Related Posts Plugin for WordPress, Blogger...

July 18, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ပြည်တွင်းမှာနာမည်ကြီးတဲ့ Toyota RAV-4

Posted: 17 Jul 2015 08:00 PM PDT

အခုတစ်ပတ်မှာတော့ ကျွန်တော်က ပြည်တွင်းမှာအစီးများတဲ့ မော်ဒယ်တစ်ခုဖြစ်တဲ့ RAV-4အကြောင်းကို ပြောချင်ပါတယ်။ မော်ဒယ်က ပြည်တွင်းမှာ Compact လို့ခေါ်တဲ့ အရွယ်တော် အနေအထား SUV လောကမှာ နာမည်ကြီးပြီးတော့ ဇိမ်ခံကားတန်းဝင်အနေနဲ့ စီးနင်းကြတာ တွေ့နိုင်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာဈေးကွက် အနေအထားမှာတော့ Crossover အနေနဲ့လည်း ခေါ်သေးပြီးတော့ ဒါဟာ လမ်းကြမ်းမောင်းအနေအထား အတွက်လည်း အဆင်ပြေတယ်လို့ ပြောနိုင်တဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဒါ့အပြင် တချို့ဈေးကွက်တွေမှာလည်း Mini SUV ဆိုပြီး ခေါ်သေးတာတွေ့နိုင်သလို ဒါကတော့  ၁၉၉၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ခေါ်တာလည်း ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ RAV-4 အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

ဂျပန် အခြေစိုက် Toyota ရဲ့ ထုတ်လုပ်မှုမော်ဒယ် ဖြစ်ပြီးတော့ ၁၉၉၄ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် သက်တမ်းအနေအထားအရ တော်တော်လေးကြာနေပြီလို့ ဆိုနိုင်မယ့် မော်ဒယ် ဖြစ်ပေမယ့် အဲဒီလိုသက်တမ်းကြာနေတဲ့ မော်ဒယ်တွေမှာ စိတ်ချရတဲ့အချက်တစ်ချက်ရှိတာကတော့ ထုံးစံပါ။

ဘယ်လိုစိတ်ချရတဲ့ အချက်လဲဆိုရင်တော့ မော်ဒယ်တွေက တစ်ဆင့်နဲ့ တစ်ဆင့်၊ မော်ဒယ် တစ်နှစ်ပြီးတစ်နှစ် ပြင်ဆင် အဆင့်မြှင့်လာတာတွေကြောင့် သက်တမ်း ကြာလာလေလေ မော်ဒယ်က အဖက်ဖက်က ကောင်းမွန်လာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိအောင် မော်ဒယ်က နိုင်ငံတကာ ဈေးကွက်မှာ မျက်နှာပန်းလှပြီး လူကြိုက်များနေတာတွေ့နိုင်တာပါ။ ၂၀၀၅ ခုနှစ်နဲ့ နောက်ပိုင်း ထုတ်လုပ်လာတဲ့ မော်ဒယ် တွေကတော့ Compact SUV လို့ပဲခေါ်ပြီး အင်ဂျင် အရှေ့ဖက်ထိုင်စနစ်နဲ့ မော်ဒယ်ကို ထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။ ရုန်းအားယူစနစ်မှာတော့ ရှေ့ဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာတွေ့ရသလို လေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့နိုင်ပါတယ်။

မော်ဒယ်အနေနဲ့ မှတ်တမ်းဝင်မှု အနေအထားမှာတော့ ဂျပန်ထုတ် ပထမဆုံး Compact SUV မော်ဒယ် အနေနဲ့ ဂျပန်မှာရောဥရောပမှာပါ မိတ်ဆက်နိုင်ခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ ၁၉၉၄ ခုနှစ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာတော့ မြောက်အမေရိက ဈေးကွက်မှာ မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဈေးကွက်မှာ စဦးထိုးဖောက်ရောင်းချတာမို့ နေရာရပြီး လူကြိုက်များသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမော်ဒယ်အနေနဲ့ ဒီဇိုင်းပိုင်း တည်ဆောက်မှုမှာ SUV တစ်စီးမှာရှိရမယ့် အချက်တွေကို အားသာချက်အနေနဲ့ ပြည့်စုံအောင် ဖန်တီးထားတာ တစ်ချက်ကတော့ အားရစရာပါ။ အဆိုပါ အားသာချက် တွေကတော့ အတွင်းခန်း ကျယ်ဝန်းအောင် ဖန်တီးတည်ဆောက်ထားမှု၊ ယာဉ်မောင်းအနေနဲ့ အမြင်ပိုင်းအမြင့် အနေအထားကနေ မြင်နိုင်အောင် ဖန်တီးတည်ဆောက်ထားမှုတွေ အပါအ၀င် လေးဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်အောင် ဖန်တီးထုတ်လုပ်ထားရှိမှုတွေအပြင် ဆီစားနှုန်းသက်သာစွာနဲ့ လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှုတွေ ကောင်းမွန်တယ်ဆိုတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ RAV-4 အနေနဲ့ ဈေးကွက်မှာ ပြိုင်ဖက်အနေနဲ့ Ford Escape မော်ဒယ်နဲ့ Subaru Forester တွေကို အကောင်းဆုံး ပြိုင်ဆိုင်နေရတာတွေ့ရပြီး ကျွန်တော်တို့ ပြည်တွင်းဈေးကွက်မှာတော့ မော်ဒယ်နိမ့် RAV-4 တွေ အများအပြားတွေ့နိုင်နေပါတယ်နော်။ ဒါဟာ Toyota ရဲ့ နာမည်ကျော် မော်ဒယ် FJ Cruiser မော်ဒယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏ နည်းနည်း ကျဉ်းချင်တာတစ်ခုကလွဲလို့ ကောင်းပါတယ်။ မော်ဒယ်အနေနဲ့ကတော့ မျိုးဆက်အနေနဲ့ လေးဆက်ထိအောင် အဆင့်မြှင့် ထုတ်လုပ်ထားတာ တွေ့နိုင်ပြီး အခု ကျွန်တော်တို့ အဲဒီမျိုးဆက်တွေကို လေ့လာ ကြည့်
ရအောင် ပါနော်။


photo - www.autowallpapers.com

ပထမမျိုးဆက် (XA10)

