The Irrawaddy's Blog |
- စိုင်းစိုင်းခမ်းလှိုင် ဘာလို့ လူပျိုကြီးဖြစ်နေတာလဲ
- ၀ိုင်နီတနေ့တခွက် သောက်ခြင်းရဲ့ကောင်းကျိုး
- Mercedes-Benz GLC 250 နဲ့ BMW X5 M
- ဂျပန်ရိုးရာယဉ်ကျေးမှု၊ အစားအစာများနဲ့ အကအလှများကို လေ့လာခွင့်ရမယ့် “ဂျပန်ပွဲတော် ၂၀၁၅”
| စိုင်းစိုင်းခမ်းလှိုင် ဘာလို့ လူပျိုကြီးဖြစ်နေတာလဲ Posted: 03 Dec 2015 11:22 PM PST
အနုပညာလောကမှာ အခုအချိန်အထိ အချိန်အတော်ကြာမြင့်စွာ ရပ်တည်နေနိုင်နေဆဲဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် တောင်ကြီးသား စိုင်းစိုင်းခမ်းလှိုင်တယောက် သူနဲ့ အပေါင်းအပါတွေထဲက တယောက်ပြီးတယောက် သာယာတဲ့ အိမ်ထောင်ရေးတွေကို တည်ထောင်သွားကြပေမယ့် သူကတော့ အခုထက်ထိ တကိုယ်တည်းလူပျိုကြီးဖြစ်နေတုန်းပါပဲ။ အဲ့ဒီလို လူပျိုကြီးဘ၀မှာပဲ ကျေနပ်နေဆဲဖြစ်နေတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကို မီဒီယာပေါင်းများစွာ ကလည်း ၀ါကျွတ်ပြီဆိုတာနဲ့ လာလာခလုတ်တိုက်မေးမြန်းခဲ့ကြတယ်ဆိုပေမယ့် သူကတော့ တနှစ်နဲ့တနှစ် ဒီအဖြေထဲကကို ထွက်မလာပါဘူး။ သူဘာကြောင့် လူပျိုကြီးဘ၀မှာပဲ ကျေနပ်ပျော်ရွှင်နေရတာလဲ။ သာယာတဲ့ မိသားစု အိမ်ထောင်ရေးတခုကို သူတည်ထောင်ဖို့ အစီအစဉ်မရှိတော့ဘူးလားဆိုတဲ့ ဧရာဝတီရဲ့အမေးကို သူက "ခိုင်မာတဲ့ Relationship ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ မိသားစု ဘ၀ဆိုတာကို ကျနော် ယုံကြည်တယ်။ အခုထိ ကျနော်တယောက်ထဲ အိမ်ထောင်မပြုဘဲ နေနေသေးတာက အိမ်ထောင်ရေးကို မယုံကြည်လို့ မဟုတ်ဘဲနဲ့ ကျနော်ဘာသာကျနော် ကျနော်ရဲ့ အနုပညာအလုပ်တွေနဲ့ပဲ မျောပါနေလို့ အိမ်ထောင်မပြုဖြစ်သေးတာ ဖြစ်ပါတယ်။ မိသားစုဘ၀ဆိုတာကို မယုံကြည်တာ မဟုတ်ပါဘူး။ ကျနော် မိသားစုဘ၀ဆိုတာကို ရှိသင့်တယ်လို့လည်းထင်တယ်။ ယုံလည်း ယုံကြည်ပါတယ်။ တချိန်ချိန်ကျရင် ကျနော်လည်းသူများနည်းတူ မိသားစုဘ၀တခုကို တည်ဆောက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျနော် အနုပညာကိုပဲ လုပ်ပါဦးမယ်။" လို့ ဆိုပါတယ်။ အဲ့ဒီလို သူတည်ထောင်မယ့် မိသားစုဘ၀ကို သူ့ရဲ့စိတ်ခံစားချက်အတိုင်းပဲ လုပ်သွားမှာပါလို့လည်း ထပ်မံပြောဆိုသွားပါတယ်။ | ||||||||||||
| ၀ိုင်နီတနေ့တခွက် သောက်ခြင်းရဲ့ကောင်းကျိုး Posted: 03 Dec 2015 10:45 PM PST
