခါတလေကျရင် စိတ်ဖိစီးမှုတွေတော့ ရှိတာပေါ့။ အဲဒီအခါ ကိုယ်အရင်ရိုက်ခဲ့တဲ့ MTV အဟောင်းလေးတွေကို ပြန်ကြည့်တယ် အဲဒီ Mood ကို ပြန်သွင်းပြီးတော့ ကြိုးစားပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ MTV တွေမှာ ပရိသတ်တွေကြိုက်တာဆိုရင် ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား တေးစီးရီးခွေထဲက အိမ်မက်လှေ ဆိုတဲ့ သီချင်းရယ်၊ Bobby Soxer ရဲ့ ပွဲ ဆိုတဲ့ သီချင်းရယ်ပါ။ မိန်းကလေးသီချင်းတွေ ရိုက်ဖြစ်တာများတယ်ဆိုတော့ ရိုမန့်ဆန်ဆန်လေးတွေ၊ Cute ဖြစ်တဲ့ပုံစံလေးတွေ ရိုက်ဖြစ်တာများပါတယ်။ နောက်ပြီး ညီမယူတဲ့ ကာလာကို ကြိုက်ကြတယ်၊ လှတယ်ဆို ပြီးပြောကြတယ်။ တခါတလေကျရင် အဲဒီအရောင်ကိုပဲ သပ်သပ်ရိုက်ပေးပါဆိုပြီး ပြောကြတဲ့သူတွေရှိတယ်။ MTV တွေ အရိုက်များတဲ့ ဒါရိုက်တာတွေမှာ တခါတလေကျရင် အိုင်ဒီယာတွေ တူတာတွေရှိတယ်။ အဲဒီ အတွက်ကြောင့် ကိုယ်က MTV ကို များများကြည့်တယ်။ သူတို့ရိုက်ထားတဲ့ပုံကို ကိုယ်ကကူးယူတာမဟုတ်ဘဲနဲ့ အိုင်ဒီယာအသစ်တွေရအောင်ကြည့်တယ်။ Effect လုပ်တဲ့ Tutorial တွေကို ထိုင်ကြည့်တယ်။ အဲဒါကိုမှ ကိုယ်ကျရင် ဘယ်လိုဆန်းသစ်မလဲပေါ့။ လောလောဆယ်တော့ ဒီပညာနဲ့ ပတ်သက်ပြီး ပညာသင်သွားဖို့တော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကဒီမှာအခုလုပ်နေတာတွေ အဆက်ပြတ်သွားမှာ လည်းစိုးရိမ်လို့ပါ။ Up Date ဖြစ်အောင်တော့ အမြဲတမ်းလေ့လာမှုတွေက လုပ်နေမှာပါ။ ညီမရုပ်ရှင်တွေ၊ ဗီဒီယိုတွေရိုက်တဲ့ ဒါရိုက်တာလည်းလုပ်မှုာပါ။ ၂၀၁၆ ခုနှစ်အတွင်းမှာ အဆိုတော်တွေ၊ မော်ဒယ်လ်တွေချည်းပဲပါတဲ့ ရုပ်ရှင်တကားရိုက်ဖို့ရှိတယ်။ အဲဒီဇာတ်ကားရဲ့ အဓိကရည်ရွယ်ချက်က မတူညီတဲ့ ပုံစံတခုကို ပရိသတ်ကို ချပြချင်လို့ပါ။ လုပ်နေကြပုံစံမဟုတ်ဘဲနဲ့ သရုပ်ဆောင်တွေဆိုရင်လည်း Training ပေးမယ်။ ရုပ်ရှင်ကားရိုက်မယ်ဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှုက ဘာတွေဖြစ်မလဲဆိုတော့ ခြေလှမ်းတခုစရင် အတွေ့အကြုံ သစ်တွေကတော့ ရမှာပဲလေ။ ဇာတ်ညွန်းအပိုင်းတွေ၊ ဒိုင်ယာလော့ခ်တွေ၊ ရိုက်ကွင်း တည်တာစတာတွေကအသစ်တွေဖြစ်ပြီး ကိုယ့်အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်လာမှာပါပဲ။ အများကြီး လေ့လာထားပြီး ကိုယ်ဘက်က သေချာပြီဆိုလို့ရှိရင် လုပ်ဖြစ်သွားမှာပါ။ အခုနောက်ပိုင်း လူငယ်တော်တော်များများမှာ Talent ရှိကြတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း ဒီဘက်ပိုင်းကို စိတ်ဝင်စားလာကြတယ်။ facebook မှာဆိုရင်လည်း သူတို့က ကိုယ့်ကိုအားကျကြတယ်၊ သိချင်တာလည်း လာလာမေးကြတယ်။ လူငယ်တော်တော်များများကလည်း ကြိုးစားကြပါတယ်။ သူတို့ကိုလည်း ဖြစ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ နောက်ပြီး ဖြစ်ချင်တဲ့ လူငယ်တွေကို ပြောပြချင်တာက အဓိက Creation ပဲလိုပါတယ်။ ကိုညိုမင်းလွင်ရိုက်တဲ့ ကားတကားဆိုရင် ဖုန်းတလုံးနဲ့ ရိုက်ခဲ့တယ်။ ဒါဆိုရင်လည်း ခွဲထွက်သွားတဲ့ Creation တခုပဲပေါ့။ တော်တော်များများလည်း စိတ်ဝင်စားတဲ့သူတွေဆိုရင် ဖုန်းတလုံးနဲ့ Short Film လေး ရိုက်လို့ရတယ်။ အခုနောက်ပိုင်းက ဖုန်းတွေကလည်းတော်တော် ကောင်းလာတော့ သူတို့ အပျော်ရိုက်ထားတဲ့ Short Film လေးတွေလည်း တင်လာကြတာကိုတွေ့ရတယ်။ အဓိက ပြောချင်တာကတော့ အနုပညာ၊ Creation က အဓိကပါပဲ။ ကိုယ့်မှာအိုင်ဒီယာဆန်းဆန်းလေး ရှိရင်တော့ ချပြလိုက်ပါလို့သာ ပြောချင်ပါတယ်။ ယုမွန်ကျော် | ||||||||||
| ဝိုင်တခွက်နဲ့ အချမ်းဖြေရင်းပါတီပွဲဆင်နွှဲမလား Posted: 24 Dec 2015 01:00 AM PST မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီပွဲတော်များနဲ့ လစဉ်စည်ကားမြဲဖြစ်တဲ့အပြင် အနောက်တိုင်းက ပျံ့နှံ့လာတဲ့ ယဉ်ကျေးမှုပွဲတော်တွေပါ ရောနှော ကျင်းပလာကြပြီဖြစ်ပါတယ်။ တခြားလတွေထက် နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်နဲ့ Happy New Year တို့က ထင်ရှားလှပါတယ်။ နောက်တခုက အခုလို နှစ်ကုန်ခါနီးအချိန်၊ ပွင့်လင်းရာသီကာလမှာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စူပါမားကတ်တွေက ဝန်ထမ်းတွေကို Staff Party ညစာစားပွဲ ကျင်းပပေးတာမျိုး လုပ်တတ်လာပါတယ်။ Happy New Year ကို သူငယ်ချင်းအချင်းချင်းစုစည်းကျင်းပတာပဲဖြစ်ဖြစ်၊ ဒင်နာတွေ၊ ပါတီတွေမှာပဲဖြစ်ဖြစ် ပါ ဝင်လေ့ရှိတဲ့ ယမကာကတော့ ဝိုင်ပဲ ဖြစ်ပါတယ်။ Family party အတွက်ကတော့ တခြားအရက်ပြင်းတွေထက် ဝိုင်က အသင့်တော်ဆုံး သောက်စရာပါပဲ။ ဝိုင်မှာအမျိုးအစားများစွာရှိတဲ့အထဲက Red wine လို့ခေါ်တဲ့ ဝိုင်နီကတော့ အဲဒီလိုပွဲလမ်းတွေမှာ အသောက် အများဆုံးဖြစ်ပါတယ်။ ဝိုင်နီကတော့ အမဲသားလို Red Meet တွေနဲ့ ပိုလိုက်ဖက်ပြီး ဝိုင်ဖြူက ကြက်သား၊ ငါးစတဲ့ သားငါးတွေနဲ့ ပိုလိုက်ဖက်တယ်လို့ ဆိုပါတယ်။ NEW YEAR အတွက်လည်း ဝိုင်က သင့်တော်ပါတယ်။ အဲဒီညမှာ လူငယ်အများစုက ပါတီတွေ ကျင်းပကြ ပြီး ပျော်ပါးကြတဲ့အတွက် ခပ်ပျော့ပျော့ဝိုင်နဲ့ ပါတီကို ဆင်နွှဲခြင်းက ပေါ့ပါးပြီး မြူးကြွစေမှာပါ။ သောက်လေ့ မရှိတဲ့သူများအတွက်လည်း သိပ်မပြင်းတဲ့ ဝိုင်ချိုတခွက်လောက်က အဆင်ပြေပါတယ်။ အဲဒီလို ပွဲတော်ညတွေမှာ တယောက်ယောက်က သိပ်မူးနေခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်တာမို့ ကျန်တဲ့သူတွေပါ ပျော်ရွှင်ရတော့မှာမဟုတ်ပါဘူး။ လုံလောက်တဲ့ ပျော်ရွှင်မှုအတွက် ဝိုင် တခွက်က ဖန်တီးပေးနိုင်မှာပါ။ ဝိုင်စစ်စစ်တွေဟာ လတ်ဆတ်တဲ့ သီးနှံကနေ ထုတ်လုပ်တာမို့ တခြား Alcohol တွေနဲ့ ကွာခြားပါတယ်။ သဘာဝလည်းဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဝိုင်နဲ့ ပါတီပွဲတွေ နွှဲလိုက်ကြရအောင်။ တခုသတိထားရမှာက ဝိုင်ဟာလည်း Alcohol ရာခိုင်နှုန်းတစုံတရာ ပါဝင်တာဖြစ်တဲ့အတွက် အရက်ပါပဲ။ များရင်တော့ မူးတတ်ပါတယ်။ အခုအချိန်မှာ ပြည်တွင်းဖြစ်စံချိန်မီ ဝိုင်တွေကော၊ နိုင်ငံခြားကသွင်းလာတဲ့ ဈေးအသင့်အတင့် ဝိုင်တွေပါ ဈေးကွက်မှာရနေပြီဖြစ်ပါတယ်။ ရီဝေဝေ အနေအထားလောက်နဲ့ ရပ်ကြမယ်ဆိုရင်ဖြင့် ဝိုင်တခွက်လောက်ကိုင်ပြီး ပါတီမှာစတိုင်ထုတ်ဖို့ မခဲယဉ်းတော့ပါဘူး။ ဒါဆိုရင် ပါတီမှာ၊ အပေါင်းအသင်းတွေရှေ့မှာ ရုပ်ပျက်ဆင်းပျက်လည်းမဖြစ်တော့ဘူးပေါ့။ ထက်ဦးဝေ | ||||||||||