အခုမျိုးဆက်ကိုတော့ ပထမမျိုးဆက်လို့ ဆိုတာထက် XA10 လို့ လူသိများပါတယ်။ ဒါ့အပြင် RAV4 EV လို့လည်းခေါ်ကြသလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 နဲ့ ၁၉၉၇ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 EV မော်ဒယ်တွေကို ခေါ်တာဖြစ်ပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၁၉၉၅ ခုနှစ် မော်ဒယ်အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၂၀၀၀ ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ စက်ရုံတွေမှာပဲ တပ်ဆင်ထုတ်လုပ်တာ ဖြစ်ပြီးတော့ အဆိုပါ မျိုးဆက်မှာဆိုရင် တံခါးသုံးပေါက်စနစ် Wagen ပုံစံနဲ့ တံခါးငါးပေါက်စနစ် Wagon တွေလည်း ထုတ်လုပ်တာ တွေ့ရသလို တံခါးသုံးပေါက်စနစ် အမိုးဖွင့် မော်ဒယ်တွေ အနေနဲ့လည်း ထုတ်လုပ်သေးတာ တွေ့နိုင်ပါတယ်။ ဒီမျိုးဆက်မှာတော့ ၂.၀ လီတာသုံး ဓါတ်ဆီသုံး အင်ဂျင်စနစ်တွေကိုပဲ တပ်ဆင်ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး Transmission ပိုင်းမှာက လေးချက် Auto နဲ့ ငါးချက် Manual စနစ်တွေနဲ့ တပ်ဆင်ထုတ်လုပ်ခဲ့တာတွေ့နိုင်ပါတယ်။




ဒုတိယမျိုးဆက် (XA20)

အခုမျိုးဆက်ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို သတ်မှတ်တာဖြစ်ပြီး Toyota RAV-4 J အနေနဲ့ရော RAV-4 L အနေနဲ့ပါ လူသိများပါတယ်။ ဒါကတော့ ဈေးကွက်အနေအထားအရ အခေါ်အဝေါ် ကွဲပြားတာဖြစ်ပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၁ ခုနှစ် မော်ဒယ်အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၀၅ ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီမော်ဒယ် မျိုးဆက်ကိုလည်း ဂျပန်မှာပဲ ထုတ်လုပ်တာဖြစ်တာကြောင့် အရည်အသွေးပိုင်းမှာ လက်ခွဲနိုင်ငံထုတ် မော်ဒယ်တွေထက် ကောင်းမွန်တာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းမှာက တံခါးသုံးပေါက် စနစ် Wagon အဖြစ်နဲ့ရော တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပါ ထုတ်လုပ်ခဲ့ပြီး အမိုးဖွင့် မော်ဒယ်ကို ရပ်နားလိုက်တာတွေ့ရပါတယ်။ အင်ဂျင်ပိုင်းမှာတော့ ရွေးချယ်နိုင်စရာများလာပြီး ၁.၈ လီတာသုံး အင်ဂျင်တွေ ထုတ်လုပ်လာတဲ့အပြင် ၂.၀ လီတာသုံးကနေ ၂.၄ လီတာသုံးထိအောင် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ Transmission ပိုင်းမှာလည်း ငါးချက် Manual စနစ်နဲ့ လေးချက် Auto တွေကိုပဲ ထုတ်လုပ်တာတွေ့ရဆဲပါ။



တတိယမျိုးဆက် (XA30)

အခုမော်ဒယ်ကိုတော့ ဂျပန်မှာ Toyota Vanguard လို့ လူသိများပြီးတော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှာ စတင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကိုပြောတာပါ။ ဒါပေမယ့် အဆိုပါ တတိယမျိုးဆက်က ဂျပန်ကနေ ပြည်ပကိုပို့တဲ့ မော်ဒယ်တွေကိုပဲ ဖြစ်ပြီးတော့ လက်ရှိထိအောင် ဂျပန်မှာတော့ တတိယမျိုးဆက်ကိုပဲ လက်ရှိအချိန်ထိအောင် ထုတ်လုပ်ရောင်းချနေတာ တွေ့ရဆဲပါ။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိအောင် ထုတ်လုပ်တဲ့ မော်ဒယ်တွေကို ပြောတာဖြစ်ပြီးတော့ ဂျပန်က စက်ရုံနှစ်ရုံအပြင် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပါ ထုတ်လုပ် လာတာကြောင့် တချို့ကလည်း အရည်အသွေးပိုင်းနဲ့ပတ်သတ်ပြီး နည်းနည်းကွဲလာတာ တွေ့ရတယ်လို့ လူပြောလာ
ကြတာပါ။ ဒီမျိုးဆက်မှာတော့ တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပဲ ထုတ်လုပ်တော့တာ တွေ့ရပြီး တည်ဆောက်မှုပုံစံအသစ်ဖြစ်လာသလို Toyota New MC Platform နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခုမော်ဒယ်မှာတော့ အင်ဂျင်ပိုင်းမှာ ၂.၀ လီတာသုံးကနေ ၃.၅ လီတာသုံးထိအောင် အင်ဂျင် အမျိုးအစား ၈မျိုးထိအောင် ရွေးချယ်နိုင်ဖို့ ထုတ်လုပ်လာတာ တွေ့ရသလို Transmission ပိုင်းမှာလည်း ၆ချက်နဲ့ ၅ချက် Manual စနစ်တွေကို ထုတ်လုပ်လာသလို ၄ချက်၊ ၆ချက်နဲ့ ၅ချက် Auto စနစ်တွေကိုလည်း ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။




စတုတ္ထမျိုးဆက် (XA40)