ဝိုင်နီကိုနေ့စဉ် တနေ့တခွက် သောက်ခြင်းကြောင့် ကောင်းကျိုးတွေ ခံစားရနိုင်တယ်လို့ လေ့လာသူ တွေကဆိုပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်တခုကတော့ ဝိုင်နီထဲမှာ Antioidant ဆိုတဲ့ ဓာတ်တမျိုးပါဝင်တယ်လို့ သိရပါတယ်။ Antioidant ပါဝင်တဲ့အတွက် ဝိုင်နီ၊ Green Tea နဲ့ သံလွင်ဆီတို့ဟာ ရင်သားကင်ဆာဖြစ်ခြင်းက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ Antioidant ဟာ ပတ်ဝန်း ကျင်ကြောင့် (ဥပမာ - ဆေးလိပ်ငွေ့၊ ကာဗွန်ငွေ့) တွေကြောင့် ရတတ်တဲ့ ရောက်ဂါကိုခုခံပေးပါတယ်။ | ||||||||||||
| Mercedes-Benz GLC 250 နဲ့ BMW X5 M Posted: 03 Dec 2015 02:17 AM PST ဒီတစ်ပတ်အတွက်တော့ ကျွန်တော်က ပြိုင်ဖက်ကောင်းတွေကို ရွေးထားပါတယ်နော်။ ကမ္ဘာ့ကားလောကရဲ့ ဆရာကြီးတွေဖြစ်တဲ့ ဂျာမနီအခြေစိုက် ကုမ္ပဏီကြီးနှစ်ခုရဲ့ အကောင်းဆုံး လူကြိုက်များနေတဲ့ မော်ဒယ်နှစ်ခုပါ။ ဒီမော်ဒယ်တွေမှာ ဘာတွေထူးခြားချက် ရှိနေပါသလဲ။ အသေးစိပ်ကိုတော့ ကျွန်တော် အောက်ဖက်မှာ ဆက်ပြောပါ့မယ်နော်။ အရင်ဆုံး မော်ဒယ်တွေရဲ့ ဆန်းသစ်မှုတွေကို နည်းနည်းလောက် ပြောပြချင်ပါ တယ်။ ဒါမှလည်း စာဖတ်သူတို့ ဇာတ်ရည်လည်မှာ ဖြစ်လို့ပါ။ ပုံမှန်ဆိုရင် Mercedes ရဲ့ မော်ဒယ်က ဇိမ်ခံ တန်းဝင် မော်ဒယ်ပါ။ SUV တန်းဝင် ဆိုတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ကောင်းမယ် ဆိုရင် ဈေးကွက်မှာ ပြိုင်ဖက်တွေကို အသာရနိုင်ချေ ပိုမယ်ဆိုပြီး အခုနှစ် မော်ဒယ်မှာမှ Mercedesကနေ လမ်းကြမ်းပိုင်းပါ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဇိမ်ခံ မော်ဒယ် အနေနဲ့ မိတ်ဆက်လာတာပါ။ နောက်ထပ် BMW ရဲ့ မော်ဒယ်ကို ကြည့်တော့ ပုံမှန်ဆိုရင် X5 အနေနဲ့ ဈေးကွက်မှာ လူကြိုက်များနေပြီး ဖြစ်တာကိုမှ သူက မြန်နှုန်းမြင့် မောင်းနှင်နိုင်မှု အားကောင်းအောင် M တန်းဝင် အနေနဲ့ပါ ဖန်တီးလာပြီး စွမ်းဆောင်ရည်မြင့် ဇိမ်ခံအနေနဲ့ ထွက်ရှိလာတာပါ။ ဒါဆိုရင် မော်ဒယ် နှစ်ခုရဲ့ အားသာချက်ကိုယ်စီကို သိလောက်ပြီ ထင်ပါရဲ့နော်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်လိုက်ရအောင်ပါ။
