Related Posts Plugin for WordPress, Blogger...

December 8, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ခေါင်းဆောင်ပြောင်းလဲပြီးအောက်ပိုင်းကမပြောင်းလဲရင်အလကားပဲဆိုတဲ့ မိစန္ဒီက စည်းကမ်းရှိဖို့လည်းလိုတယ်ဟုဆို

Posted: 07 Dec 2015 11:25 PM PST


အဆိုတော် မိစန္ဒီ (ဓာတ်ပုံ - ယုမွန်ကျော်/The Irrawaddy)

လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ ဟစ်ဟော့ပ်အမျိုးသမီးဂီတသမား တဦးရှိပါတယ်။ ဒါ့ထက် မြန်မာနိုင်ငံရဲ့ဟစ်ဟော့ပ်ဂီတလောကမှာ အမျိုးသမီး ဟစ်ဟော့ပ်အဆိုရှင်ဆိုတာ မရှိသလောက် နည်းပါးတယ်လို့လည်းဆိုနိုင်ပါတယ်။ အဲ့ဒီထဲကမှ လက်ရှိမှာလည်း အောင်မြင်နေသောသူ တကိုယ်တော် တေးစီးရီးတွေလည်း ထွက်ရှိထားသူဟာ အဆိုတော် မိစန္ဒီပါ။ မိစန္ဒီဟာ မိုနိုပိုလီနှင့် ပစ်တိုင်း      ထောင်ဆိုတဲ့ တကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါတယ်။

သူ့ရဲ့ အနုပညာလမ်းကြောင်းနဲ့ပတ်သက်လို့ သူဘာတွေ လုပ်နေလဲ၊ သူဘာတွေဆက်လုပ်ဖြစ်နေလဲဆိုတဲ့ အမေးတွေ အဖြေတွေကို ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ အင်တာဗျူးတွေကနေတဆင့် သိသင့်သလောက် သိထားပြီးကြမှာပါ။ အခုတခါမှာတော့ မြန်မာပြည်ရဲ့စည်းကမ်းပိုင်းနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ အမေးကို   မိစန္ဒီ ဒီလို သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

"အဓိက မိစန္ဒိတို့ဆီမှာက အလေ့အကျင်မရှိတာလည်းပါတယ်။ အရင်တုန်းကဆိုရင် မျက်စိပွင့်၊ နားပွင့်မနေခဲ့ရ ဘူးလေ။ နိုင်ငံတကာသွားမယ်ဆိုရင် စည်းကမ်းပေါ့၊ ဥပမာ - အိမ်သာသွားမယ်ဆိုရင်တောင်မှ တန်းစီ  ပြီးမှ သွားရတာ။ ဒီမှာက တန်းစီရမယ်ဆိုတာ မသိဘူးပေါ့နော်။ ကျော်တက်တာတွေရှိတယ်။ ဒါပေမယ့် သူတို့က လုံးဝကိုမသိတာ။ တန်းစီနေကြတာလည်း မသိကြဘူး။အဲ့ဒီလိုမျိုးတွေတော့ ရှိတယ်။ နောက်တခုက တွေ့နေရာမှာ အမှိုက်တွေလျှောက်ပစ်တာမျိုးပေါ့။ ကားမောင်းတာကအစ ကိုယ့်အတ္တကိုကြည့်ပြီးတော့ ကိုယ်အရင်ရောက်ဖို့၊ ကိုယ့်ဖို့ကိုပဲ အရမ်းများလာတယ်။ အဲ့ဒီသေးသေးလေးတွေကို အကုန်လိုက်ပြင် လိုက်မယ်ဆိုရင် အကုန်အဆင်ပြေသွားမယ်လို့ မိစန္ဒီထင်ပါတယ်။" လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြောင်းလဲမှုတွေနဲ့ ကြုံဆုံလာရတော့မယ့် မြန်မာပြည်အရေးနဲ့ပတ်သက်လို့လည်း သူက "ပြောင်းလဲတာက ခေါင်းဆောင်ပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲရင် အလကားပဲလေ။ အောက်ပိုင်းကစပြီး အားလုံး သေသေချာချားလေး စည်းစည်းလုံးလုံနဲ့ ပြောင်းလဲသွားမယ်ဆိုရင် ပြောင်းလဲဖို့ အချိန်ကလည်း တကယ်တန်နေပြီ။ ပြောင်းလည်းပြောင်းလဲနိုင်မယ်လို့ မိစန္ဒီထင်ပါတယ်။ အဓိက လူတဦးချင်းစီ ကောင်းမှ နိုင်ငံကြီးလည်း ကောင်းလာမယ်လို့ မိစန္ဒီ ထင်ပါတယ်။" လို့ လူငယ်ဟစ်ဟော့ပ်အဆိုရှင် မိစန္ဒီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။