နောက်ဆုံးမျိုးဆက်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာကနေ အခုချိန်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ်တွေ  ဖြစ်ပါတယ်။ မော်ဒယ်နှစ်အနေနဲ့ကတော့ ၂၀၁၃ ခုနှစ်ကနေ အခုချိန်ထိအောင် ထုတ်လုပ်နေတာ ဖြစ်ပြီးတော့ ဂျပန်၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပဲ ထုတ်လုပ်တာ တွေ့ရပါတယ်။ တံခါးငါးပေါက်စနစ် Wagon လို့ ခေါ်ရမယ့် SUVတွေအဖြစ်နဲ့ပဲ ဆက်လက်ထုတ်လုပ်နေတာ တွေ့နိုင်သလို ၂.၀ လီတာ၊ ၂.၂ လီတာနဲ့ ၂.၅ လီတာသုံး ဒီဇယ်နဲ့ ဓါတ်ဆီအင်ဂျင်တွေအဖြစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်သလို Transmission ပိုင်းမှာတော့ ပြန်လည်လျော့ချပြီး ၆ ချက် Auto နဲ့ Manual စနစ်တွေနဲ့ ထုတ်လုပ်သလို ထူးခြားချက်အနေနဲ့ကတော့ အခု နောက်ပိုင်း ခေတ်စားနေတဲ့စနစ် ဖြစ်တဲ့ CVT စနစ်ကိုပါ ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ RAV4 အနေနဲ့ ဥရောပဈေးကွက်နဲ့ အမေရိကဈေးကွက်တွေမှာ လူကြိုက်များနေတာ တွေ့နိုင်ပြီး အမေရိကန် ဈေးကွက်တစ်ခုတည်းမှာတင် ၂၀၁၄ခုနှစ်ကအစီးရေ ၂၆၇, ၆၉၈ စီးထိအောင် ရောင်းချထားရတာ တွေ့ရပါတယ်။


လင်းထက် (IA)

မန္တလေးက Suzuki ထိုင်း စားသောက်ဆိုင်

Posted: 17 Jul 2015 02:48 AM PDT


ဓာတ်ပုံများ- တေဇလှိုင်/ The Irrawaddy

မန္တလေးလို့ ဆိုလိုက်ရင်ဝက်သားတုတ်ထိုး ကောင်းကောင်းရတဲ့မြို့လို့ တော်တော်များများက ပြေးမြင်တတ်  ကြပါတယ်၊ ဟုတ်ပါတယ်၊ မန္တလေးမှာဆိုရင် ဘယ်နေရာကိုသွားသွား တွန်းလှည်းလေးတွေနဲ့ ရောင်းတဲ့   ဝက်သားတုတ်ထိုး ဆိုင်လေးတွေက လက်ညှိုးထိုး မလွဲပါ။

ဝက်သားတုတ်ထိုးဆိုရင် အရသာကောင်းလို့နာမည်ကြီးတဲ့ မန္တလေးမြို့ဟာဆိုရင် ဝက်သားတုတ်ထိုးဆိုင်ကိုမှ ဆိုင်ခပ်ကြီးကြီးနဲ့ WiFi Free Service ပေးတဲ့ ဆိုင်တွေတောင် ရှိပါတယ်။


ဒီတပတ်မှာတော့ မန္တလေးဝက်သားတုတ်ထိုးတွေနဲ့ အရသာမတူတဲ့၊ ဝက်သားတုတ်ထိုးကိုမှ ထမင်းနဲ့ တွဲပြီး စားချင်သူတွေ အတွက် ရန်ကုန်မှာတော့ (Suzuki ဝက်သားပေါင်း ထမင်းလို့ နာမည်ကြီးတဲ့) "မန္တလေး Suzuki ထိုင်းစားသောက်ဆိုင်" ရဲ့ ဝက်သားပေါင်း ထမင်းနဲ့ တခြား ထိုင်းအစားအစာတွေကို မန္တလေးက အစားပရိသတ်တွေအတွက် မိတ်ဆက် ပေးချင်ပါတယ်။

မန္တလေး Suzuki ထိုင်းစားသောက်ဆိုင်က စားသောက်ဈေးဆိုင်တန်းတွေနဲ့ လူအနည်းငယ်ရှုပ်တဲ့ မန္တလေး တရုတ်တန်း ညဈေးအနီး၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၆လမ်း၊ ၃၃x၃၄ လမ်းကြားမှာ တည်ရှိပါတယ်။

ဆိုင်က အတွင်းထဲကို ဝင်လိုက်တာနဲ့အပြင်အဆင်က ရန်ကုန် Suzuki ဆိုင်လိုပဲ အဝင်ဝမှာ ဝက်သားပေါင်းအိုး ခပ်ကြီးကြီးတလုံးကို ထားရှိထားတာ တွေ့ရပြီး အတွင်းပိုင်း အလှဆင်ထားတဲ့ ပစ္စည်းတွေကတော့ ရန်ကုန်ဆိုင်နဲ့ ယှဉ်ရင် မန္တလေး Suzuki ဆိုင်က လူငယ်ဆန်ပြီး ဖန်စီကျတယ်လို့ ခံစားမိပါတယ်။

ဖွင့်ထားတဲ့ သီချင်းတွေလည်း လတ်တလော Bill Board မှာ ထိပ်ဆုံးရောက်နေတဲ့ လူငယ်ကြိုက် အင်္ဂလိပ်သီချင်းတွေ ဖြစ်တာကြောင့် မန္တလေး တက္ကသိုလ်နဲ့ သွားလာရတာ မဝေးတဲ့ ဒီဆိုင်ကို အဆောင်နေ မန္တလေးမှာကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူ၊ လူငယ်တွေ အလာများမယ်လို့ ခန့်မှန်းမိပါတယ်။

ဆိုင်ပိုင်ရှင် မနွေးယုအောင်ရဲ့ပြောပြချက်အရ မန္တလေး Suzuki ထိုင်းဆိုင်မှာဆိုရင် တက္ကသိုလ်ကျောင်းသား လူငယ်တွေ ဆိုင်ရဲ့ အပေါ်ထပ်လေးမှာ Birthday Party လုပ်တာတွေ၊ အမှတ်တရ Anniversary ပွဲတွေ၊ သူငယ်ချင်းတွေနဲ့စုပြီး Gathering လုပ်တာမျိုးတွေ မကြာခဏ လာရောက်ကျင်းပကြတယ်လို့ သိရပါတယ်။