အားသာချက် … X5 နဲ့ ပတ်သတ်လို့ ပထမဆုံး ပြောချင်တာကတော့ တန်းတူပြိုင်ဖက် မော်ဒယ်တွေထက် ကိုယ်ထည် ကြီးမားတာကြောင့် အတွင်းခန်းကျယ်ဝန်းပြီး သက်တောင့်သက်သာ လိုက်ပါ စီးနင်းနိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ M တန်းဝင် မော်ဒယ်လည်း ဖြစ်နေတာကြောင့် စွမ်းဆောင်ရည် အထူးမြင့်မား ကောင်း မွန်တာပဲဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေစိတ်ကြိုက်ဖြစ်ပါတယ်။ နောက်တစ်ချက်က မော်ဒယ်ရဲ့လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအရှိဆုံး မော်ဒယ်တစ်ခု ဖြစ်သလို မြန်နှုန်းမြင့်မောင်းနှင်မှုတွေအတွက်ပါ စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ GLC 250 မှာတော့ မော်ဒယ်ရဲ့ သိသာတဲ့ ရုပ်ထွက်ပိုင်းက ပြိုင်ဖက်တွေထက် ပေါ်လွင်စေမှာပါ။ Mercedes ကနေပဲ ထုတ်လုပ်တဲ့တခြား SUV တွေနဲ့လည်း ရုပ်ထွက်ချင်းကွဲပြားတာ တွေ့ရပါတယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ရဲ့ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ဖြစ်တဲ့ ယုံကြည်စိတ်ချရမှု မြင့်မားကောင်းမွန်တာလည်း တွေ့ရသလို အသက်ကယ်စနစ်တွေ အဆင့်မြင့်လှပါတယ်။ နောက်ပြီး ဇိမ်ခံအနေနဲ့ ဖြစ်လို့ စီးနင်းရတာ သက်တောင့်သက်သာ ရှိတယ်၊ အတွင်းခန်း ကျယ်ဝန်းတာကြောင့် ခရီးဝေး မောင်းနှင်စီးနင်မှု အတွက်ပါ အဆင်ပြေစေနိုင်တာ တွေ့ရပါတယ်။
အားနည်းချက် … X5 Mမှာပါရှိတဲ့ Drive Mode စနစ်တွေက Sport မော်ဒယ် မဟုတ်ပေမယ့် Mode တွေ များနေတာတစ်ချက်ကို သိပ်ပြီး သဘောမကျမိပါဘူး။ နောက်တစ်ချက်က လက်ကိုင်ပိုင်းစနစ်မှာ အားကောင်းတယ် တည်ငြိမ်တယ်လို့ ဆိုခဲ့ပေမယ့် လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှုအပိုင်း တစ်နည်းပြောရရင် လက်ကိုင်ဘီးက မပြေပြစ် ချင်သလို ခံစားမိတာပါပဲ။ နောက်ဆုံးပြောချင်တဲ့ အားနည်းချက်ကတော့ ကိုယ်ထည်ပိုင်း ကြီးမားအောင် ဖန်တီးထားတာ မှန်ပေမယ့် Sport ဆန်အောင် ကိုယ်ထည်ကို နှိမ့်ပြီး ဖန်တီးထားတာမျိုး မတွေ့ရပဲ ပုံမှန်ထက် နည်းနည်း မြင့်နေသေးသလို ဖြစ်နေတာ တစ်ခုက ရုပ်ထွက်ပိုင်း ဆွဲဆောင်မှုများ အားနည်းသွားစေမလားပါ။ အင်ဂျင်စနစ်အပိုင်းမှာ 220d အနေနဲ့ ထုတ်လုပ်ထားတဲ့မော်ဒယ်တွေက အခု 250d နဲ့ အရွယ်တူပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းတွေ သိပ်ပြီးတော့ အားမရချင်ပါဘူး။ ဂီယာချက် အပိုင်းမှာက ဥရောပ ဈေးကွက်အတွက် အဓိက ရည်ရွယ်ပြီး ထွက်ရှိလာတာ ဖြစ်လို့ Auto စနစ်နဲ့ ဂီယာချက် ၉ ချက် သုံးနိုင်အောင် ဖန်တီးထားပေမယ့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ရရှိအောင် ဖန်တီးထားတဲ့ မော်ဒယ်အနေနဲ့ ဂီယာချက် အရေအတွက် များချင်နေသလို ခံစားမိပါတယ်။