ဒီဇင်ဘာမှာခရီးသွားကြမယ်ဆိုရင်

Posted: 07 Dec 2015 09:58 PM PST


ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်(ဓာတ်ပုံများ- ဂျေပိုင်/The Irrawaddy)

အခုဆိုရင် ချိုမြိန်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ Sweet December လထဲကိုရောက်ရှိလာပြန်ပါပြီ။ ဒီ   ဇင်ဘာလဆိုရင် ခရစ်စမတ် အချိန်ကာလ အားလပ်ရက် ရုံးပိတ်ရက်ရှည်၊ ကျောင်းပိတ်ရက်ရှည်ကာလတွေ ဖြစ်တာကြောင့် ခရီးထွက်ရတာ ၀ါသနာပါတဲ့ ခရီးသွား ကိုကို၊ မမတွေ ရက်ရှည်ခရီးသွားဖို့ အစီအစဉ်တွေ ခုကတည်းက ကြိုတင်ပြင်ထားနေကြပါပြီ။


ဒီအချိန်က ခရီးသွားရာသီဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပမှာပါ သွားစရာခရီးစဉ်တွေနဲ့ လည်ပတ်စရာ၊   ဈေးဝယ်စရာနေရာတွေလည်း အစုံအလင်ပါပဲ။ ဒီတပတ် ဧရာဝတီရဲ့ ခေတ်ရေစီးကဏ္ဍကနေ ခရီးသွား ချစ်သူတွေအတွက် ဒီဇင်ဘာလအတွင်းမှာ သွားရောက်လည်ပတ်၊ ဈေးဝယ်ထွက်လို့ ကောင်းမယ့် ပြည်တွင်း၊   ပြည်ပက ခရီးစဉ်နေရာဒေသတချို့ကို ပြောပြပေးချင်ပါတယ်။

ပြင်ဦးလွင် ပွဲကောက်ရေတံခွန်

ဒီဇင်ဘာဆိုရင် ရန်ကုန်မြို့နဲ့ နီးနီးနားနား၊ မန္တလေးမြို့ကနေဆိုရင်လည်း တိုက်ရိုက်သွားလို့ရမယ့် ပြည်ပခရီးစဉ်၊ ထိုင်းနိုင်ငံကိုအလည်သွားပြီး ဘန်ကောက်မှာရှော့ပင်းထွက်မလား၊ ဖူးခတ်မှာ အပန်းဖြေအနားယူမလား၊ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒီအချိန်က ဒီဇင်ဘာဆိုတော့ ဈေးဝယ်ထွက်လို့ အကောင်းဆုံး အချိန်၊ အထူးဈေးနှုန်း Discount ၊ Promotion အစီအစဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဆိုတော့ Shopaholic ကိုကိုမမတွေအကြိုက်ပါပဲ။

ပြင်ဦးလွင် ပိတ်ချင်းမြောင်သဘာဝလိုဏ်ဂူ

ပြည်တွင်းခရီးစဉ်အနေနဲ့ဆိုရင်တော့ ညွှန်းပေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးပွဲတော်တွေထဲက တခုဖြစ်တဲ့ ပန်းပေါင်းစုံပွင့်ရာအေးချမ်းတဲ့ တောင်ပေါ်ဒေသမြို့လေး၊ ပြင်ဦးလွင်မြို့ရဲ့ နာမည်ကျော် "ပန်းပွဲတော်" ကိုညွှန်းဆိုချင်ပါတယ်။ "ပြင်ဦးလွင် ပန်းပွဲတော်" ကိုဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး 