ဆိုင်ရဲ့ Menu ထဲမှာ Suzuki ရဲ့နာမည်ကြီး ယိုးဒယားဝက်သားပေါင်း ထမင်းနဲ့အတူ ဆိုင်မှာ လူကြိုက်များတဲ့ ထိုင်းအစားအစာတွေထဲက ပင်လယ်စာ ဖက်ထိုင်း (၃၀၀၀ ကျပ်)၊ ဂဏန်းခွက်ကြော် (၄၉၀၀ ကျပ်)၊ဂျပန်တို့ဖူး အသီးအရွက်စုံကြော် (၂၉၀၀ ကျပ်)၊ ဆေးဘဲ ဥကြော် (၂၉၀၀ ကျပ်) နဲ့ သောက်စရာ Blue Berry Soda နဲ့ Kiwi Soda (တခွက် ၂၅၀၀ ကျပ်) တို့ကို မှာယူလိုက်ပါတယ်။

ဆိုင်မှာက အအေး၊ ကော်ဖီအပြင် ဘီယာလည်း မှာယူ သောက်သုံးနိုင်တာကြောင့် ညနေဘက် မိုးအေးအေးမှာ ဘီယာသောက်ပြီး ဆိုင်ရဲ့ ချဉ်ချဉ်စပ်စပ်ဟင်းလျာတွေနဲ့ ဆေးဘဲဥကြော်၊ ဂျပန်တို့ဖူးအရွက်စုံသုပ်တို့လို အမြည်းတွေနဲ့ ငြိမ့်နိုင်ပါတယ်။

Suzuki ကော်ဖီကတော့ ဆိုင်ရဲ့ Signature Coffee လို့ ဆိုင်ရှင်က ဆိုပါတယ်။ မှာယူထားတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်တဲ့အခါ ဝက်သားပေါင်း ထမင်းကတော့ Suzuki တို့ရဲ့ လက်ရာအတိုင်းဝက်သားတုတ်ထိုးနဲ့ ထမင်းကို တွဲစားနေရသလို အရသာမျိုးပဲ ဖြစ်ပါတယ်။

ပင်လယ်စာ ဖက်ထိုင်းက ရှမ်းဆန်စေးလိုခေါက်ဆွဲသားကို ထိုင်းစတိုင် ပဲပင်ပေါက်၊ ပင်လယ်စာ ပုစွန် စတာတွေနဲ့ စပ်စပ် လေး ကြော်ထားတာပါ။ ဂဏန်းခွက်ကြော်က ဂဏန်းခွံထဲမှာ အစာသွပ်ထားတဲ့ ဂဏန်းသားကို ထည့်သွပ် ကြော် ထားတာဖြစ်ပြီး အတွင်းထဲက ဂဏန်းသားက အရသာရှိပြီး စားကောင်းသလို အလှဆင်ထားတာလည်း တမူ ထူးခြားပါတယ်။

ဂျပန်တို့ဖူး အရွက်စုံကြော်ကတော့ မှာယူထားတဲ့   ချဉ်ချဉ်စပ်စပ် ထိုင်းအစားအစာတွေနဲ့ အစပ်အဟပ် တည့်စွာပဲ ဂျပန်တို့ဖူးအရသာချိုချိုနဲ့ အသီးရွက်စုံ အချို အရသာက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေပါတယ်။ ထူးထူးခြားခြား ဖြစ်နေတာက သာမန်ဆိုရင် ဆေးဘဲဥကို ကင်စားတာ၊ သုပ်စားတာလောက်ပဲ လုပ်ကြပေမယ့် ကြော်ထားတဲ့ ဆေးဘဲဥကြော်က ဘီယာ အသောက် သမားတွေအတွက်ဘီယာနဲ့လိုက်ဖက်တဲ့ အမြည်းလို့ ဆိုချင်ပါတယ်။

မှာယူထားတဲ့ Blue Berry Soda နဲ့ Kiwi Soda တို့ကတော့ Soda တို့ရဲ့ ထုံးစံအတိုင်း ချိုချိုအီအီ အရသာ စူးစူးပြင်းပြင်းနဲ့ ထိုင်းအစားအစာ ချဉ်ချဉ်စပ်စပ်တွေနဲ့ လိုက်ဖက်တဲ့ သောက်စရာ ဖျော်ရည်တမျိုးပါ။ သောက်စရာ Menu ထဲမှာတော့ Suzuki ကော်ဖီနဲ့ အတူ တခြားသော Espresso, Cappuccino, Mocha စတဲ့ ကော်ဖီမျိုးစုံလည်း မှာယူသောက်သုံးနိုင်ပြီး Suzuki ကော်ဖီဆိုတာကတော့ ထိုင်းကနေ မှာယူထားတဲ့ ကော်ဖီစေ့ရဲ့ နာမည်ကို အစွဲပြုပြီး ဆိုင်ရဲ့ Signature ကော်ဖီ အဖြစ် နာမည်ပေးထားတယ်လို့ သိရပါတယ်။

ကော်ဖီအပြင် တခြားသစ်သီးဖျော်ရည်တွေ၊ ဆိုဒါ၊ ရေခဲမုန့်၊ Milkshake စတာတွေလည်း မှာယူနိုင်ပါတယ်။ အစားအစာအနေနဲ့ကတော့ ဖက်ခပေါင်း၊ ထိုင်းတုမ်ယမ်း၊ သင်္ဘောသီးထောင်း စတဲ့ ထိုင်းအစားအစာတွေနဲ့အတူ ကန်စွန်းရွက်သုပ်၊ ဆလပ်ရွက်သုပ်၊ ပဲတောင့်ရှည်သုပ်တို့လို အသုပ်အမျိုးမျိုးနဲ့ လူငယ်တွေအကြိုက် အဆာပြေ မှာစား နိုင်တဲ့ ဘာဂါ၊ အာလူးချောင်းကြော်တို့လို Fast Food တွေလည်း ရနိုင်ပါတယ်တဲ့။ ဆိုင်ရဲ့ ထိုင်းတုံယမ်း ဟင်းရည် ကတော့ ထိုင်းလက်ရာမီတာကြောင့် လူကြိုက်များပြီး အမှာများတယ်လို့လည်း သိရပါတယ်။