ကိုယ်ထည်ပိုင်း … X5 ရဲ့ ကိုယ်ထည်က သံမဏိကို ဦးစားပေးသုံးထားပြီး monocoque အထိုင်ပုံစံနဲ့ မော်ဒယ်ကို အောက်ဖက် အထိုင်ချထားပြီး မော်ဒယ်က အလေးချိန် ၂၃၅၀ ကီလိုဂရမ်ရှိမှာပါ။ စိတ်ကြိုက်အဖြစ်ဆုံးကတော့ ၂၁ လက်မ ဘီးတွေနဲ့ ဖြစ်ပြီးတော့ Suspension ပိုင်းမှာတော့ ရှေ့ဖက်မှာ Double wishbone ကို ပင်မအနေနဲ့ ထိုင်ထားပြီး Coil-spring နဲ့ anti-roll bar တွေ ကူထားပါတယ်။ နောက်ဖက်ကတော့ Multi-linkကို တွေ့ရပြီး Air Spring တွေကို ထပ်ကူထားတာ ဖြစ်ပါတယ်။ အတွင်းခန်း တည်ဆောက်ပုံ ကောင်းမွန်ပြီးတော့ တတိယ ဂီယာချက်နဲ့ အင်ဂျင်ရဲ့ လည်ပတ်အားကို အမြင့်ဆုံး တင်ပြီး မောင်းမယ် ဆိုရင် အင်ဂျင်သံ အကျယ်ဆုံး ထွက်လာမယ့် အချိန်မှာတောင် အတွင်းခန်းဆီကို ဆူညံသံ ၇၅ dB ထိအောင်ပဲ သက်ရောက်စေမယ့် တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်စရာပါ။ 250 မှာတော့ C-Class မော်ဒယ်တွေနဲ့ တူညီတဲ့ Platform ပိုင်း တည်ဆောက်မှုကို တွေ့ရပြီး ထူးခြားသွားတာက အတွင်းခန်း ကျယ်ဝန်းအောင် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ၃၃ မီလီမီတာ ပိုပြီး ချဲ့ထားတာပဲ ဖြစ်ပါတယ်။ ကားရဲ့ အလျားက ၄.၆၅၆ မီတာ၊ မျက်နှာစာ အကျယ်က ၁.၈၉၀ မီတာနဲ့ အမြင့်က ၁.၆၃၉မီတာပဲ ရှိမှာ ဖြစ်ပါတယ်။ အနေတော် အရွယ်အစား SUV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ ကားက ၁၇၇၀ ကီလို ဂရမ်ပဲအလေးချိန်ရှိမှာလည်း ဖြစ်ပါတယ်။ ဒါဟာ GLK လို အကြမ်းခံ မော်ဒယ်တွေထက် ၈၀ ကီလို ဂရမ် ပိုမိုပေါ့ပါးအောင် ဖန်တီးထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါဟာရှေ့ဖက် Wing၊ စက်ဖုံးနဲ့ အမိုးတွေကို အလူမီနီယမ်နဲ့ ဖန်တီးလိုက်နိုင်လို့လည်း ဖြစ်ပါတယ်။
အင်ဂျင်ပိုင်း … X5 M မှာ ရှေ့ဖက်အင်ဂျင်အထိုင်နဲ့ twin-turbo စနစ်ကို ထည့်သွင်းထားတဲ့ ဓါတ်ဆီသုံး ၄.၄ လီတာအရွယ် V8 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။ ဒီအင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၂၀၀ မှာတင် ရုန်းအား ၅၅၃ ပေါင်-ပေထိအောင် ထုတ်ပေးနိုင်ပြီးတော့ စွမ်းအင်ကတော့ မြင်းကောင်ရေ ၅၆၇ ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ် အပတ်ရေ ၆၅၀၀ ထိအောင်ပဲဖြစ်ပြီး ကားရဲ့ အလေးချိန် တစ်တန် အပေါ်မှာ သက်ရောက် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၂၄၁ ကောင်အားထိအောင် ရှိနေတာ ဖြစ်ပါတယ်။ 250 မော်ဒယ်မှာတော့ ၂.