နောက်ထပ် ပြောပြပေးချင်တဲ့ ပြည်တွင်းခရီးစဉ်တခုကတော့ ရန်ကုန်မြို့နဲ့ နီးနီးနားနားသွားလို့ရမယ့် "ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်" ပါ။ ကျိုက်ထီးရိုးဘုရားက ပြည်တွင်းခရီးသည်တွေ သာမက နိုင်ငံခြားခရီးသွား ဧည့်သည်တွေပါ အလာများလို့ ဒီအချိန်ဆိုခရီးသွားများတဲ့ ရာသီပါ။

ကျိုက်ထီးရိုးခရီးစဉ်ကမိသားစုနဲ့အတူ၊ ဒါမှမဟုတ် သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူသွားလို့ ကောင်းတဲ့ခရီးပါ။ တောင်တက်ရင်းဘုရားဖူးမယ်၊ ဘုရားဖူးပြီးရင် ရေတံခွန်သွားပြီးရေဆော့ကစားမယ်။ အေးချမ်းသာယာတဲ့ ရေမြေတောတောင် သဘာဝ အငွေ့အသက်တွေကိုအပြည့်အဝခံစားရမယ့် ခရီးတခုပါ။

ထပ်ပြီးပြောပြပေးချင်တဲ့ ခရီးစဉ်ကတောင်ပေါ်ဒေသခရီးတွေထက် ဒီဇင်ဘာလို ပိတ်ရက်ရှည်မျိုးမှာ အေးအေးလူလူနဲ့ သာသာယာယာအပန်းဖြေအနားယူလိုသူအတွက် ကမ်းခြေခရီးစဉ် Beach Trip တွေနဲ့ မိတ်  ဆက်ပေးချင်ပါသေးတယ်။

ကမ်းခြေဆိုရင် ရန်ကုန်မြို့နဲ့ မနီးမဝေးအလွယ်တကူသွားလာနိုင်တဲ့ ချောင်းသာ၊ ငွေဆောင်ကြိုက်တဲ့ ကမ်းခြေသွားရောက် အပန်းဖြေနိုင်ပါတယ်။ အချိန်ကာလကလည်းဒီဇင်ဘာလ သာသာယာယာပဲမို့လို့ ဒီအချိန်သွားမယ်ဆိုရင် ကောင်းကင်ကြီးကလည်း ပြာပြာ၊ ပင်လယ်ကြီးကလည်းပြာပြာ အရမ်းကို သာယာသာယာနဲ့ ကမ်းခြေမှာ နားနားနေနေအပန်းဖြေနိုင်တဲ့အချိန်ကာလပါ။

ဒီလိုအချိန်ဆို ပင်လယ်ကမ်းခြေဒေသတွေမှာ ခရီးသွားဧည့်သည်တွေ အသွားများတာကြောင့်လည်း       ကမ်းခြေတွေဘက် ခရီးထွက်မယ်ဆိုရင် အခုကတည်းကကိုယ်သွားမယ့်ရက်၊ ကိုယ့်တည်းမယ့် ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင် စီစဉ်ထားဖို့ လိုပါတယ်။

ကဲ… ဒီလောက်ဆိုရင်တော့ ခရီးထွက်ဖို့ စီစဉ်နေတဲ့ ကိုကိုမမတွေနဲ့ ဘယ်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတဲ့ ဘော်ဒါတွေ ဒီနှစ် ဒီဇင်ဘာမှာ ခရီးထွက်မယ့်နေရာကောင်းလေးတွေ အခုဆို စဉ်းစားပြီးလောက် ပြီလို့ ထင်ပါတယ်။ စဉ်းစားပြီးရင်တော့ လက်မနှေးဘဲ အမြန်ဆုံးခရီးကိုစီစဉ်ပြီး အားလပ်ရက်ရှည်မှာ နားနားနေနေအပန်းဖြေရင်း၊ လေ့လာလည်ပတ် ဈေးဝယ်ထွက်လိုက်ကြရအောင်လား။