| ဖဲကြိုးနက်ဆရာဝန်များ ကြေညာချက်တစောင် ထုတ်ပြန် Posted: 24 Dec 2015 12:13 AM PST စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သခ္ခတ္တတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါက်တာမင်းမင်းစိုး နှင့် ဒေါက်တာ မို့မို့လင်းတို့ ၂ ဦး ကို NLD ပါတီ ၏ စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းစဉ် တွင် ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားမှုအပေါ် ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ယနေ့ရက်စွဲဖြင့် သဘောထား ကြေညာချက်ထုတ်ပြန်လိုက်သည်။ ဖဲကြိုးနက်ဆရာဝန်များကြေညာချက် ၁။ နိုင်ငံဝန်ထမ်းဆရာဝန်နှစ်ဦးအား ပါတီနိုင်ငံရေးနှင့်ပတ်သက်ခဲ့သည်ဟူသော စွဲချက်ဖြင့် တိုင်တန်းခြင်းကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ ရွေးကောက်ပွဲမတိုင်မီကာလများတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအနေဖြင့် " ပါတီနိုင်ငံရေး" နှင့် မပတ် သက်လိုပါပဲလျက် " အထူးကုခရီးစဉ်" အချို့ဗန်းပြလျက် ပါဝင်ပတ်သက်ခဲ့ရသော သက်သေသာဓက များစွာ ရှိခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အသွင်ကူးပြောင်းနေစဉ်ကာလမျိုးတွင် အနိုင်ရပါတီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေနိုင်သည့် စွပ်စွဲချက်များကို အရင်းပြုလျက် နိုင်ငံ့ဝန်ထမ်းများအပေါ် မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်အား ရှုံ့ချပါသည်။ ၃။ စွဲချက်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ တစ်လျောက်လုံးကို ကျွန်ုပ်တို့ ဖဲကြိုးနက် လှုပ်ရှားမှု ဆရာဝန်များအဖွဲ့မှ စိုးရိမ်မကင်းစွာဖြင့် စောင့်ကြည့်လျက်ရှိပါသည်။ ၄။ စုံစမ်းစစ်ဆေးကြမည့် ဌာနဆိုင်ရာ လူကြီးမင်းများအနေဖြင့် တရားနည်းလမ်းတကျ ၊ တည်ဆဲဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်လျော်ညီစွာ စုံစမ်းစစ်ဆေး အစီရင်ခံကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက် ရှိပါသည်။ ၅။ အကြောင်းတစုံတရာကြောင့် နိုင်ငံ့ဝန်ထမ်းဆရာဝန်နှစ်ဦးအား မတရားနစ်နာစေခြင်းမရှိစေရန်အတွက် ဖဲကြိုးနက်ဆရာဝန်များမှ ဌာနဆိုင်ရာ စစ်ဆေးဆုံးဖြတ်မှုပြီးသည်အထိ ဆက်လက်ဝိုင်းရံသွားမည်ဖြစ်ပါ သည်။ | ||||||||||
| သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန် Posted: 24 Dec 2015 12:50 AM PST လတ်တလောဖေ့ဘုတ်စာမျက်နှာထက်တွင် ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲက တခုအပါအ ၀င်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ သရုပ်ဆောင် စိုးသူတို့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် စိုးမြတ်နန္ဒာက ၎င်းရဲ့ ရှေ့နေကတဆင့် သတင်းစာထဲမှာ ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။ ဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် သရုပ်ဆောင် စိုးသူရဲ့ ယခင်က တရားဝင် ဇနီးဖြစ်သူ ခင်မြမြ၀တ်မှုံဆွေ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဒီ ကြေငြာချက်အပေါ် ပြန်လည် ရေး သားပြောဆိုထားတာတွေ့ရပါတယ်။ "မှုံကို ချစ်သော မိတ်ဆွေများအတွက် ကျမ နာမည် ခင်မြမြ၀တ်မှုံဆွေဟုခေါ်ပါသည်။ ကိုစိုးသူနှင့် ၂၀၀၁ တွင် လက်ထက်၍ အမေရိကားတွင် နေထိုင်ပါသည်။ ၂၀၁၃ တွင် ကိုစိုးသူနှင့် စိုးမြတ်နန္ဒာ ဖောက်ပြန်ကြသည်မှာ အမှန်တကယ်ဖြစ်ပါသည်။ သက်သေခံ အထောက်အထားများလဲရှိပါသည်။ ထို့ကြောင့် ကျမနှင့် ပတ်သက်သော သတင်းမှာ ကောလဟလ မဟုတ်ကြောင်းဟု ကျမက ထိုသတင်းကို အတည်ပြုကြောင်း ပြောကြားလိုပါသည်။ " ခင်မြမြ၀တ်မှုံဆွေ (Kha Nge)
| ||||||||||
| ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားရိုက်ကူးတော့မည် Posted: 22 Dec 2015 11:20 PM PST
ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးမယ့် စာရေးဆရာကြီးမင်းသိင်္ခရဲ့ ၀တ္ထု "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ" ဇာတ်ကားကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဇာတ်ကားကန်တော့ပွဲကို ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်ကျော်သူ၊ အေးမြတ်သူနဲ့ ဆားပုလင်းနှင်းမောင် အဖြစ် ပါဝင်သရုပ်ဆောင်နေကျ သရုပ်ဆောင် ထွန်းလွင်အောင်တို့က တက်ရောက်ခဲ့ကြပါတယ်။ စာရေးဆရာမင်းသိင်္ခရဲ့ ၀တ္ထုကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ခင်စောမျိုးက ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဆရာကြီးက သူရဲ့ ၀တ္ထုငါးဆယ်ကျော်ကို ကျနော်ကို ရိုက်ကူးဖို့ ပေးခဲ့ပြီးပြီလေ အများကြီးလဲ ရိုက်ကူးခဲ့ပြီးပြီ အခုပြန်ရိုက်တယ်ဆိုတာက ပြန်ပြီးတော့ဆန်းသစ်တဲ့သဘောပေါ့။ ဒီကားပြီးရင်လည်း ဆရာကြီးရဲ့ "မတတ်ပ့ါ" ကို ဆက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ ဦးကျော်သူဆိုတာကလည်း ဟိုးအရင်ထဲက ကားအရိုက်အများဆုံးမင်းသားဖြစ်ခဲ့တော့ ဘာအခက်အခဲ၊ အဆင်မပြေစရာမရှိပါဘူး။ တယောက်အကြောင်းလဲ တယောက်သိနေတော့ အဆင်ပြေတယ်" လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။
ဒီဇာတ်ကားကို လက်ကီးဆဲဗင်းထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ထွန်းလွင်အောင်၊ အေးမြတ်သူ၊ ဘေဘီမောင်၊ ရဲမွန်နဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကို ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်လို့ ရေနံရိပ်သာ၊သန်လျင်၊ တိုင်းရင်းသားကျေးရွာနဲ့ ရုပ် ရှင်မြင့်တင်ရေးရုံးတွေမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။
ယုမွန်ကျော် | ||||||||||
| မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်ဖြင့် ပြသတော့မည် Posted: 22 Dec 2015 09:35 PM PST
လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်က စတင်လို့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြသတော့မယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ ရုပ်ရှင်ကားတကားတည်းကိုပဲ ၃ ပတ် သို့မဟုတ် ၄ ပတ် ရုံတင် ပြသပြီးမှသာ နောက်ထပ် ဇာတ်ကားတကားကို ရုံတင်ပြသနေခြင်းပါ။ သဘောကတော့ ဇာတ်ကားတကားပြီးမှ တကား အလှည့်ကျ ရုံတင်ပြသခွင့်ရရှိခြင်းလို့ဆိုနိုင်ပါတယ်။ ယခုရုံပြိုင်စနစ်ပြသခြင်းဆိုတာဟာ ဆင်ဆာကျလာသမျှ ရုပ်ရှင်ဇာတ်ကားအားလုံး ၆ ကား ဒါမှမဟုတ် ၇ ကားစသဖြင့် ဇာတ်ကားတွေဟာ တပြိုင်နက်တည်း သက်ဆိုင်ရာ ရုပ်ရှင်ရုံတွေမှာ အပြိုင်ပြသနိုင်တော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအနေနဲ့ ကိုယ်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားကို တချိန်တည်းမှာပဲ ရွေးချယ် ကြည့်ရှုခွင့်ရမှာပါ။ ဒီရုံပြိုင်စနစ်ကို အရင့်အရင် ရုပ်ရှင်ရွှေခေတ်အဖြစ် ရပ်တည်နေနိုင်ခဲ့ချိန်တုန်းက ကျင့်သုံးခဲ့ဖူးပါတယ်။ အဲ့ဒီကမှ ဒီစနစ်ဟာ ပျောက်ကွယ်လို့ အလှည့်ကျ ရုံတင်စနစ်ကို ပြောင်းလဲလာခဲ့တာပါ။ ယခု ၂၀၁၆ ဇန်န၀ါရီဒုတိယပတ်ကစလို့ ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရုံပြိုင်စနစ်ရဲ့ စမ်းသပ်ကာလတခု အဖြစ် စတင်ပြသတော့မယ်လို့ အဆိုပါ ဇာတ်ကား ၆ ကားထဲတွင် ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ထားတဲ့ ဇာတ်ကားတကားပါဝင်နေတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကိုပြောပါတယ်။ "စမ်းသပ်ကာလအနေနဲ့ ၆ ကားကို ပြိုင်ပြီး ဇန်န၀ါရီကနေ စပြမယ့်ကားတွေပေါ့။ အဲ့ဒီ ၆ ကားက မတ်လအထိရောက်မလား ဘယ်အထိရောက်မလဲမသိဘူး။ ပြီးတော့မှ အဲ့ဒီအခြေအနေကိုကြည့်ပြီး မူကို ပြန်ချမှာပါ။ ကောင်းတာကတော့ ခါတိုင်းကို ၃ ပတ်ကို ဇာတ်ကားတကား ၄ ပတ်ကို တကားထားတယ်။ မြန်မာကားတွေက တနှစ်ကို ၁၇ နှစ်ကားလောက် အများဆုံးဝင်နိုင်တယ်။ သဘောကတော့ တလ တကား တောင် မရှိဘူးပေါ့။ ၃ ပတ်ဆိုတော့လေ။ တကယ်လို့ အဲ့လို အပြိုင်စနစ်နဲ့ဖြစ်လာမယ်ဆိုရင်တော့ ၃၄ ကားဖြစ်လာမှာပေါ့။ အဲ့လို ကား