ဆိုင်အတွင်းမှာ ပြင်ဆင်ထားတဲ့ အရုပ် ဘုစုခရုအသေးလေးတွေက ဆိုင်ရဲ့ အသွင်အပြင်ကို ပိုပြီး လူငယ်ဆန်တဲ့ အငွေ့အသက်နဲ့ဖန်စီကျတယ်လို့ ခံစားမိပြီး Suzuki ရဲ့ ကော်ဖီဘားကလည်း ကော်ဖီကြိုက်သူတွေအတွက် ဆွဲဆောင်မှု တခု ဖြစ်နိုင်ပါတယ်။ ထိုင်းစားသောက်ဆိုင်ဆိုပေမယ့် ထိုင်းရိုးရာအငွေ့အသက်တွေနဲ့ အလှဆင် ထားတာမျိုး မဟုတ်ဘဲ ဖန်စီကျကျ၊ လူငယ်ဆန်တဲ့အပြင်အဆင်တွေနဲ့ ပြင်ဆင်ထားတဲ့ Suzuki ထိုင်းဆိုင်ဟာဆိုရင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနဲ့ ဘိုကလေးဈေးလမ်းတို့မှာ တဆိုင်စီ၊ စုစုပေါင်း ဆိုင်ခွဲ (၃) ဆိုင်ရှိပါတယ်။

ရန်ကုန်မှာလည်း ထိုင်း Suzuki ကော်ဖီနဲ့ ဝက်သားပေါင်း ထမင်း နာမည်ကြီးတဲ့ Suzuki ထိုင်းဆိုင်လေးကို မန္တလေးမှာလည်း ဖွင့်ထားတာကြောင့် မန္တလေးက ပရိသတ်တွေလည်း သွားရောက်စားသုံး မြည်းစမ်းစားသုံးကြည့်ဖို့ လက်တို့ပေးလိုက်ချင်ပါတယ်။

ဆိုင်လိပ်စာ-
Suzuki Drink & Thai Food 
အမှတ် (၃၁၅)၊ ၇၆လမ်း၊ ၃၃x၃၄ လမ်းကြား၊ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။


သီဟတိုး

“အနုပညာနဲ့ ကျန်းမာရေး ပေါင်းစပ်ပြီး မြန်မာနိုင်ငံအတွက် ကောင်းတာတခုခု လုပ်ပေးချင်တယ်”

Posted: 17 Jul 2015 12:36 AM PDT




နိုင်ကောင်းဉာဏ် (ခ) ဉာဏ်ကျယ်စေ
၂၂ နှစ်
Final Part II, ဆေးတက္ကသိုလ် (၂) ၊ ရန်ကုန်မြို့
"၂၀၁၅ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်" တွင် အကောင်းဆုံး Animation ဆုရရှိခဲ့သူ

"လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်" ကို ဝင်ပြိုင်ဖြစ်ခဲ့တာက အရင်နှစ်တွေက ဒီရုပ်ရှင်ပွဲတော်ကို ကြည့် ဖြစ်ခဲ့တယ်၊ ရုပ်ရှင်ပွဲတော်လာကြည့်တဲ့အခါမှာ Animation ကားတွေလည်း ပါတယ်၊ ကြိုက်တယ်၊ သဘောကျတယ် ဆိုပြီးတော့ မနှစ်က စိတ်ကူးတယ်၊ ကျနော်လည်း ဒီပွဲမှာပါရင် ကောင်းမှာပဲဆိုပြီး ဒီနှစ်မှာ အဲဒီစိတ်ကူးကို အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။

ကျနော့် ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ကလေးတွေ၊ သူတို့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အကြောင်းတွေ၊      ဥပမာ- ကျနော့် အိမ်နီးနားချင်းမှာဆိုရင်ကလေးတွေ အိမ်ဖော်လုပ်နေရတယ်။ သူတို့ အရပ်ထက်မြင့်တဲ့၊ အရမ်းလေးတဲ့ ဈေးခြင်းကြီးတွေသယ်ရတယ်။

မနက်စာစားလို့ လက်ဘက်ရည်ဆိုင် ထိုင်တဲ့အခါဆိုရင်လည်း အဲဒီမှာ စားပွဲထိုးလေးတွေက ကလေးတွေပေါ့။ သူတို့ဆိုလည်းစာမသင်ရဘူး။ နောက် ကလေးစစ်သားတွေ၊ ကလေးတွေ လူကုန်ကူးခံရတာတွေ ကျနော် ကြားနေရတော့ စိတ်မကောင်းဘူး။

ပညာရေးဆိုတာ ကလေးတွေအတွက်ကော ၊ နိုင်ငံရဲ့ အနာဂတ်အတွက်ကော အရေးပါတဲ့ အရာတခုမို့ ဒီ "I wanna go to school" (ကျောင်းတက်ချင်တယ်) ဆိုတဲ့ Animation ဇာတ်ကားလေးကို ဖန်တီးဖြစ်ခဲ့တယ်။ အဲဒီမှာမှ ပညာရေးကို အခြေခံပြီး ကလေးတွေ ဆုံးရှုံးနေတဲ့    တခြားအခွင့်အရေးတွေကိုပါ ထောက်ပြမယ်ဆိုပြီး ဒီ Animation ကို လုပ်ဖြစ် ခဲ့တာပါ။

အဲဒီ Animation ကို ဖန်တီးတုန်းက အချိန် တလနီးပါးလောက်တော့ ယူခဲ့ရပါတယ်။ ဘယ်လို အခက်အခဲတွေ     ကြုံတွေ့ခဲ့ရလဲဆိုတော့ အဓိကကတော့ ကျနော်နဲ့အတူ တွဲလုပ်မယ့် ပါတနာ ရှာမတွေ့ခဲ့တာပေါ့။အစကဆို ဒီ Animation ကို မလုပ်တော့ဘူးလို့တောင် ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က လုပ်ဖြစ်အောင်လုပ်ပါဆိုပြီး အားပေးရင်းနဲ့ ကျနော် လုပ်ဖြစ်ခဲ့တယ်။