သီဟတိုး

လူငယ်တွေကိုလူကြီးတွေက ယုံကြည်စေချင်တယ်

Posted: 07 Dec 2015 11:27 PM PST


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy


ကိုအောင်ကိုထက်
အသက် (၂၄) နှစ်
Community Manager (NEX)

ကျနော် အခုလုပ်နေတဲ့ အလုပ်က Social Marketing Manager ပါ။ လက်ရှိ ဒီဘက်မှာတော့ NEX ကုမ္ပဏီမှာ Community Manager Position နဲ့ အလုပ်ဝင်လုပ်နေပါတယ်။

ကျနော် Social Marketing Managing လိုင်းထဲကိုဘယ်လို စရောက်ခဲ့လဲဆိုတော့ စစချင်းမှာ ကျနော် Blog တွေရေးတယ်၊ နောက်ပိုင်း ကျနော်အင်တာနက်မှာ လေ့လာတယ်၊ ပြီးတော့ ကိုအောင်ခမ်း (ရိုးရာလေး) တို့၊ တခြားသူတွေနဲ့ ချိတ်ဆက်မိပြီး ဒီလိုင်းထဲကိုစရောက်လာတာပါ။

၂၀၁၃ ခုနှစ်၊ ၆ လပိုင်းလောက်မှာစပြီး Blog တွေရေးရင်းကနေ အင်တာနက်မှာတောက်လျှောက် လေ့လာတယ်။ Blog တွေရေးခဲ့တာတော့ နည်းပညာ Blog တွေများတယ်။ အဲဒီတုန်းကကျတော့ ဖုန်းတွေသုံးတာအခုလို အရမ်းမများသေးဘူးလေ။ အဲဒီချိန်က Google Play Store က ဒီနိုင်ငံမှာ ဖွင့်မထားပေးတော့ ဆော့ဖ်ဝဲတွေ၊ Application တွေ Download ဆွဲပြီး ကိုယ့် Blog တွေကနေ ပြန် Share ပေးတယ်။ ပြီးတော့ ဖုန်းသုံးပုံသုံးနည်းစတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ဗဟုသုတ ရေးခဲ့တယ်။

စစချင်းကျနော် Blog ရေးတုန်းက ကျနော်ကိုယ်တိုင်လည်း အဲဒီတုန်းကစပြီး လေ့လာနေတဲ့သူဆိုတော့ Blog နာမည်ကို "IT Studier" ဆိုပြီးရေးတယ်။ အဲတုန်းက Blog မှာ စာဖတ်သူ တနေ့ကို တသောင်းကျော် လောက်တော့ ရှိတယ်။ ဒီ Blog ကတော့ ကျနော့် ကိုယ်ပိုင် Blog ပါ။ ကျနော်တို့ အိုင်တီသမားတွေ စုပြီးလုပ်ကြတဲ့ Blog လည်းရှိတယ်၊ အဲဒါက Wingabarkyaw.net ဆိုတဲ့ နည်းပညာ Blog ပေါ့။ အဲဒီ Blog ကတော့ ဝင်ကြည့်တဲ့သူတနေ့ကို တသိန်းကျော်တယ်။

အခုနောက်ပိုင်းကတော့ အင်တာနက်အသုံးပြုသူတွေ Blog ကို သိပ်ပြီးဝင်မကြည့်ကြတော့ဘူး။ Social Media တွေကို ပိုအသုံးပြုလာကြတယ်။ Blog ကိုတော့ မရေးဖြစ်တော့ဘူး၊ Social Media မှာပဲရေးဖြစ်တယ်။ Social Media မှာ ရေးပြီးသမျှကိုတော့ ကျနော်က Blog မှာ ပြန်တင်တယ်။