၁ လီတာသုံး Turbodiesel စနစ် ပါရှိတဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀ မှာတင် ရုန်းအား ၃၆၉ပေါင်-ပေထိအောင် ရှိလာမှာပါ။ ဒါကြောင့်လည်း ရုန်းကန်နိုင်မှု အပိုင်းမှာရော အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာပါ အားကောင်းသွားစေတာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကလည်း မြင်းကောင်ရေ ၂၀၁ ကောင်း ဖြစ်လို့ အရမ်းမနည်းလှပါဘူး။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၃၈၀၀ ထိအောင်ပဲဖြစ်ပြီး ဆီစားနှုန်း နည်းအောင် လည်ပတ်အားကို လျော့ချထားပုံ ရပါတယ်။
မောင်းနှင်နိုင်မှု … X5 M အနေနဲ့ လေးဘီးယက်စနစ်နဲ့ ဖန်တီးထားတာဖြစ်ပြီးတော့ သူက Transmssion ပိုင်းမှာဆိုရင် ဂီယာချက် ၈ချက်ကို Auto စနစ်နဲ့ မောင်းနိုင်မှာပါ။ အင်ဂျင်က အရွယ်အလတ်တန်းစား ဖြစ်ပြီး လည်ပတ်အားပိုင်းမှာ နည်းနည်းများတာကြောင့် ဆီစားအပိုင်းမှာတော့ ဒီလောက်ကြီး မကောင်းလှပဲ ပျမ်းမျှ ဆီတစ်ဂါလံကို ၂၅.၄ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ တပ်ဆင် ဆီတိုင်ကီကတော့ ၈၅ လီတာ ဆံ့ဝင်ပြီး တစ်ဆက်တည်း မောင်းနှင်နိုင်မှုကတော့ ၃၉၇ မိုင်ပဲ ဖြစ်ပါတယ်။ တစ်နာရီမိုင် ၆၀နှုန်းကို အချိန် ၄.၂ စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်တဲ့ မော်ဒယ်က ပြိုင်ဖက် မော်ဒယ်တွေထဲမှာ အမြန်ဆုံးနှုန်းပါ။ GLC 250 ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှုကို ကြည့်မယ်ဆိုရင် တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းအတွက် အချိန် ၈.၃ စက္ကန့်ထိအောင်ပဲ ယူတာဖြစ်လို့ တန်းတူ မော်ဒယ်တွေနဲ့စာရင် မဆိုးပါဘူး။ မော်ဒယ်က အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်း ချထားပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းလည်း တစ်နာရီ ၁၃၁ မိုင်နှုန်းထိအောင် ရမယ် ဆိုတော့ မဆိုးပါဘူး။ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်းမှာတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၅၇ မိုင် နီးပါး လောက်ထိအောင် မောင်းနှင်နိုင်မယ့် အနေအထားက ပြိုင်ဖက်တွေကို နောက်ကောက်ချထားနိုင်မယ့် အချက်ပါပဲနော်။