လုပ်ရင်းနဲ့မှ မအားဘူးဆိုတဲ့လူတွေလည်း တတ်နိုင်သလောက် ကျနော့်ကို ကူညီပေးကြတယ်။ အချိန်ကလည်း ကျနော်က ကျောင်းတဖက်နဲ့ လုပ်ရတဲ့အတွက် အချိန်ကိုနှစ်ပြီးလုပ်ရတယ်။ ပြီးတော့ ကျနော်က Technical အပိုင်းမှာလည်း အရမ်းကြီး မကျွမ်းကျင်တဲ့အတွက် အနည်းငယ်တော့ အခက်အခဲဖြစ်ခဲ့ပါတယ်၊ ဒီလောက်ပါပဲ။

ဒီကားလေး စပါသွားတော့ ဆုရမယ်လို့တော့ မမျှော်လင့်ဘူး။ ရွေးခံရပြီးပရိသတ်ကို ချပြလို့ရရင်ပဲ ကျေနပ်ပြီလို့ ကျနော်ယူဆထားတယ်။ အခု ဆုလည်း ရသွားပြီဆိုတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

Animation ကိုကျနော် ဆယ်နှစ်သားအရွယ်လောက်ကတည်းက စလုပ်ခဲ့တာ။ လုပ်တယ်ဆိုပေမယ့် လေ့ကျင့်တဲ့ သဘောလောက်ပေါ့။ ကလေးသဘာဝ ဖိုက်တင်တွေ နွှဲတာပေါ့ "တကောင်နဲ့ တကောင်ချတယ်၊တကောင်သေသွားတယ်" အဲဒီလိုမျိုးပေါ့။ အခုလို ရုပ်ရှင်ပွဲတော်မှာပြတဲ့ ဇာတ်ကားမျိုးကို ဖန်တီးတာကြတော့ ဒါ ပထမဆုံးပါ။

Animation မလုပ်ခင်ကျနော် ဟိုးငယ်ငယ်လေးကတည်းက ပုံဆွဲတဲ့ Drawing အပိုင်းကို စပြီးလုပ်ခဲ့တယ်။ Animation ကလည်း ဆယ်နှစ်သားဝန်းကျင်ကတည်းက လုပ်ဖြစ်တယ်ဆိုတော့ လုပ်ရင်းနဲ့ပဲ ကျနော် ဆယ်တန်းပြီးတော့ ကျောင်းတဖက်နဲ့ နားသွားသေးတယ်။ နားသွားပြီးကာမှ အခုကျမှ ဒီပွဲလေးအတွက် ဖြစ်အောင် လုပ်ဦးမယ်ဆိုပြီး ပြန်ပြီးလုပ်ဖြစ်ခဲ့တာပါ။

ကျနော့် မိသားစုနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် အဖေက ကာတွန်းဆရာ အော်ပီကျယ်၊ အမေက ဒေါ်မီမီလွင်ပါ။ ပြီးတော့ ကျနော့်မှာ အစ်ကိုတယောက်၊ အစ်မတယောက်ရှိပါတယ်။ ကျနော့် အစ်ကို ကိုနိုဗယ်အောင် ဆိုရင်လည်း Animation လုပ်ပါတယ်။ သူက Graphic, Animation အဲဒီလို Creative အပိုင်းတွေ အကုန်လုပ်တယ်။

အဖေ့ဆီကနေ ဘယ်လိုပညာရပ်တွေ အမွေရလဲဆိုရင် သူကတော့ ကျနော့်ကို တိုက်ရိုက်ကြီး သင်ပေးတာမျိုးတော့ မဟုတ်ဘူး။သူကိုယ်တိုင်လည်း မအားတော့ မသင်ပေးဖြစ်ဘူးလေ။ ဒါပေမယ့် သူ နေ့တိုင်းလုပ်နေတဲ့ အလုပ်တွေကို ကျနော်ကြည့်နေရတော့ ကျနော့်အတွက် မသိမသာ သင်ပေးနေတဲ့အတိုင်းပဲ။

သူ့ အလုပ်တွေ ကြည့်ရင်းနဲ့ ကိုယ့်ဟာကိုယ် လေ့လာတယ်။ သူကလည်း အချိန်မရဘူးဆိုပေမယ့် ဒီစာအုပ်လေးတွေဖတ်၊ ဒါလေးတွေလုပ်ဆိုပြီး အကြံဉာဏ်ပေးပါတယ်။ အဲဒါလေးတွေ လိုက်လုပ်ရင်းနဲ့ အဖေ့ဆီကနေ ပညာတွေ အများကြီး ရခဲ့ပါတယ်။

ကျနော့် ဘဝရည်မှန်းချက်ကိုပြောပါဆိုရင် ကျနော်က အခု ဆေးကျောင်းတက်နေတော့ လက်ရှိ မြန်မာနိုင်ငံမှာက ပြည်သူတွေက ကျန်းမာရေးအသိ ချို့တဲ့ကြတယ်၊ ချို့တဲ့တော့ သူတို့ ကျန်းမာရေး အသိပညာ တိုးပွားလာအောင်ကျနော် လက်ရှိလုပ်နေတဲ့ အနုပညာအပိုင်းနဲ့ ဒီဘက်က ကျန်းမာရေးပိုင်းနဲ့ နှစ်ခုဖက်စပ်ပြီးတော့ နှစ်ခုပေါင်းပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိတဲ့အရာ တခုခု ကျနော်လုပ်ချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ Animation လောကကို ဘယ်လိုမြင်မိလဲဆိုရင် မြန်မာနိုင်ငံမှာက Animation လုပ်တဲ့သူ နည်းတယ်။လက်ချိုးရေလို့ရတယ်။ နောက်တခု မြန်မာမှာ နိုင်ငံခြားမှာလို Animation တက္ကသိုလ်တွေ သီးသန့်မရှိဘူးလေ။