ကျနော် နည်းပညာလောကထဲကို ဘယ်လိုစရောက်လာလဲဆိုတော့ ကျနော် တက္ကသိုလ် စတက်တော့ ၂၀၀၉ ခုနှစ်မှာ ပထမနှစ် အဝေးသင်တက်ရင်းနဲ့ အလုပ်လုပ်တယ်၊ သင်တန်းတက်တယ်။ အဲဒီကနေစပြီး ၂၀၁၂ ခုနှစ်မှာ "Youth" သင်တန်းကျောင်းကနေ ကျနော် Networking နဲ့ သင်တန်းပြီးတော့ တောက်လျှောက် ဒီနည်းပညာလိုင်းထဲကို ဇောက်ချလုပ်ဖြစ်သွားတာပါ။

အခုလောလောဆယ်မှာတော့ လေ့လာဖြစ်နေတာကတော့ ဒီ Social Marketing ပိုင်းကိုလေ့လာဖြစ်နေတယ်။ အရင်တုန်းကလည်း Website တွေ ဘာတွေလုပ်ခဲ့တော့ Website ရေးတဲ့ အပိုင်းလည်းလေ့လာနေတယ်။ ကိုယ်ပိုင်လည်း Website လုပ်ကြည့်တယ်၊ သူများတွေကိုလည်း လုပ်ပေးဖြစ်တယ်။ နောက်ပိုင်းမှာတော့ Social Media အပိုင်းကို ဆက်ပြီးလေ့လာဖြစ်သွားမှာပါ။

ကျနော် ငယ်ငယ်တုန်းကတော့ စစ်ဗိုလ်ဖြစ်ချင်တာပါ။ ဒါပေမယ့် (၇) တန်းလောက်မှာ ကျောင်းမှာစပြီး ကွန်ပျူတာအခြေခံသင်ရင်း ကွန်ပျူတာကိုစပြီး ထိတွေ့ခဲ့တယ်။ အဲဒီကနေစပြီး နည်းပညာကို ဝါသနာပါလာခဲ့တာပါ။ တခြားဝါသနာပါတာက အားကစားမှာဆိုရင် ကျနော် ဘောလုံးကန်တာ ဝါသနာပါတယ်။ အနုပညာမှာဆိုရင် သီချင်းဆိုရတာ ၀ါသနာပါတယ်။

ကျနော် အခုချိန်မှာတော့ ရည်မှန်းချက်က ကျနော်တတ်ထားတဲ့ ပညာရပ်တခုနဲ့ ကုမ္ပဏီကို ဘယ်လို အကျိုးပြုမလဲဆိုတာမျိုးပေါ့၊ ဝန်ထမ်းကောင်းတယောက်ဖြစ်အောင် အလုပ်လုပ်မယ်။ ပြီးတော့ ဝန်ထမ်း အနေနဲ့ချည်းပဲမဟုတ်ဘူး၊ ကိုယ်ပိုင်လုပ်ငန်းလည်း ထူထောင်နိုင်ဖို့ စိတ်ကူးထားပါတယ်။

ဒီနေ့ခေတ်မှာ ကြိုးစားနေတဲ့ လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် ကောင်းပါတယ်။ လူငယ်တွေ ဆိုတာ နယ်ပယ်ကဏ္ဍ အသီးသီးမှာ ကြိုးစားရင်း ကိုယ်ရပ်တည်နေတဲ့နယ်ပယ်မှာ အောင်မြင်တယ်ဆိုရင် လူတိုင်းကလည်း ကိုယ့်ကိုယုံကြည်လာမယ်။ နိုင်ငံတိုင်းမှာ လူငယ်အင်အားက အများကြီးလိုအပ်တယ်။ လူကြီးတွေအနေနဲ့က ယုံကြည်ချင်တယ်၊ မယုံရဲဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးကျနော်ကမဖြစ်စေချင်ဘူး။

ကျနော်တို့ လူငယ်တွေမှာ ပိုင်ဆိုင်ထားတာက သင်ယူလိုစိတ်နဲ့ လုပ်နိုင်စွမ်းကိုပိုင်ဆိုင်ထားတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေကိုလူကြီးတွေက ယုံကြည်စေချင်တယ်။ ကြိုးစားနေတဲ့ လူငယ်တွေကို ပြောချင်တာ   ကတော့ ပိုကြိုးစားပါ၊ ဆက်ကြိုးစားပါ၊ ရပ်မသွားနဲ့လို့ ပြောချင်ပါတယ်။ ။