သုံးသပ်ချက် … ဒါဆိုရင်တော့ ကျွန်တော်တို့ အဖြေထွက်လာပါပြီနော်။ မော်ဒယ် နှစ်ခုလုံးက ဇိမ်ခံတန်းဝင်တွေ ဖြစ်တယ်၊ နည်းပညာ မြင့်မားကောင်းမွန်တယ်၊ စိတ်ချယုံကြည်ရမှု အပြည့်ရှိတယ်၊ ဒါဆိုရင် နောက်ထပ် စွမ်းဆောင်ရည်တွေကို ကြည့်ရမယ်၊ X5 M က မြန်တယ်၊ မြို့တွင်းနဲ့ ခရီးဝေး ကောင်းမယ်၊ GLC 250ကတော့ ပြိုင်ဖက်ထက်စာရင် နှေးမယ်၊ ဒါပေမယ့် လမ်းကြမ်းပိုင်း စိတ်ကြိုက်ဖြစ်မယ်၊ ခရီးဝေးလည်း ရမယ်၊ ဒီနေရာမှာ X5 M က ပြိုင်ဖက်ထက် ဆီစားတော့ သိသိသာသာ များနေတာ တစ်ခုက သိပ်မကြိုက်ချင်ပါဘူး။ ဒါပေမယ့် ထိပ်တန်းအဆင့်ရှိတဲ့ စွမ်းဆောင်ရည် တစ်ခုကို လိုချင်ရင်တော့ တစ်ဖက်က ပြန်ပြီး ပေးရမှာပေါ့နော်။ ဒါဆို ကျွန်တော် မပြောပါဘူး။ ကိုယ်တိုင် ရွေးချယ်ပါ။ မြန်တာ လိုချင်တာလား၊ လမ်းကြောင်းစုံ မောင်းနှင်နိုင်တဲ့ မော်ဒယ်မျိုး လိုချင်တာလား။ အဖြေက သင့်လက်ထဲမှာပါ … ။ လင်းထက် (IA) | ||||||||||||
| ဂျပန်ရိုးရာယဉ်ကျေးမှု၊ အစားအစာများနဲ့ အကအလှများကို လေ့လာခွင့်ရမယ့် “ဂျပန်ပွဲတော် ၂၀၁၅” Posted: 02 Dec 2015 11:59 PM PST မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများ အသင်း၊ ရန်ကုန် ဂျပန်လူမျိုး အသင်းတို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ "ဂျပန်ပွဲတော် ၂၀၁၅" ကို ရန်ကုန်မြို့မှာ မကြာခင်ကျင်းပသွားမယ်လို့ ဂျပန်သံရုံးမှ သတင်းရရှိပါတယ်။ "ဂျပန်ပွဲတော် ၂၀၁၅ (Japan Pwe Taw 2015)" ကို ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ မြရိပ်ညိုဟိုတယ်မှာ နေ့လည် ၂ နာရီကနေ ည ၈ နာရီ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်နေ့မှာ ကရာတေးသရုပ်ပြကစားခြင်း၊ ကခုန်ခြင်းများနှင့် ကာရာအိုကေ တေးသီချင်း သီဆို ပြိုင်ပွဲများကို ပြင်ပရှိ စတိတ်စင်မှာ ကျင်းပသွားမှာဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု ရိုးရာဓလေ့ အမျိုးမျိုးကို လက်တွေ့ခံစားနိုင် မယ့် စက္ကူခေါက်ခြင်း၊ ဂျပန်ရိုးရာ စာရေးနည်း၊ ဂျပန်ရိုးရာ လက်ဖက်ရည် သုံးဆောင်ခြင်းတို့ကို ဟိုတယ် အတွင်းပိုင်းရှိ ကောင်တာများမှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ "ပွဲတော် ရည်ရွယ်ချက်အနေနဲ့ ပွဲတော်ထဲမှာ ကျမတို့က ဂျပန်ရိုးရာ ယဉ်ကျေးမှု၊ ဂျပန် အစားအစာ၊ အကအလှတွေနဲ့ ကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့ ဂျပန်ယဉ်ကျေးမှုတွေပါမယ်။ အဲဒါမျိုးတွေကို မြန်မာ လူမျိုးတွေကို မိတ်ဆက်ပေးချင်တာပါ။ နောက်ပြီးတော့ ဂျပန်နဲ့ မြန်မာလူမျိုးကြား ပိုပြီးတော့ ယဉ်ကျေးမှုတွေ ဖလှယ်ဖြစ်မယ်၊ ပိုပြီး ချစ်ကြည်ရင်းနှီးလာမယ်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ" လို့ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများ အသင်းရဲ့ CEO မလှိုင်မိုးမိုးအောင်က ဧရာဝတီကို ပြောပါတယ်။ ပွဲကျင်းပရာ နေရာမှာ ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေနဲ့ ဂျပန်လုပ်ငန်းတွေက ပြခန်းများ ခင်း ကျင်းပြီး စားစရာများ၊ ကုန်ပစ္စည်းများကို ရောင်းချသွားမှာပါ။ ပွဲတော်မှာ ဂျပန်အစားအစာ အမျိုးမျိုးကို တမျိုးလျှင် မြန်မာငွေ ၅၀၀ ကျပ်မှစ၍ ၀ယ်ယူ သုံးဆောင် နိုင်မှာဖြစ် ပြီး ဂျပန်ပွဲတော်တွေမှာ မြင်နေကျ ဂျပန်အစားအစာတွေဖြစ်တဲ့ Takoyaki ရေဘ၀ဲ အစာသွပ်လုံး ၊ Ikayaki ပြည်ကြီးငါးကင်၊ Onigiri ထမင်းဆုပ်၊ ဆူရှီ စတဲ့ ဂျပန်ရိုးရာ အစားအစာ အမျိုးမျိုးကို ရောင်းချသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။ "ဂျပန်ပွဲတော် ၂၀၁၅" က ၀င်ကြေးအခမဲ့ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲ အစီအစဉ်များစွာနဲ့ အတူ ဂီတမိတ်မှ ဂျပန်သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ Yangon Japanese School မှ ကျောင်းသူ၊ ကျောင်းသားများ ဂီတဖြင့်ဖျော်ဖြေခြင်း၊ Yangon Japanese Association မှ Kendo အလှပြ တင်ဆက်ခြင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ Yosakoi Mugen အက တင်ဆက်ခြင်း၊ မြန်မာကရာတေးဒို အသင်းချုပ်မှ ကရာတေးဒို အလှပြ တင်ဆက်ခြင်း၊ Wadaiko ဖြင့် ဖျော်ဖြေခြင်း များစတဲ့ ဖျော်ဖြေမှုများစွာကို ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပွဲတော်အပြီးမှာလည်း ပွဲကို ကြွရောက်လာသူများ အားလုံးစုပေါင်းပြီး ဂျပန်ရိုးရာ အကတမျိုးဖြစ်တဲ့ Bonodori အကကို ကကြမှာ ဖြစ်ပါတယ်။ ယခု ကျင်းပမယ့် "ဂျပန်ပွဲတော်" က မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး နဲ့ ရန်ကုန် ဂျပန်လူမျိုးအသင်းတို့ရဲ့ ပထမဆုံးအကြိမ် စီစဉ်ကျင်းပတဲ့ပွဲတော် ဖြစ်တယ်လို့ သိရပါ တယ်။ ပွဲတော်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ၊ အကြောင်းအရာများကို ဂျပန်သံရုံး (မြန်မာ) ၏ Facebook စာမျက်နှာ Japan Pwe Taw (https://www.facebook.com/Japanpwetaw) ကို Like လုပ်ထားပြီး ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |
















0 comments:
Post a Comment