သုံးဆယ် လေးဆယ်ဖြစ်လာမှ ရုံတွေဆောက်မှာ။ အခုက ပြစရာမြန်မာကားမရှိတော့ ရုံတွေ ကလည်း မဆောက်တာ။ ပြသနာကတော့ ၆၂ ခုနှစ်က စလိုက်တာ။ စစ်အစိုးရအာဏာသိမ်းပြီးချိန်မှာ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တယ်။ အဲ့ဒီကတည်းက စပြီး တဖြည်းဖြည်းနဲ့ အိပဲ့အိပဲ့ ကျသွားတာ။ တချို့တွေက ပြောတာကတော့ ဆိုရှယ်လစ်ခေတ်တုန်းက ရုံတွေက များသေးတယ်ပေါ့။ ရုံနှစ်ရာကျော်တို့ ရှိခဲ့ဖူးတယ်။ တနှစ်ကိုလည်း မြန်မာကားတွေက ခုနှစ်ဆယ်တို့ ဘာတို့ပြသေးတယ်။ ကျနော်တို့ ဟိုဖက်ခေတ်က အရှိန်က ကျန်ခဲ့တာ။ ကောင်းတဲ့ခေတ်ရဲ့အရှိန်လေးက ကျန်ခဲ့တော့ ကောင်းခဲ့တာ။ အခုအခြေအနေက တနိုင်ငံလုံးမှာမှ ရုံ နှစ်ဆယ် သုံးဆယ်လောက်ပဲ ကျန်တော့တဲ့ခေတ်ရောက်တာ။ အရင်တုန်းကတော့ ရုံတွေ နှစ်ရာကျော်လောက်ရှိတာ။" လို့သူကဆိုပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီအစိုးရဖြစ်လာခဲ့ရင် အဆိုပါ အစိုးရလက်ထက်မှာ စီးပွားရေး၊လူတွေရဲ့ စားဝတ်နေရေးက အစ မြင့်မားလာမယ့်လို့ထင်မြင်ကြောင်းနဲ့ ရုပ်ရှင်ခေတ်လည်း ကောင်းလာမှာဖြစ်ကာ ရုပ်ရှင်မှမဟုတ် အကုန်ကောင်းလာမှာပါ လို့ သူ့ရဲ့ အမြင်ကို ဆက်ပြောပါတယ်။ နောက်ပြီးရုံပြိုင်စနစ်မှာ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ပြသသွားမှာလဲဆိုတော့ "၀င်ငွေစနစ်နဲ့ပဲလေ။ ကားတခုကို သတ်မှတ်ထားမယ်။ ၀င်ငွေအနေနဲ့ ၃၀ ရာခိုင်နှုန်းမရှိဘူးဆိုရင် ၂ ပတ်ပဲ။ ပြီးတာနဲ့ ရုံဆင်းပေါ့။ ၀င်ငွေရာခိုင်နှုန်းပြည့်မီမှ ၂ ပတ် ၃ ပတ်တို့သွားရမယ်။ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို မီတယ်ဆိုရင် ၃ ပတ်တို့ ၄ ပတ်တို့ တိုးပြီး ပြသွားရမယ်။ အဲ့ဒီရာခိုင်နှုန်းမမီဘူးဆိုရင်တော့ ၂ ပတ်တည်းနဲ့လည်း ရုံဆင်းသွားရပါမယ်။ ဒါရိုက်တာတို့ ကုမ္ပဏီတို့က ကိုယ့်ကားကိုကောင်းအောင် ရိုက်ရမှာပေါ့။ ကွာလတီပိုင်းတော့ မြင့်အောင် သူတို့ကြိုးစားရတော့မယ်။ အရင်လိုကောင်းကောင်းမကောင်းကောင်း နှစ်ပတ် သုံးပတ်တော့ ရမှာပဲဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။ အရင်တုန်းကတော့ မရှုံးနိုင်ဘူးပေါ့။ အခုကတော့ အကြီးအကျယ် ရှုံးသွားနိုင်တဲ့ သဘောမှာတော့ရှိတယ်။" လို့ ဦးညီညီထွန်းလွင်က ရှင်းပြပါတယ်။ ဆက်လက်ပြီး ဦးညီညီထွန်းလွင်က "ဒီရုံပြိုင်စနစ်ကို ကျနော်ကတော့ အားပေးပါတယ်။ ပရိတ်သတ်အတွက် ပြည်သူလူထုအတွက်ပေါ့။ အရင်တုန်းက မြန်မာကားတွေ တနှစ်မှ ၁၇ ကားလောက်ကြည့်နေရတယ်။ အခုဆိုရင် ၃၄ ကားပေါ့။ နောက် တယောက်နဲ့ တယောက် အပြိုင်အဆိုင်လုပ်လာရတော့ ကွာလတီပိုင်းလည်း မြင့်လာမှာပေါ့။ ပရိတ်သတ်အတွက်လည်း သူတို့ ရွေးချယ်လို့ရတာပေါ့။ ကျနော်ကတော့ အားပေးပါတယ်။ ကျနော်တို့လောကထဲမှာလည်း လူက မျိုးစုံပေါ့။ တချို့လည်း သိပ်မကြိုက်ကြဘူး။" လို့ သူက ဆိုပါတယ်။ သဲသဲ | ||||||||||
| Posted: 22 Dec 2015 02:22 AM PST အရိုးတွေဟာ သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးတခုလုံးကို ထောက်ပံ့ပေးထားတဲ့ အရိုးတွေဟာ အသက်ကြီးလာရင် ဆတ်လာတတ်ပြီး ကျိုးလွယ်လာပါတယ်။ ဒါကြောင့် သင့်အရိုးများသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝအောင် နို့၊ ဒါမှမဟုတ် ဒိန်ချဉ်တခွက်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ အသက် ၃၀ ကျော်လာရင်တော့ ကယ်လ်စီယမ်ဓာတ် ပိုမို ချို့တည့်လာတာမို့ နေ့စဉ် ၂၀ဝ မီလီဂရမ်လောက် သောက်သုံးရပါမယ်။ ကယ်လ်စီယမ် ဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် မဂ္ဂနီဆီယမ် ပါဝင်တဲ့ဆေး၊ ဒါမှမဟုတ် အစားအစာနဲ့ တွဲဖက် သောက်သုံးသင့်ပါတယ်။ | ||||||||||
| Sunkist C 500 ဗီတာမင်စီအချိုရည် စတင်မိတ်ဆက်လိုက်ပြီ Posted: 22 Dec 2015 01:49 AM PST Sunkist C 500 ဗီိတာမင်စီ အချိုရည်အကြောင်း မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၁၈) ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် Sunkist C 500 ကုန်အမှတ်တံဆိပ် သံတမန် အဆိုတော် ဖြူဖြူကျော်သိန်းမှ ဗီတာမင်စီနှင့် ပတ်သက်တဲ့ အသိပညာများနှင့် ကုန်အမှတ်တံဆိပ် သံတမန်အဖြစ် လက်ခံဖြစ်ခဲ့ပုံများကို ရှင်းလင်း ပြော ကြားခဲ့ပါတယ်။ Sunkist C 500 သံဗူးများကို (၅၀၀) ကျပ်ဖြင့် ၀ယ်ယူသောက်သုံးနိုင်မည်ဖြစ်ပြီး Sunkist C 500 တဗူးလျှင် လိမ္မော်သီး (၈) လုံးတွင် ပါဝင်သည့် ဗီတာမင်စီ ပမာဏနှင့် ညီမျှပြီး နေ့စဉ်သောက်သုံးပါက အသား အရည်နှင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။ Sunkist C 500 ကို Sunkist Growers Inc. USA ၏ လိုင်စင်ရ ထုတ်ကုန်ပစ္စည်းတခုဖြစ်ပြီး Myanmar Beverage Company မှ ထုတ်လုပ်လျက်ရှိပါတယ်။ သီဟတိုး | ||||||||||
| သီချင်းတွေဆိုပြီး အဆိုတော်လုပ်တော့မယ့် အလှမယ် နန်းခင်ဇေယျာ Posted: 21 Dec 2015 09:38 PM PST
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်း မြန်မာနိုင်ငံတွင် Miss တွေအမြောက်အများ ပေါ်ထွက်လာဖို့ ခေတ်ဦးဖြစ်တဲ့ အလှမယ် နန်းခင်ဇေယျာက အလှမယ် တယောက်အနေနဲ့ အောင်မြင်ခဲ့သလို သရုပ်ဆောင်အနေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိထားသူတဦးလည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာက အခုဆိုရင် နယ်ပယ်ချဲ့ထွင်လို့ သီချင်းတွေသီဆိုပြီး အဆိုတော်လုပ်တော့မှာ ဖြစ်ပါတယ်။ နန်းခင်ဇေယျာက သူရဲ့ တကိုယ်တော်တေးစီးရီးနာမည်ကို Nonstop(ဘယ်တော့မှမရပ်)လို့ နာမည်ပေးထားပြီး အခုလာမယ့် ဒီဇင်ဘာ ၂၅ ရက်( ခရစ်စမတ်)နေ့မှာ ဖြန့်ချိပေးတော့မှာပါ။ အခွေစီးရီးနာမည် Nonstop ကို တေးရေးရွှေဂျော်ဂျော်က ရေးပေးထားတာဖြစ်ပြီး နန်းခင်ဇေယျာနဲ့ ပတ်သက်လို့ တေးရေးရွှေဂျော်ဂျော်က "သူရဲ့အသံကို အရင်နားထောင်ကြည့်တဲ့အခါ သူရဲ့အသံက အဆိုတော်ဖြစ်မယ့် အသံရှိတာတွေ့ရတယ်။ မထင်မှတ်ဘဲ သူရဲ့အသံက ဂိုးသွင်းနိုင်မယ့် ရွှေအစွမ်းမျိုးရှိတယ်။ ကျနော်က သီချင်းလေးတပုဒ်ကို ရေးပေးထားတယ် Pop အမျိုးအစားလေးပါပဲ။ ဘယ်တော့မှမရပ်နဲ့ ဆိုတဲ့ သီချင်းလေးပါ သီချင်းလေးတွေကို ဖန်တီးပါ သီဆိုပါ ဘယ်တော့မှမရပ်ပါနဲ့ဆိုတဲ့ ပုံစံမျိုးပါ" လို့ ပြောပြပါတယ်။ နန်းခင်ဇေယျာရဲ့တေးစီးရီးမှာ ပရိသတ်နားစွဲလွယ်မယ့် တေးသီချင်းများထည့်သွင်းထားတယ်လို့ သိရပါတယ်။ နန်းခင်ဇေယျာက သူ့အနေနဲ့ တေးစီးရီးထုတ်ဖြစ်တာဟာ ပရိသတ်တွေကို အသစ်လုပ်ပြချင်တာနဲ့ Surprise လုပ်ချင်တဲ့အတွက်ကြောင့် ထုတ်ဖြစ်တာလို့လည်း ပြောပြပါတယ်။ တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီမှာ သီချင်းအမျိုးအစားစုံလင်စွာ ထည့်သွင်းထားကာ တေးစီးရီးကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ဖြန့်ချိပေးမှာဖြစ်ပြီး ရန်ကုန်မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပါတယ်။ ယုမွန်ကျော် | ||||||||||
| Miss Gorgeous အလှကုန်မှ ပြုလုပ်တဲ့ Mr&Ms ရွေးချယ်ပွဲ ကျင်းပ Posted: 21 Dec 2015 02:00 AM PST | ||||||||||
| တယ်လီနောရဲ့ တမိနစ် တကျပ်တန် “စူပါဇီးကွက်” အစီအစဉ်သစ် စတင်ပြီ Posted: 21 Dec 2015 01:07 AM PST