သီဟတိုး


စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦးရဲ့ ၈၃ နှစ်မြောက်မွေးနေ့ပွဲ အနုပညာဆည်းဆာဘိုးဘွားရိပ်သာမှာ ပြုလုပ်

Posted: 07 Dec 2015 02:29 AM PST


မွေးနေ့ကိတ်လှီးနေတဲ့ စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦး(ဓာတ်ပုံ - ဟိန်းထက်/The Irrawaddy)


စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာနယ်ပယ်အသီးသီး က အနုပညာရှင်များ တက်ရောက်ခဲ့တဲ့ စာရေးဆရာမကြီး (ဒေါ်)ခင်ဆွေဦး ရဲ့ ၈၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာစံပြကျေးရွာ ပုလဲမြို့သစ် မြရွှေပင် သဒ္ဓမ္မသုခဓမ္မရိပ်သာမှာ ရှိတဲ့ အနုပညာဆည်းဆာဘိုးဘွားရိပ်သာမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။



အဆိုပါပွဲမှာ စာရေးဆရာမကြီး(ဒေါ်)ခင်ဆွေဦးအတွက် အနုပညာရှင်မောင်နှမတွေက ရတုဖတ်ခြင်း၊ တေးထပ်ရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့ပြီး မွေးနေ့ကိတ်မုန့် ခွဲပေးတာလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။




ဝီးလ်ချဲလ်အလှမယ်ပြိုင်ပွဲ အိန္ဒိယမှာ ပြုလုပ်

Posted: 07 Dec 2015 02:06 AM PST




၂၀၁၅ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ ၀ီးလ်ချဲလ်အလှမယ်ပြိုင်ပွဲ(Miss Wheelchair India Beauty Pageant)ကို ပြီးခဲ့တဲ့ စနေ့နေ့က အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီမယ်ပြိုင်ပွဲမှာ ၀ီးလ်ချဲလ်အလှမယ် ၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေလီမြို့မှ အလှမယ် Priya Bhargava က Miss Wheelchair India အလှမယ်ဆုကို ရရှိသွားခဲ့တာပါ။



ဝီးလ်ချဲလ်ကို အသုံးပြုနေရတဲ့ မသန်စွမ်း ပြိုင်ပွဲဝင် အမျိုးသမီးငယ် ၇ ဦးကို ပုံမှာ မြင်တွေ့ရပါလိမ့်မယ်။



ဒီနှစ်မှာ ပြုလုပ်တဲ့ ဒီပြိုင်ပွဲကို ဒေါက်တာ Rajlakshmi SJ က ကြီးမှူးကျင်းပပေးခဲ့တာဖြစ်ပြီး သူဟာ မနှစ်က  ပြိုင်ပွဲမှာ အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ ဒေါက်တာ Rajlakshmi SJ ဟာ ၂၀၀၇ ခုနှစ်လောက်က   လမ်းပေါ်မှာ မတော်တဆမှုတခုဖြစ်ပွားခဲ့ပြီး သူမရဲ့ ခြေထောက်တွေကို ဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။



"အလှတရားဆိုတာ ရုပ်ရည်ရူပကာ၊ အရည်အချင်းတွေနဲ့ပြည့်စုံနေခြင်းအကြောင်းတရား မဟုတ်ပါဘူး။ တကယ့်အတွင်းပိုင်း အလှတရားရဲ့ အကြောင်းအရင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ သိမြင်နားလည်မှု ဥာဏ်ပညာစွမ်းရည် ဆိုတဲ့ အကြောင်းတရားတွေသာဖြစ်ပါတယ်။ သာမာန်လူတွေကဲ့သို့ အရာအားလုံးကို လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရဲ့ ခွန်အားတခုကို စင်တင်ပြသလိုက်ခြင်းပါပဲ" လို့ သူက ဆိုပါ တယ်။




Ref: CCTV news

0 comments:

Post a Comment