Animation ကိုဝါသနာပါတဲ့သူတွေ အားလုံး တယောက်နဲ့ တယောက် ဖေးမကူညီရင်း၊ ပေါင်းပြီး လုပ်သွားမယ်၊ အကောင်အထည်ဖော်သွားမယ်ဆိုရင်တော့အခု အင်တာနက်ကလည်း ပွင့်လင်းလာပြီ၊ အင်တာနက်မှာလည်း အများကြီးလေ့လာသွားမယ်ဆိုရင် နောင်တချိန်မှာ မြန်မာနိုင်ငံရဲ့ Animation Culture က မြင့်မားလာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

မြန်မာနိုင်ငံက လူငယ်ကဏ္ဍကို ဘယ်လိုမြင်မိလဲဆိုရင် လူငယ် အများစုက ပညာရေးစနစ်ကြောင့်လို့ ပြောရ မှာပေါ့၊ ကျောင်းမတက်နိုင်တဲ့သူက မတက်နိုင်ဘူး။ ကျောင်းတက်ချင်တဲ့သူကလည်း သူတို့ဝါသနာနဲ့ သူတို့တက်နေတဲ့ကျောင်းက မတူဘူး။ ကျောင်းပြီးသွားတဲ့သူကလည်း သူတို့မှာ အလုပ်အကိုင် အခွင့်အလမ်းက မသေချာတော့ ရတဲ့ ဘွဲ့နဲ့ လုပ်တဲ့ အလုပ်ကလည်း မတူပြန်ဘူး။ အဲဒီတော့ အကုန်လုံးကကို့ရို့ကားယား တွေဖြစ်နေကြတာပေါ့၊ လက်ရှိ ကျနော် အဲဒီလိုမြင်တယ်။

လူငယ် အားလုံးက ကိုယ်ဝါသနာပါရာကို ကိုယ်ရအောင်လုပ်မယ်၊ စွန့်လွှတ်သင့်တာကို စွန့်စားပြီး တကယ် ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင် တကယ် ကောင်းမှာပါ။ ပညာရေးစနစ်တွေလည်း နောင်တချိန်မှာ တကယ်    ကောင်းလာမယ်လို့မျှော်လင့်ပါတယ်။ ကြိုးစားနေတဲ့ လူငယ်တွေကိုတော့ ဆက်လက်ကြိုးစားပါလို့ အားပေး တိုက်တွန်းချင်ပါတယ်။



သီဟတိုး

ဘီကီနီ တို့ရဲ့ ရာဇ၀င်

Posted: 17 Jul 2015 12:15 AM PDT


ကမ္ဘာနဲ့အ၀ှမ်းမှာရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ဒေသရဲ့ နွေဦးရာသီ၊ ပွင့်လင်းရာသီတွေကို ရောက်ရှိလာပြီဆိုရင် ကမ်းခြေလိုနေရာမျိုးတွေမှာ အပန်းဖြေသွားရောက်ပျော်ရွှင်တတ်ကြတာပါ။ ဒီလိုနေရာမျိုးတွေကို လာရောက် အပန်းဖြေသူ အများစု ၀တ်ဆင်လေ့ရှိတဲ့ ပုံစံကတော့ ရေကူးဝတ်စုံ(ခေါ်) ဘီကီနီ ၀တ်စုံပါပဲ။ ဒီဝတ်စုံဟာ ဘယ်ကာလတွေကတည်းက ဘယ်လိုပုံစံတွေနဲ့ ပေါ်ထွက်ခဲ့ကြသလဲဆိုတာ သိတဲ့သူရှိသလို မသိတဲ့သူလည်းရှိကြမှာပါ။ ဘီကီနီဝတ်စုံဆိုတာ မြန်မာပြည်အနေအထားနဲ့ ကတော့ ယနေ့ထက်ထိတိုင်အောင် သဟဇာတ မဖြစ်သေးပါဘူး။ နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်နေကြတဲ့ အလှမယ်တွေ နိုင်ငံတကာစင်မြင့်ထက်မှာ ရေကူးဝတ်စုံဝတ်ဆင်ပြီး မိမိရဲ့ အလှအပကိုယ်နေဟန်ထားကို ပြသပြီး ပြိုင်ပွဲ ၀င်နေကြရတာကိုတောင် သိပ်နားလည်မပေးနိုင်သေးတဲ့ မြန်မာနိုင်ငံဆိုတော့ကာ ဒီလို ကမ်းခြေတွေ အပန်းဖြေတဲ့ နေရာတွေမှာသာ ရေကူးဝတ်စုံ(ဘီကီနီ) တွေနဲ့သာ မြန်မာမိန်းကလေးတွေကို တွေ့ရမယ်ဆိုရင် ၀က်ဝက်ကွဲ ပြဿနာပေါင်းစုံရင်ဆိုင်ကြရပါလိမ့်မယ်။ ကဲ .. ထားပါတော့လေ။ နိုင်ငံတကာမှာ ရေကူးဝတ်စုံ(ဘီကီနီ) ဆိုတာ ဘယ်ကာလတွေလောက်ကတည်း စတင် ပေါ်ပေါက်လာခဲ့ပုံ၊ ဘယ်လိုပုံစံမျိုးတွေ ပေါ်ပေါက်ခဲ့ပုံ၊ အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေ ၀တ်ဆင်ခဲ့တဲ့ ဘီကီနီပုံစံ စတာတွေကို ဧရာဝတီ ဘလော့ဂ် ပရိတ်သတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။





A.D 100 ခန့်


အေဒီ ၁၀၀ လောက်က ထုဆစ်ခဲ့တဲ့ ဗီးနပ်စ်ရုပ်တုရဲ့  နတ်ဘုရားမ ၀တ်ရုံကဘီကီနီရဲ့ အစလို့ ဆိုနိုင်ပြီးနောက်ပိုင်းမှာဖက်ရှင်ဖြစ်လာသလိုအစောဆုံးဆင်ဆာဖြတ်ခံရတဲ့ ပြယုဂ်လို့ သတ်မှတ်နိုင်ပါတယ်။