တယ်လီနောမြန်မာမှ "စူပါဇီးကွက်" လို့ အမည်ရတဲ့ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် ဈေးနှုန်းသစ်အစီအစဉ် တခုကို ယခုလ (၁၈) ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ "စူပါဇီးကွက်" အစီအစဉ်ကတော့ တယ်လီနောဆင်းကတ် အသုံးပြုသူများအနေနဲ့ ည (၁၁) နာရီမှ နံနက် (၇) နာရီအတွင်း အသုံးပြုမယ်ဆိုရင် ဖုန်းခေါ်ဆိုမှုများအတွက် တမိနစ်လျှင် (၁) ကျပ်နှင့် အင်တာ နက်ဒေတာ အသုံးပြုမှုအတွက် 1 MB ကို တကျပ်နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ "စူပါဇီးကွက်" တွင် (၂၅၀၀) ကျပ်တန် လစဉ်သုံး အစီအစဉ်ကို သုံးစွဲရန် သတ်မှတ်ကာလ (၁) လ နဲ့ (၈၀၀) ကျပ်တန် အပတ်စဉ်သုံး အစီအစဉ်ကိုသုံးစွဲရန် သတ်မှတ်ကာလ (၇) ရက် အသီးသီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လစဉ်သုံးအစီအစဉ်ကို အသုံးပြုလိုလျှင် '500' သို့ T2500 ဟု Message ပို့၍ လည်းကောင်း၊ *802#သို့ ဖုန်းခေါ်ဆို၍လည်းကောင်း ရရှိနိုင်မည်ဖြစ်ပြီး အပတ်စဉ်သုံးကို အသုံးပြုလိုလျှင် '500' သို့ T800 ဟု စာတိုပို့၍လည်းကောင်း၊ *803# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တယ်လီနော ရောင်းချတဲ့ ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ် ပါတယ်။ တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Petter Furberg က "မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ရှိ အင်တာနက်အသုံးပြုမှု ကြီးကြီးမားမား တိုးတက်လာနေတာကို မြင်နေရပါတယ်။ တနိုင်ငံလုံး မိုဘိုင်းဖုန်းအသုံးပြုသူ (၆၀) ရာခိုင်နှုန်းကျော်က စမတ်ဖုန်း အသုံးပြုကြတယ်လို့ ကျနော်တို့ ခန့်မှန်းထားပါ တယ်။ ကျနော်တို့ရဲ့ (၁၂) သန်း ကျော်သော အသုံးပြုသူတွေက (၅၇) ရာခိုင်နှုန်းဟာ အင်တာနက်ဒေတာ အသုံးပြု ကြပြီတော့ တယ်လီနောရဲ့ အာရှ ဈေးကွက်အတွင်းမှာ မလေးရှားပြီးရင် မြန်မာနိုင်ငံက အကြီးမားဆုံး ပမာဏပဲဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက "မြန်မာနိုင်ငံမှာ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ အရမ်းမဖွံဖြိုးသေးပေမယ့် အသုံးပြု သူတွေရဲ့ နည်းပညာနဲ့ထိတွေ့မှုအပိုင်းမှာ ကောင်းမွန်လာတာကြောင့် သူတို့နှစ်သက်အသုံးပြုတဲ့ ဆက် သွယ်ရေး စနစ်ဆီကနေ ၀န်ဆောင်မှုအမျိုးမျိုးကို မျှော်လင့်ကြပါတယ်။ အဲဒီအတွက်ကြောင့် တယ်လီနောကနေ အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ရင်ခုန်ဖွယ်ရာ အဆန်းပြားဆုံး တီထွင် ဖန်တီးမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာပါ" လို့ ဆိုပါတယ်။ တယ်လီနောဟာ နိုင်ငံတလွှားမှာရှိတဲ့ 3G အသုံးပြုနိုင်တဲ့ တာဝါတိုင် (၄) ထောင်ကျော်တို့နဲ့ အတူ မြန်မာနိုင်ငံမှာ အကြီးမားဆုံး 3G ကွန်ယက်ကို စီမံဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့တွင် တာဝါတိုင် တထောင်ကျော်အထိ ဖြန့်ကျက်ထားပြီးဖြစ်ပြီး မန္တလေးမြို့တွင်လည်း တာဝါတိုင် (၇၀၀) ကျော်အထိ တည်ဆောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ တယ်လီနောကွန်ယက်ဟာ ချင်းပြည်နယ်မှလွဲပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဓိကပြည်နယ်နှင့် တိုင်း ဒေသကြီးများကို လွှမ်းခြုံထားနိုင်ပြီဖြစ်ပြီး ချင်းပြည်နယ်တွင်လည်း မကြာမီ စတင်မိတ်ဆက်တော့မယ် လို့ သိရပါတယ်။ ။ သီဟတိုး | ||||||||||
| အင်းသားလူငယ်တွေရဲ့ "တက်ဝါးကိုင်တဲ့ လက်များ” Posted: 20 Dec 2015 11:45 PM PST အင်းလေးဒေသက အဆိုတော်လူငယ်တွေ စုဖွဲ့ထားတဲ့ CICADA ရဲ့ အင်းလေးဒေသကို အခြေပြုဖွဲ့ဆိုထားတဲ့ သီချင်းခွေ ထွက်ရှိလာပါပြီ။ CICADA အဖွဲ့မှာ အဆိုတော် ခွန်ဇင်မွန်၊ သားဖြူ၊ အယ်အောင် တို့ပါဝင်ပါ တယ်။ "တက်ဝါးကိုင်တဲ့ လက်များ" လို့အမည်ပေးထားတဲ့ အခွေမှာ သီချင်း ၉ ပုဒ်ပါဝင်ပါတယ်။ တက်ဝါးကိုင်တဲ့လက်များ၊ လာခဲ့ပါဒို့အင်းလေး၊ အင်းသားဘဝ အင်းသားအလှ၊ ရိုးရာပွဲတော်၊ မိန်းမ၊ မင်းထားခဲ့တဲ့အင်းလေး၊ ပွဲတော်ကာလရိုးရာအလှ၊ အင်းလေးကိုလွမ်းတဲ့စိတ်၊ ငြိမ်းချမ်းပါစေ အိုကမ္ဘာမြေတို့ ဖြစ်ပါတယ်။ Mixing & Mastering ကတော့ ကိုဟန်စိုင်း ဖြစ်ပါတယ်။ အသံသွင်းယူတဲ့ Studio တွေကတော့ ENTNITY ရယ်၊ Happy Macost ရယ်၊ Yin Yin ရယ်၊ Ro Say ရယ်ပါ။ | ||||||||||
| Viber မှ မြန်မာ့လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” အစီအစဉ် မိတ်ဆက် Posted: 20 Dec 2015 11:14 PM PST Messaging Application တခုဖြစ်တဲ့ Viber မှ လာမယ့်၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ Viber နဲ့ တယ်လီနောတို့ ပူးပေါင်းပြီး Viber အခမဲ့ အသုံးပြုခြင်းနှင့် "We Love Myanmar" စတစ်ကာများ အခမဲ့ ရယူနိုင်တဲ့အစီအစဉ်တို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Viber ရဲ့ We Love Myanmar အစီအစဉ် မိတ်ဆက်ပွဲကို ယခုလ (၁၄) ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှ စပြီး မှတ်ပုံတင်စရာမလိုဘဲ Viber Application မှာ ရက်သတ္တပတ် (၂) ပတ်ကြာ အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်မယ့် အစီအစဉ်ကို တယ်လီနောမှ ၀န်ဆောင်မှုပေးသွားမှာဖြစ်ပြီး တယ်လီနော အသုံးပြုသူများအနေနဲ့ အဲဒီကာလအတွင်းမှာ အင်တာနက်ခ မကုန်ဘဲ Viber စတစ်ကာ အသစ်များကို အခမဲ့ Download ရယူအသုံးပြုနိုင်မှာလို့ သိရပါတယ်။ "We Love Myanmar" စတစ်ကာတွင် မြန်မာလူမျိုးများကြား သုံးစွဲမှုအများဆုံးဖြစ်တဲ့ စကားလုံးများ ပါဝင်တဲ့ "မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်" ၊"ငါတို့နိုင်ပြီ" ၊"မိုက်တယ်" ၊ "ချစ်တယ်" ၊ "ချစ်သွားပြီ" စတဲ့ ချစ်စဖွယ် စတစ်ကာ ဇာတ်ရုပ်လေးတွေနဲ့ သရုပ်ဖော်ထားပါတယ်။ Viber Application ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုသူ (၅) သန်းရှိရာမှ ယခုနှစ်တွင် ရာခိုင်နှုန်း (၂၆၀) ရာခိုင်နှုန်းအထိ တိုးတက်လာကာ သုံးစွဲသူ (၁၈) သန်းအထိ မြန်မာနိုင်ငံတွင်ရှိလာပြီး Viber မှ ၄င်းရဲ့ အောင်မြင်မှုကို ဆင်နွှဲနိုင်ရန်နှင့် မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် "We Love Myanmar" အစီအစဉ်ကို မိတ်ဆက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ "မြန်မာနိုင်ငံမှာ Viber ကို အခုလို တခဲနက် အားပေးသုံးစွဲကြတဲ့အတွက် တကယ်ကို ၀မ်းမြောက်မိပါတယ်။ ကျနော်တို့ Viber အနေနဲ့ သုံးစွဲသူတွေကို ပျော်ရွှင်အောင် ကြိုးပမ်းလုပ်ဆောင်ရင်း "We Love Myanmar" အစီအစဉ်ကို ဆင်နွှဲချင်ပါတယ်။ Viber ကို အသုံးပြုရင်း ကိုယ့်စိတ်ခံစားချက်တွေ Viber ကနေတဆင့် စတစ်ကာလေးတွေနဲ့ ချစ်ခင်သူတွေကို ပေးပို့နိုင်ပါတယ်" လို့ Viber ရဲ့ အမှုဆောင်အရာရှိချုပ် Michael Shmilov က ပြောပါတယ်။ "Viber ကို အသုံးပြုရတာ ကြိုက်ပါတယ်။ Viber က အသုံးပြုရတာ လွယ်တဲ့အတွက် လူကြီးတွေလည်း သုံး ကြသလို Viber မှာ စတစ်ကာလေးတွေက ချစ်စရာကောင်းလို့ လူငယ်တွေလည်းသုံးကြတယ်။ နောက်ဆုံးထွက်ထားတဲ့ မြန်မာဗန်းစကား စတစ်ကာလေးတွေဆိုရင် "မိုက်တယ်" "လန်းတယ်" ၊ "ကျေနပ်တယ်" "ဆေးထိုးတယ်" စတဲ့ လူငယ်တွေကြားမှာ တကယ်ခေတ်စားနေတဲ့ ဗန်းစကားတွေပါတော့ သုံးရတာ အရမ်း ကြိုက်ပါတယ်။ အခုလာမယ့် လွတ်လပ်ရေးနေ့အတွက် "We Love Myanmar" စတစ်ကာလေးတွေ လာမယ်ဆိုတော့ သုံးရဦးမှာပေါ့" လို့ အသက် (၂၂) အရွယ် Viber အသုံးပြုသူ မဟန်နီက ပြောပါတယ်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး Viber နဲ့ Red Dot တို့ ပူးပေါင်းပြီး အကြွေးဝယ် ကတ် မလိုဘဲ နိုင်ငံတကာသို့ Viber Out call ခေါ်ဆိုမှုကို အလွယ်တကူ ပြုလုပ်နိုင်အောင် စီစဉ်ထားပြီး Viber Out အသုံးပြုသူများအနေနဲ့ မြန်မာနိုင်ငံရဲ့ Ret Dot နှင့်ချိတ်ဆက်ထားတဲ့ ဆိုင်များတွင် Viber Out ငွေဖြည့်ကတ် ကို အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ Viber အသုံးပြုသူပေါင်း (၆၆၄) သန်းရှိပြီး အသုံးပြုသူများ တဦးနှင့်တဦး Message ပေးပို့ခြင်း၊ Chatting ပြုလုပ်ခြင်း၊ Video call ခေါ်ဆိုခြင်း၊ Group Chatting ပြုလုပ်ခြင်းနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ နာမည်ကျော် အနုပညာရှင်များ၏ လူမှုစာမျက်နှာများ၊ သတင်းမီဒီယာများရဲ့Public Account များအား Follow လုပ်ခြင်းစတဲ့ ၀န်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါတယ်။ သီဟတိုး | ||||||||||
| နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ဆိုတဲ့ အဆိုတော်လေးဖြူ Posted: 20 Dec 2015 11:38 PM PST
မြန်မာနိုင်ငံရဲ့ ရော့ခ်ဘုရင်ကြီးတဆူလို့ပြောလို့ရနိုင်ပြီး ဒီကနေ့ထက်ထိကို ရော့ခ်ဂီတမှာ နှစ်ပေါင်းများစွာတိုင်အောင် မားမားမတ်မတ်ရပ်တည် နေနိုင်ဆဲဖြစ်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း ရော့ခ်ဂီတသမားကြီးတဦးရှိပါတယ်။ သူထွက်သမျှ တေးစီးရီးတိုင်းကလည်း ပရိတ်သတ်အကြား မပေါက်ဘူးဆိုတာ မရှိပါဘူး။ သူကတော့ အဆိုရှင်ကြီး လေးဖြူပါ။ သူတဦးတည်သာမက သူနဲ့အတူ ကပ်ပါလာစမြဲ ဒီကနေ့ထက်ထိလည်း လက်တွဲနေဆဲ ဂီတအဖွဲ့တခုဖြစ်တဲ့ Iron Cross Music Band ဟာလည်း ဂီတလောကမှာ အောင်မြင်ပေါက်မြောက်နေဆဲပါပဲ။ ရော့ခ်ဘုရင်ကြီး အဆိုတော် လေးဖြူကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဘာတွေစပ်စုမေးမြန်းထားသလဲဆိုတာကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။ မေး နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။ ဖြေ ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။ မေး ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လိုပြောင်းလဲမှုကို မျှော်လင့်ထားတာမျိုးရော ရှိပါလား။ ဖြေ ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ် အစိုးရက ပြောင်းလဲမယ်။ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ပြောင်းလဲရမှာပဲ၊ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့ ဂီတအမျိုးအစားတို့ အမှန်က music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develope ဖြစ်နေရမှာလေ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုထဲကိုပဲ ထုံပြီးဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက်ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှစ်ခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့်သူများတွေက ပြောကြတယ် Rock will never Die ဆိုပြီးတော့လေ ကျနော်တို့လဲ အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့ နောက်ပြီး Data Travelling ပေါ့ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတို့ ဘယ်လိုဖြန့်ဖြူးမလဲဆိုတဲ့ နည်းစနစ်တွေရော ပြောင်းလဲရမှာပေါ့။ အခုဆိုရင် သီချင်းတွေကို ဟမ်းဖုန်းကနေ ၀ယ်လို့ရနေပြီ၊ ကျနော်တို့ အရင်တုန်းက ဆိုရင် ဘားလမ်းမှာသွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ၀ယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ၀ယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ၊ မေး Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှုအပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ်ပြောပြချင်လဲ။ ဖြေ ကျနော်ကတော့ Blind Faith ပဲပြောပြော Rock music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိနားလည်မှာမဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက်နားလည်ရတဲ့အလုပ် သူတီးတဲ့ Base နဲ့ သူတီးတဲ့ Drum နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ နှလုံးသားချင်းချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး အခြေခံပြီးလုပ်နေရတဲ့ အတွက် လူတွေရှိနေဦးသမျှ သူကလည်း ရှိနေဦးမှာပါ။ ရော့ခ်ဘုရင်ကြီး လေးဖြူက ဧရာဝတီကို ဂီတအပေါ်အမြင်၊ ပြောင်းလဲမှုများနှင့် ဖန်တီးမှုအပိုင်းများနဲ့ပတ်သက်လို့ ဘာတွေ ဘယ်လို ဖြေကြားပေးထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်။ | ||||||||||
| မြန်မာကာတွန်းစတင်ပေါ်ပေါက်ခဲ့တဲ့ နှစ် ၁၀၀ ပြည့်ပွဲတော်ကျင်းပမည် Posted: 18 Dec 2015 02:00 AM PST ၁၉၁၅ ခုနှစ်ကကာတွန်းဆရာကြီးဦး (ရွှေတလေး/ ဘကလေး) က အစပြု ပေါ်ပေါက်ခဲ့တဲ့ မြန်မာကာတွန်းဟာအခု ၂၀၁၅ ခုနှစ်မှာ နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။ တသက်မှာတခါသာ ကြုံရမယ့် မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကိုလာမယ့် ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာရန်ကုန် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center (MCC) မှာကျင်းပမှာ ဖြစ်ပါတယ်။ MCC ဟာ သွားလာရလွယ်ကူတဲ့နေရာတော့ မဟုတ်ပါဘူး။ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကျင်းပဖို့ ဦးဆောင် လှုပ်ရှားနေတဲ့ ကာတွန်းဆရာတွေဟာ အမျိုးသားကဇာတ်ရုံမှာကျင်းပခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက် မရတာကြောင့် MCC မှာကျင်းပရခြင်း ဖြစ်တယ်လို့ ရာပြည့်ပွဲအတွက် ဦးဆောင်တာဝန်ယူနေသူတဦးဖြစ်တဲ့ ကာတွန်းဝင်းအောင်ကစာနယ်ဇင်းရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ကာတွန်းရာပြည့်ပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ပြည်လမ်းမှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ကာတွန်းရာပြည့်ပွဲမှာ မြန်မာကာတွန်းသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရှေးမူလက်ရာများ၊ သမိုင်းဓာတ်ပုံများ၊ ကာတွန်းလက်ရာများကို အမှတ်တရ ပြန်လည်ပြသထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မျက်မှောက်ခေတ် ကာတွန်းဆရာတွေရဲ့ ကာတွန်းပြခန်း၊ ကယ်ရီကေးချားနဲ့ ကာတွန်းပန်းချီလက်ရာပြခန်း၊ Animation ပြခန်းတွေ ပြသထားမှာ ဖြစ်ပါတယ်။ ကာတွန်းသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ နဲ့ဟောပြောပွဲတွေ ပါဝင်မှာဖြစ်ပြီး စာအုပ်အရောင်းဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ၊ ကလေးတွေအတွက် ပုံဆွဲကော်နာတွေလည်း ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာမနက် ၉ နာရီနဲ့ ညနေ ၅ နာရီအတွင်း မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကို ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်တွေအတွင်းမှာ ရန်ကုန်ကကာတွန်းဆရာတွေ စုပေါင်းတင်ဆက်တဲ့ "ဗိုလ်ကာတွန်း" အငြိမ့်၊ မန္တလေးကာတွန်းဆရာတွေ တင်ဆက်မယ့် ပြဇာတ်တို့နဲ့လည်းဖျော်ဖြေမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ကာတွန်းချစ်ပရိသတ်တွေ လာရောက်အားပေးကြဖို့ ကာတွန်းရာပြည့် ဦးဆောင်ကျင်းပရေးကော်မတီက ဖိတ်ကြားထားပါတယ်။ | ||||||||||
| ခရစ္စမတ်အတွက် ကြိုတင်အလှဆင်ကြမလား Posted: 17 Dec 2015 10:00 PM PST
အခုဆိုရင် နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ ချမ်းအေးတဲ့ ဒီဇင်ဘာလထဲကိုထဲထဲဝင်ဝင်နဲ့ ဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လို့လာပါပြီ။ ဒီဇင်ဘာလဟာဆိုရင် ခရစ်ယာန် ဘာသာဝင်တွေရဲ့ Christmas ပွဲတော်ကျင်းပရာ အထွဋ်အမြတ်ထားပျော်ရွှင်ရတဲ့ ပွဲတော်ချိန်ကာလပဲဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ ခရစ္စမတ်နေ့ မတိုင်ခင် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ခရစ္စမတ်ကို ကြိုဆိုတဲ့ အနေနဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာ Shopping Mall တွေ၊ နေအိမ်တွေနဲ့ ဆိုင်တွေမှာ Christmas Decoration ခရစ္စမတ် အလှဆင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ခရစ္စမတ် အလှဆင်မှုကို အရင်ကထက် တွင်တွင်ကျယ်ကျယ်နဲ့ ခမ်းခမ်းနားနား ပြုလုပ်လာကြပြီး Shopping Mall တွေမှာဆိုရင် သူ့ရာသီအချိန်အခါနဲ့သူ သေချာ Decoration ပြုလုပ်လာတဲ့ ခေတ်ရေစီးအပြောင်းအလဲကို တွေ့မြင်ရပါတယ်။ တနှစ်ထက်တနှစ် မတူညီတဲ့ ဖန်တီးမှု၊ အလှဆင်မှုတွေနဲ့ ပိုပြီး Creative ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာဆိုရင် သာမန်ရိုးရိုးရှင်းရှင်းအလှဆင်တာမျိုးတွေထက် ဖန်တီးမှုရှိပြီး ပိုမိုလှပတဲ့ အပြိုင်အဆိုင်အလှဆင်မှုမျိုးတွေကို တွေ့ရပါတယ်။ Christmas Tree (ခရစ္စမတ် သစ်ပင်)နဲ့ သစ်ပင်မှာချိတ်ဆွဲထားတဲ့ ရောင်စုံအလှ မီးလုံးလေးတွေ၊ လက်ဆောင်ဘူး၊ လက်ဆောင်အထုတ်လေးတွေ၊ ကြယ်တာရာ၊ ခေါင်းလောင်း၊ ထင်းရှူးသီး၊ နှင်းပွင့်နှင်းဖတ် လေးတွေနဲ့အတူသမင်ရုပ်၊ ဒရယ်ရုပ်၊ နှင်းလူရုပ်လေးတွေနဲ့ Christmas Tree ကိုအလှဆင်လေ့ရှိကြပါတယ်။ ခရစ်စမတ် သစ်ပင်ကြီးနဲ့ အတူမပါမဖြစ်က ခန္ဓာကိုယ် ဝဝပုပုနဲ့ မုတ်ဆိတ်မွှေးဖြူဖြူ၊ သိုးမွှေးအင်္ကျီနီနီရဲရဲကို ဝတ်ဆင်ထားပြီးကလေးတွေအတွက် လက်ဆောင်ထုတ်ကြီးကြီးအမြဲသယ်ထားတဲ့၊ ချစ်စရာကောင်းတဲ့ ကလေးများရဲ့အချစ်တော် ခရစ္စမတ် ဘိုးဘိုးကြီး Santa Claus ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလထဲကိုရောက်ရှိပြီဆိုတာနဲ့ ခရစ်ယာန်ဘာသာဝင် လူငယ်တွေကပျော်ရွှင်စွာနဲ့ ခရစ္စမတ်ကို ဖြတ်သန်းဖို့ ခရစ္စမတ်အလှဆင်မှုတွေကို ဒီဇင်ဘာလဆန်းပိုင်းကတည်းက ပြုလုပ်လေ့ရှိကြပြီး ဒီဇင်ဘာညတွေမှာဆိုရင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Christmas Carol သီချင်းတွေကို ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွေမှာ သွားရောက်ပြီးပျော်ရွှင်စွာသီဆိုလေ့ရှိကြပါတယ်။ အဲဒီလိုသီချင်းဆိုတဲ့ အဖွဲ့တွေလာရင် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နေအိမ်တွင်းမှာ မျက်စိပသာဒ ဖြစ်စေဖို့ ခရစ္စမတ်သစ်ပင် အလှဆင်ထားတာ၊ မီးတွေ ထွန်းထားတာကိုတွေ့ကြရမှာပါ။ ဒီတပတ်မှာဧရာဝတီခေတ်ရေစီးကဏ္ဍကနေခရစ်စမတ်ချိန်ခါရဲ့ Trend ဖြစ်တဲ့ Christmas Decoration ပြုလုပ်ဖို့ ခရစ်စမတ် အလှဆင်ပစ္စည်းလေးတွေကိုပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ သီဟတိုး | ||||||||||
| Sunday Brunch ဘူဖေးစားနိုင်တဲ့ “Peperoni” အီတလီစားသောက်ဆိုင် Posted: 16 Dec 2015 09:30 AM PST မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေနဲ့ အတူတူတနင်္ဂနွေနေ့လို Super Sunday အားလပ်ရက် မျိုးမှာနေ့လည်စာဘူဖေး Sunday Brunch စားချင်သူတွေအတွက် ရွှေတိဂုံဘုရားကို လှမ်းမြင်နိုင်တဲ့ View ကောင်းကောင်းရှိတဲ့ အီတာလျံ စားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Sunday Brunch ဘူဖေးမှာ အီတလီအစားအစာတွေအပြင်၊ စင်ကာပူအစားအစာတွေပါ ပါဝင်တဲ့ ကျနော် မိတ်ဆက်ပေးမယ့် ဆိုင်ကတော့ ရန်ကုန်မြို့၊ နတ်မောက်လမ်းပေါ်က Union Business Center (UBC) ဝင်းထဲက "House of Singapura" စင်ကာပူစားသောက်ဆိုင် အပေါ်ထပ်မှာရှိတဲ့ "Peperoni" အီတလီစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ တပတ်လုံးမှာမှ တနင်္ဂနွေ နေ့လယ်ခင်းတခုတည်းမှာပဲ စီစဉ်ပေးထားတဲ့ Sunday Brunch ဘူဖေးက လူ ကြီးတဦးကို မြန်မာငွေကျပ် (၃) သောင်းခွဲကျသင့်မှာဖြစ်ပြီး အသက် (၅) နှစ်ကနေ (၁၂) နှစ် အတွင်းမှာရှိတဲ့ ကလေးတဦးကိုတော့ ကျပ် (၉) ထောင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ကျသင့်ငွေထဲမှာ အခွန်ငွေပါ အပြီးအစီးမို့ အပိုထပ်ဆောင်းပေးစရာမလိုသလို၊ ဘူဖေးမှာ Drink Free Flow ပါပြီးသားမို့ Beer, Cocktail, Wine, Whisky စတာတွေထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။ "ဆိုင်မှာ Sunday Brunch Buffet က အခုမှ ပထမဆုံးမိတ်ဆက်ပေးတာပါ။ တနင်္ဂနွေနေ့ဆို အားလုံးက Sunday Brunch ကို နေ့ခင်းဘက်လောက် စားကြတာလေ။ ဒီမှာ နေ့လည် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဘူဖေးလုပ်ပေးထားတယ်။ ဘူဖေးမှာဆိုရင်လည်း အီတလီအစားအစာတွေနဲ့ စင်ကာပူအစားအစာတွေ ပါတယ်" လို့ Peperoni ရဲ့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။ ဘူဖေးမီနူးထဲမှာ ပါဝင်တာတွေကတော့ Live Station မှာဆိုရင် Eggs, Rojak (Mixed fruit Salad), Laksa (မြန်မာလိုဆိုရင် အုန်းနို့ခေါက်ဆွဲ)၊ Soup and Salad နဲ့ Main အနေနဲ့ Hainanses Chicken Rice (စင်ကာပူ ကြက်ဆီထမင်း)၊ Spaghetti (အီတလီခေါက်ဆွဲ)၊ Lasagneတို့နဲ့ Dessert (၃) မျိုးပါဝင်ပါတယ်။ ကလေးတွေအတွက် မီးနူးသီးသန့် ဆွဲထားပေးပြီး Fish & Chips, Spaghetti Bologaniseနဲ့ Mini Cheese Burger တို့ ပါဝင်ပါတယ်။ ဆိုင်ရဲ့ အဓိကထားရောင်းချတဲ့ Peperoni Pizza ကိုလည်း ကြိုက်နှစ်သက်ရာFlavor တို့နဲ့အတူအမျိုးအစားပေါင်း (၁၀) မျိုးကျော်ကိုဈေးနှုန်းကျပ် (၁,၂၀၀၀) ကနေကျပ် (၁,၆၀၀၀)၊ ကျပ် (၂,၄၀၀၀) စသဖြင့် အစားစားမှာယူသုံးဆောင်နိုင်ပါတယ်။ အစားအသောက်တွေရဲ့ အရသာတွေကို မြည်းစမ်းကြည့်တဲ့အခါ Lemon Mayonnaise နဲ့ သုတ်ထားတဲ့ Chicken Salad က လီမွန်နံ့သင်းသင်းလေးနဲ့ စားရတာအအီပြေပြီးစားကောင်းပါတယ်။ Char KwayTeowဆိုတဲ့ အစားအစာကတော့ ဆန်ပြားကိုပင်လယ်စာ၊ အသီးအရွက်၊ Pork Sausage (ဝက်အူချောင်း) တို့ကြော်ထားတာပါ။ ဆန်ပြားကြော်ကိုဝက်သားမစားတဲ့ သူတွေအတွက် တခြားအသားနဲ့လည်း ပြုလုပ်ပေးပါတယ်။ Hainanses Chicken Rice ရဲ့ အရသာကတော့ အထွေအထူး ပြောပြဖို့လိုမယ် မထင်ပါဘူး၊ စင်ကာပူ ကြက်ဆီထမင်းပါ။ နူးအိနေတဲ့ ကြက်သားနဲ့ ကြက်ဆီထမင်းရဲ့ အရသာကလိုက်ဖက်မှုရှိပါတယ်။ Soup အနေနဲ့ BakKutTeh ဆိုတဲ့ ဝက်နံရိုး Soup ကိုသောက်ခဲ့ပြီး အရသာက ကြက်ဆီထမင်းစားထားလို့ အီနေတဲ့ အအီကိုပြေစေပါတယ်။ Soup ထဲမှာ အီကြာကွေးပါဝင်တာတွေ့ရပါတယ်။ နောက်ထပ် စားခဲ့တဲ့ Salad တမျိုးကတော့ Rojak ပါ။ သူက Mixed Fruit Salad ဖြစ်ပြီးနာနတ်သီး၊ ပန်းသီးစိမ်း၊ သစ်တော့သီး၊ သခွားသီးစတာတွေကိုRojak Sauce ၊ Shrimp Paste တို့နဲ့ သုပ်ထားတာ ဖြစ်တဲ့အတွက် အနံ့နဲ့ အရသာကအနည်းငယ် ပြင်းတာကြောင့် ဒီအစားအစာကိုတော့ အိန္ဒိယလူမျိုးတွေက ပိုခံတွင်းတွေ့ကြတယ်လို့ ဆိုင်တာဝန်ခံဖြစ်သူက ဆိုပါတယ်။ Laksa (မြန်မာလိုဆိုအုန်းနို့ခေါက်ဆွဲ) ဟင်းလျာကတော့ Laksa ခေါက်ဆွဲကို ပုစွန်၊ Fish Cake၊ ကြက်ဥတို့နဲ့ အတူ Laksa Paste, Laksa Leaf တို့ပါဝင်ပြီး မြန်မာအုန်းနို့ ခေါက်ဆွဲတွေနဲ့တော့ အရသာမတူ၊ ကွဲလွဲပါတယ်။ Dessert အနေနဲ့ မြည်းစမ်းခဲ့တဲ့ Chendol နဲ့ Ice Kachangမှာတော့ Chendol က အုန်းနို့နဲ့ ပြုလုပ်ထားတဲ့ Dessert ဖြစ်ပြီး Bean, Brown Sugar တို့ ပါဝင်တဲ့ Chendol Dessert က မုန့်လက်ဆောင်းလိုပုံစံမျိုးပါ။ Ice Kachang ကတော့ Jelly, ရေခဲ၊ Syrup, ပြောင်းဖူးတို့ ပါဝင်တဲ့ ရေခဲသုပ် တမျိုးပါ။ ဆိုင်ဖွင့်တာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ "Peperoni" အီတလီစားသောက်ဆိုင်က စင်ကာပူ Franchise စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်ဖွင့်ချိန် နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ၊ အပတ်စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး စနေနေ့ ညတွေမှာဆိုရင် Unplugged တီးဝိုင်းသီဆိုဖျော်ဖြေမှုနဲ့ တနင်္ဂနွေနေ့ နေ့လယ်တွေမှာမိသားစု၊ အပေါင်းအသင်းစုံညီသွားရောက် စားသောက်နိုင်တဲ့ Sunday Brunch Buffet တို့ ရှိတယ်ဆိုတဲ့ အကြောင်းလက်တို့ပေးလိုက်ပါတယ်။ ။ သီဟတိုး | ||||||||||
| ဈေးကွက်နေရာရလာတဲ့ McLaren 675 LT Posted: 15 Dec 2015 07:30 PM PST McLaren အတွက်တော့ P1 လို မော်ဒယ်တခုကို ဖန်တီးနိုင်လိုက်တာက သမိုင်းတွင်လောက်အောင် မြင့်မားတဲ့ အောင်မြင်မှုကို ရရှိလိုက်တာဖြစ်ပြီးနာမည်ပေးမှု အပိုင်းမှာလည်း တိုတိုနဲ့ မှတ်ရလွယ်အောင်၊ ပြီးတော့ McLaren နဲ့ တွဲဖက်ပြီး ခေါ်လို့ကောင်းအောင် ပေးခဲ့တာက ကုမ္ပဏီကိုရော မော်ဒယ်ကိုမှာလူတိုင်း နှုတ်ဖျား စွဲသွားစေခဲ့တာပါ။ ဒါပေမယ့် P1 တခုတည်းနဲ့တော့ ကုမ္ပဏီအတွက် အဆင်ပြေပ့ါမလား။ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်တော့ လက်ရှိဈေးကွက်မှာ လက်ခံနေဆဲဖြစ်တဲ့ P1 ရဲ့ နောက်ဆက်တွဲ ပုံစံရွေးချယ်စရာအနေနဲ့ မော်ဒယ်သစ်တခုကို ဖန်တီးလာတာ တွေ့ရပါတယ်။ သူကတော့ 675 LT ပါ။ Supercar တန်းဝင်အောင် အဆင့်မြှင့်ဖန်တီးထားပြီးတော့ နည်းပညာပိုင်းမှာ ကျနော်က ပြိုင်ဖက်မော်ဒယ်တွေလောက် အားမရလှပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာတော့ စိတ်ကြိုက်တွေ့မိတာအမှန်ပါ။ ကောင်းပါပြီ၊ ကျနော်တို့ McLarenရဲ့ မော်ဒယ်သစ်ကိုနည်းနည်းလောက် ဆက်ကြည့်လိုက်ရအောင်ပါနော်။ အားသာချက် … အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းကမပြောမဖြစ်တဲ့ အားသာချက်ပါပဲ။ ကျနော်တို့ ကီလိုမီတာ တရာနှုန်းအတွက် အချိန်ဘယ်လောက်နဲ့ အမြန်ဆုံးရောက်ချင်ပါသလဲ။ အခုလို GT တန်းဝင် မော်ဒယ် တွေကတော့ ပုံမှန်ဆိုရင် ၃.၅ စက္ကန့် ၀န်းကျင်လောက် ယူပါတယ်နော်။ ဟုတ်ပါတယ်၊ 675 LTရဲ့ ပြိုင်ဖက် 991 တောင်မှ ၃.၃ စက္ကန့်ကြာပါတယ်။ ဒါတောင်မှ ဈေးကွက်မှသူ့ကို မြန်လွန်းလို့ ဆိုပြီးလူကြိုက်များပါတယ်။ အခု 675 LT ကတော့ အချိန် ၂.၉ စက္ကန့်ပဲယူပါတယ်။ ဘယ်လိုလဲ၊ အဲဒီလောက် မြန်မယ်လို့ ထင်မထားမိဘူး မဟုတ်လား။ နောက်တချက်မော်ဒယ်က ရုပ်ထွက်ပိုင်းထူးခြားမှုနဲ့ ဆွဲဆောင်မှုကောင်းတာကို ပြောချင်ပါတယ်။ ကျနော်တို့ Porsche တစီးကို မြင်လိုက်တာနဲ့ Logo ကို ကြည့်စရာမလိုပဲ Porsche မှန်းသိသာစေပါတယ်။ Bugatti, Ferrari, Lamborghini.. စဖြင့် အားလုံးကွဲပြားတဲ့ ရုပ်ထွက် ရှိပါတယ်။ အခုလည်း 675 LTမှာ အဲဒီလို သိသာပေါ်လွင်တဲ့ ရုပ်ထွက်ရှိနေတာပါ။ အားနည်းချက် … ကျနော်အခုမော်ဒယ်ကို ပြိုင်ဖက်အနေနဲ့ ထားပြီးပြောတဲ့ Porsche 911 GT3 RS ထက် 675 LTက ဈေးပိုများနေပါတယ်။ ဘယ်လောက်တောင်မှ များလို့ ကျနော်က အားနည်းချက်လို့ ဆိုရတာပါလဲ။ ဒါဆိုရင်တော့ အဖြေကရှင်းပါတယ်၊ နှစ်စီးတစီးစာလောက်ကိုပဲဈေးကကွာနေပါတယ်။ ဒီတချက်ကတော့ 675 LT ကိုသေချာပေါက် လူကြိုက်နည်းသွားစေနိုင်တာပါ။ နောက်တချက်ကတော့ GT မော်ဒယ်တခုအနေနဲ့ နောက်ဖက် Wing ကိုအထောင်ပုံစံနဲ့ ကြည့်လှပေမယ့် အခုတည်ဆောက်ပုံအရ 675 LTရဲ့ နောက်ဖက် Wing ကပုံမှန် Sport မော်ဒယ်တွေလို ဖြစ်နေတာတခုက ဒီဇိုင်းပိုင်းရိုးရှင်းချင်နေပါတယ်။ ကိုယ်ထည်ပိုင်း … မော်ဒယ်ရဲ့ကိုယ်ထည်ပိုင်းက အင်ဂျင်စနစ်ကိုပါ နည်းနည်းသေးထားတာကြောင့် ပြိုင်ဖက်တွေထက် ပေါ့ပါတယ်။ ၁၄၀၃ ကီလိုဂရမ်ပဲလေးမှာဖြစ်ပြီးတော့ ကိုယ်ထည်က အလျားက ၄.၅၄ မီတာရှိပြီး မျက်နှာစာအကျယ် ၂.၀၉ မီတာနဲ့ အမြင့်က ၁.၁၈ မီတာပဲရှိမှာဖြစ်ပါတယ်။ Suspension စနစ်အတွက် Double Wishbones ကို ပင်မအထိုင်ချထားပြီး Coil Springနဲ့ Interlinked Adaptive Damperတွေကို အကူပုံစံ ထည့်ထားပါတယ်။ ဘီးတွေက ရှေ့ဖက် ၁၉ လက်မနဲ့ နောက်ဖက် လက်မ ၂၀ အရွယ်တွေ ဖြစ်ပြီးတော့ မော်ဒယ်အတွက် အကောင်းဆုံးတာယာကတော့ Pirelli တံဆိပ် P Zero Trofeo R အမျိုးအစားဖြစ်ပါတယ်။ ဒီနေရာမှာ 675 LTရဲ့ အားသာချက်ကတော့ နယ်လမ်းလိုလမ်းချောမဟုတ်တဲ့ လမ်းကြောင်းတွေထိအောင် အဆင်ပြေမောင်းနှင်နိုင်တာ ဖြစ်ပြီးလမ်းကြမ်းပိုင်းတော့ မရပါဘူးနော်။ အင်ဂျင်ပိုင်း … မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၉ လီတာသုံး Twin-turbo စနစ်ပါရှိတဲ့ ဓါတ်ဆီသုံး V8 အင်ဂျင် စနစ် ဖြစ်ပြီးတော့ အင်ဂျင်အလယ်ထိုင်စနစ် ဖြစ်ပါတယ်နော်။ ဒီလိုအလယ်ထိုင်စနစ်ရဲ့ အားသာချက်ကတော့ မော်ဒယ်ရဲ့ကိုယ်ထည်ပိုင်းအလေးချိန် အချိုးကျမှု အားကောင်းသွားတာဖြစ်ပြီးရလဒ်ကတော့ အမြန်နှုန်း မြှင့်တင်နိုင်မှုတိုးတက်လာစေတာပါ။ ဒါကြောင့်လည်း နောက်ဖက် အင်ဂျင်ထိုင်စနစ်နဲ့ Porsche ရဲ့ မော်ဒယ်ထက် မြန်နှုန်းမြှင့်တင်နိုင်မှု အားကောင်းသွားတာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ ရုန်းအားကတော့ ၅၁၆ ပေါင်-ပေထိအောင် ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၆၆၆ ကောင်အားထိအောင် ရှိမှာ ဖြစ်ပါတယ်။ မောင်းနှင်နိုင်မှု … မော်ဒယ်ရဲ့ ဂီယာချက်စနစ်က Dual-clutch စနစ်ကို Auto ပုံစံနဲ့ သွားတာဖြစ်ပြီး ဂီယာချက် ၇ချက်ထိအောင် အသုံးပြုမောင်းနှင်နိုင်မှာပါ။ မော်ဒယ်ရဲ့အမြန်နှုန်း မြှင့်တင်နိုင်မှုကိုတော့ အထက်မှာပြောခဲ့ပြီးပါပြီနော်။ မော်ဒယ်ရဲ့အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကလည်း အင်ဂျင်လည်ပတ်အား တမိနစ်ကို အပတ်ရေ ၇၁၀၀ ထိ ရှိတာကြောင့် တနာရီကို ၂၀၅ မိုင်ထိ မောင်းနှင်နိုင်တာပါ။ ဒါက Supercar တွေရဲ့ စွမ်းဆောင်ရည် လောက်ကိုပဲ ရောက်ရှိသွားတာဖြစ်သလို ဆီစားနှုန်းအပိုင်းမှာလည်း အင်ဂျင်စနစ်ကို သေးထားတာကြောင့် အပါအ၀င် Twin-turbo စနစ်ကြောင့် စွမ်းအင်ထွက်ရှိမှု အားကောင်းသွားပြီး ဆီတဂါလံကို ပျမ်းမျှ ၂၄.၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ သုံးသပ်ချက် … ကျနော်တို့အတွက် မော်ဒယ်က ဘယ်လောက်ထိအောင် ဆန်းသစ်မှု ပေးနိုင်ပါသလဲ။ ကျနော့်စိတ်ထဲမှာတော့ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ အခုလိုဆွဲဆောင်ရည်ကောင်းတဲ့ မော်ဒယ်မျိုးလက်ချိုးရေလို့ ရလောက်အောင် နည်းတယ်လို့ထင်မိပါတယ်။ အော် .. ဒါနဲ့ ပြောစရာတချက် ကျန်နေသေးတာက 675 LT ရဲ့ ပင်ကိုယ် Styleတခုပါ။ အဲဒါကတော့ ပုံမှန်အနေနဲ့ ဆိုရင် မော်ဒယ်ကို အစိမ်းရောင်တမျိုးတည်းရနိုင်မှာ ဖြစ်ပြီး အထူးမှာယူမှ စိတ်ကြိုက် အရောင် ရနိုင်မယ် ဆိုတာပါပဲ။ ဒါကLambroghiniဆိုရင် အ၀ါရောင်မော်ဒယ်တွေ၊ Ferrari ဆိုရင် အနီရောင်မော်ဒယ်တွေ စသဖြင့် ပင်ကိုယ် Style ခွဲထွက်သလို အခုအစိမ်းရောင်ကလည်း 675 LTရဲ့ မူပိုင်ပေါ့ဗျာ။ ဒါဆိုရင် ဈေးနှုန်းတခုပဲ ကျနော်တို့အတွက် အဟန့်အတား ဖြစ်နေစေတာပေါ့နော်။ ကျန်တာအားလုံး လက်ခံနိုင်တယ်ဆိုတာထက်ကျော်ပြီးစိတ်ကြိုက် ဖြစ်စရာတွေချည်းပါပဲ။ လင်းထက်(IA) | ||||||||||
| “အမြဲတမ်း ကြိုးစားနေမှ တန်ကာကျမယ်” Posted: 14 Dec 2015 09:00 PM PST အမည် - ခိုင်ဇာသွယ် အသက် - ၁၉နှစ် (Second year MCC Training Institute) ကျောင်းက MCC Training Institute မှာ တက်ပါတယ်။ Second year ပြီးသွားပြီ။ Third year တက်ဖို့ စောင့်နေတာ။ သင်တာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် တက်တာက BIT ဆိုတဲ့ Course ပေါ့။ သူက ၃ နှစ်တက်ရတယ်။ ပြီးရင်တော့ Advance Diploma ပေးမှာပါ။ ဘာကို အဓိကထားပြီး သင်လဲဆိုတော့ Computer programming ပြီးတော့ Web developing ပိုင်းပေါ့။ Third year ကိုတော့ အလုပ်နဲ့တွဲ လုပ်ဖြစ်မှာပါ။ ဒီမှာတက်ဖြစ်ဖို့လည်း မသေချာဘူး။ စင်ကာပူလိုနေရာမျိုးမှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားထားတယ်။ အစီအစဉ်တော့ မဆွဲရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကြားထဲမှာ တနှစ်လောက်နားပြီး အလုပ်လုပ်ဦးမလို့။ Work experience ရှိဖို့လိုတယ်လေ။ ကျောင်းပြီးသွားရင်လည်း IT field ထဲမှာပဲ Programmer အဖြစ်နဲ့ ဆက်နေသွားမှာပါ။ ငယ်ငယ်တည်းက ဝါသနာပါတာလားဆိုတော့ ၈ တန်းနှစ်လောက် ကတည်းကပေါ့။ ငယ်ငယ်တုန်းကတော့ ဆရာဝန်ဖြစ်ချင်တာ။ ဒါပေမယ့် ကျောင်းမှာဆရာမက စာစီစာကုံးတပုဒ်ရေးခိုင်းတယ်။ "ပိုမိုကောင်းမွန်သောဘဝကို ဦးတည်နိုင်မည့် သိက္ခာရှိသည့် လုပ်ငန်း" ဆိုတဲ့ခေါင်းစဉ်နဲ့။ ပေးစာသဘောမျိုးရေးခိုင်းတယ်။ အဲဒီမှာ ဆရာမကဆရာဝန်လို၊ အင်ဂျင်နီယာလိုလူတိုင်းသိပြီးသား အသက်မွေးဝမ်းကြောင်းလုပ်ငန်းထက်စာရင် လူသိပ်မသိသေးပဲ သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် လုပ်ငန်းမျိုးကိုရွေးပါလို့ပြောတယ်။ အဲဒီမှာအိမ်ကလည်း Computing နဲ့ ပတ်သက်တာကို ရေးဖို့အားပေးတယ်။ အဲ့တုန်းကတော့ ၂၀၀၈ လောက်ဆိုတော့ အိုင်တီအကြောင်းက သိတဲ့လူတွေသိပေမယ့် အလယ်တန်းကျောင်းသားတယောက်အနေနဲ့က သိပ်မလွယ်ဘူးလေ။ Cyber café တွေလည်း ခေတ်မစားသေးဘူး။ အင်တာနက်ဆိုတာလည်း ဘာမှန်းမသိသေးတော့ အဲဒီအပိုင်းကို နားလည်အောင် အရင်လေ့လာရပါတယ်။ စာတွေလည်း ဖတ်ရတာပေါ့နော်။ ဒီလိုနဲ့ ပေးစာပုံစံ စာစီစာကုံးတပုဒ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ တိတိကျကျ ဝါသနာပါသွားတာပေါ့။ စာစီစာကုံးမှာလည်း ဆုရခဲ့ပါတယ်။ ပရဟိတလည်းလုပ်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့ထားပါတယ်။ အဓိကလုပ်တာကတော့ မိဘမဲ့ ကလေးငယ်တွေအတွက်ပါ။ ပါတဲ့သူတွေအားလုံး ပိုက်ဆံထည့်ရပါတယ်။ ဝါသနာကတော့ Computer game တွေဆော့တယ်။ Chess ထိုးတာဝါသနာပါတယ်။ ကစားတာမဟုတ်ဘဲနဲ့ဆိုရင်တော့ စာဖတ်တာပေါ့နော်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ ဘာသာပြန် စာအုပ်တွေဖတ်တယ်။ ဆရာကြီးရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ သွေးစုပ်မြေကို ကြိုက်တယ်။ ဘာသာပြန်ဆုရထားတာပေါ့။ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေမှုဘဝကို ပုံဖော်ပြီးရေးထားတာပါ။ နောက်ပြီးဆရာကြီးဒဂုန်ရွှေမျှားဆိုရင် ဆော်လမွန်ရတနာသိုက်ဆိုတဲ့ စာအုပ်ကို ကြိုက်တယ်။ ဘဝကို ခံယူချက်က အမြဲတမ်းကြိုးစားနေမှ တန်ကာကျမယ်ပေါ့နော်။ တခုခုအခက်အခဲ ကြုံလာလို့ မဖြစ်တော့ပါဘူးဆိုပြီး ထိုင်နေလိုက်ရင် ဖြစ်မှာမဟုတ်ဖူးလေ။ ဥပမာလမ်းတခုက ဆုံးသွားပြီ၊ ဒါပေမယ့် နောက်မှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရှိနေမယ်ဆိုရင် ရောက်အောင် သွားရတော့မယ်လေ။ အဲဒီတော့ တဖက်ဖက်က ကွေ့ပြီးသွားရမလား၊ ဒါမှမဟုတ် ဘယ်လိုသွားရမလဲလို့ နည်းလမ်းရှာရတော့မယ်။ ကွေ့ကောက်ပြီး သွားရတဲ့အတွက် နည်းနည်းတော့ ကြာမှာပေါ့နော်။ ဒါမှလည်း ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာလေ။ အဲဒါကြောင့် ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာပဲ။ ရည်မှန်းချက်က ကိုယ်တိုင် ကိုယ်ပိုင် အလုပ်လုပ်ချင်တာ။ Programmer ကို တသက်လုံးမလုပ်ပါဘူး။ ကိုယ်ပိုင်အလုပ်လုပ်နိုင်တဲ့တနေ့ကျရင် Programming ကတော့ ဝါသနာတခုအနေနဲ့ ဆက်လုပ်သွားမှာပါ။ ဘာလို့မလုပ်တာလဲဆိုတော့ Programmer ဆိုတာသူများအလုပ်ကို လုပ်ရတာလေ။ ကိုယ်တိုင် ပိုက်ဆံ စိုက်ထုတ်၊ ကိုယ်တိုင်လုပ် ကိုယ်တိုင် စီစဉ်ရတာမျိုးကို ကြိုက်တာ။ အဲဒီတော့ ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်ဖို့က ရည်မှန်းချက်ပါ။ လူငယ်တွေအပေါ် မြင်တာကတော့ ပျင်းတာပေါ့။ တော်တော်များများ ဘယ်သူ့ပဲ ကြည့်ကြည့် ဖုန်းပွတ်နေတာချည်းပဲလေ။ ကိုယ်လည်းအဲဒီလိုပါပဲ။ ပြီးတော့ နားကျပ်တတ်ပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး ဒီ Virtual world ကြီးထဲမှာပဲအချိန် တော်တော်များများက ကုန်ဆုံးနေကြတယ်။ အဓိကက Time management အားနည်းတာပေါ့။ Time management သေချာလုပ်နိုင်တဲ့ သူတွေကတော့ အောင်မြင်သွားကြတယ်။ ပြောချင်တာကတော့ ကိုယ်ကိုယ်တိုင် Game ကစားတာ လျှော့ရမယ်ပေါ့နော်။ အဲဒီအချိန်တွေအစား ကိုယ့်ဘဝအတွက် ကြိုးစားဖို့ပေါ့။ ကစားတဲ့အချိန်တွေကို လုံးဝလျော့ခိုင်းတာတော့ မဟုတ်ဖူးလေ။ စိတ်အပန်းဖြေတဲ့ အချိန်ကိုလုံးဝလျော့ချလိုက်ရင် Stress တွေဝင်လာမှာပဲ။ အဲဒါကြောင့် မလိုအပ်ဘဲ ပိုယူထားတဲ့ ကစားချိန်တွေကို လျှော့ချဖို့ပြောတာပါ။ ဥပမာ- ခါတိုင်း ၅ နာရီကစားရင် နာရီဝက်လောက် လျော့ပြီးကစားတာမျိုးပေါ့။ နောက်ပို်င်းမှာတဖြည်းဖြည်းချင်းလျှော့ချတာမျိုးပါ။ ကြာလာရင်တော့ ကျင့်သားရသွားမှာပေါ့။ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကမဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိဘူး။ ထက်ဦးဝေ |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |













































































0 comments:
Post a Comment