A.D 300 ခန့်


အေဒီ ၃၀၀ ရာစုနှစ်၊ Diocletianic era က ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေမှာလည်း ဘီကီနီနဲ့ တူတဲ့ ၀တ်ဆင်မှုတွေ ပုံဖော်ရေးဆွဲထားတာ တွေ့ရပါတယ်။ ပန်းချီကားထဲမှာတော့ ရှေးခေတ်အားကစားတခုခုကိုယှဉ်ပြိုင်နေဟန် ဖြစ်ပြီး အားကစားပြုလုပ်ရာမှာ ၀တ်ဆင်တဲ့ ၀တ်စုံ (ဘရာ) ကို ၀တ်ဆင်ထားပါတယ်။









၁၉၃၀ ခုနှစ်


၁၉၃၀ ခုနှစ်များမှာတော့ အမျိုးသမီးတွေဟာအပေါ်ပိုင်းနဲ့ အောက်ပိုင်း ၂ ခုပါတဲ့ ရေကူးဝတ်စုံပုံစံ ဘီကီနီကို ၀တ်ဆင်လာပါတယ်။ ဒါပေမယ့် ချက်ကိုဖုံးထားတာတော့ သတိပြုစရာပါ။






၁၉၄၆ ခုနှစ်


၁၉၄၆ ခုနှစ်မှာတော့ Louis Reard က ဘီကီနီနဲ့ ပတ်သက်ပြီးနောက်ဆုံးဖန်တီးမှု အဖြစ် ကျောပြင်အလယ်ကိုဖော်လှစ်ထားပြီးအပေါက်ကလေးတွေပါတဲ့ ဘီကီနီတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါဟာပြောင်းလဲလာတဲ့ ရေကူးဝတ်စုံသစ် လို့လည်းဆိုနိုင်ပါတယ်။






၁၉၆၂ ခုနှစ်


၁၉၆၂ ခုနှစ်မှာတော့ ကမ္ဘာကျော် ဂျမ်းစ်ဘွန်းရုပ်ရှင်ကား ဖြစ်တဲ့ Dr. No ထဲမှာ မင်းသမီး Ursula Andress ရဲ့ သမ္ဗာန် ကုန်းပတ်ပေါ်မှာ ဘီကီနီ ၀တ်စုံတမျိုး ၀တ်ဆင်ထားပြီး ကိုယ်ဟန်ပြခဲ့တာက ကမ္ဘာတ၀ှမ်းရှိ အမျိုးသားပရိတ်သတ်များကို ဆွဲဆောင်ခဲ့ပါတယ်။










၁၉၆၄ ခုနှစ်



၁၉၆၄ ခုနှစ်မှာတော့ အားကစားသရုပ်ဖော် စာစောင်မှာ ပထမဆုံး ရေကူးဝတ်စုံကို ဖော်ပြခဲ့ပါတယ်။










၁၉၆၄ ခုနှစ်


၁၉၆၄ ခုနှစ်မှာပဲ Rudi Gernreich က ရင်သားကို လှစ်ဟဖော်ပြထားတဲ့ ဘီကီနီ ပုံစံတမျိုးကို ၀တ်ဆင်ခဲ့ကြ ပြန်ပါတယ်။












၁၉၇၆ ခုနှစ်


အမေရိကန်လူမျိုး သရုပ်ဆောင်နဲ့ အနုပညာရှင်တဦးဖြစ်တဲ့ Farrah Fawcett ကလည်း ၁၉၇၆ ခုနှစ်မှာဘီကီနီကို ပုံစံတမျိုး ၀တ်ဆင်တာ တွေ့ရပါတယ်။  အဲဒီ ဘီကီနီအရောင်းမြင့်တင်ရေး ပိုစတာကြောင့် ဘီကီနီ ၂ ပိုင်း ပုံစံ(two-piece) ၀တ်စုံတွေ အရောင်းကျဆင်းသွားရတယ်လို့ ဆိုပါတယ်။ လှတာသေချာပါတယ်နော်။









၁၉၈၃ ခုနှစ်


၁၉၈၃ မှာတော့ အမေရိကန် သရုပ်ဆောင်၊ ၀တ္ထုရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာမ Carrie Fisher ရဲ့ ဘီကီနီ ၀တ်စုံက တမျိုးတဖုံ ပြောင်းလဲသွားပါတယ်။ Return of the Jedi စတားဝါးလ်စ်ရုင်ရှင်မှာ ၀တ်ဆင် သရုပ်ဆောင်ခဲ့တာကြောင့် အထက်ပိုင်းအောက်ပိုင်း ၂ ပိုင်းပါတဲ့ ဘီကီနီတွေ ပြန်လည် အရောင်းတက်လာတယ်လို့ ဆိုပါတယ်။







၁၉၈၉-၁၉၉၉ ခုနှစ်

၁၉၈၉ နဲ့ ၁၉၉၉ ခုနှစ် အတွင်း Bay Watch ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဘီကီနီကို အသွင်တမျိုးနဲ့ ပြောင်းလဲတွေ့ရပါတယ်။





၁၉၉၉ ခုနှစ်

၁၉၉၉ ခုနှစ်မှာတော့ ဘီကီနီပုံစံတမျိုးပြောင်းသွားပြန်ပါတယ်။ Wild Thigns ဆိုတဲ့ ဒီဗွီဒီဇာတ်ကားမှာ အမေရိကန် မင်းသမီး Denise Richards ၀တ်ဆင်ခဲ့တဲ့ ဘီကီနီများကြောင့် ရောင်းအားအရမ်းသွက်ခဲ့ပါတယ်။







၂၀၀၂ ခုနှစ်


၂၀၀၂ ခုနှစ် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားတကားဖြစ်တဲ့ Die Another Day ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီး Halle Berry လည်း ဘီကီနီဝတ် သရုပ်ဆောင်ခဲ့တာကလည်း မှတ်မိစေတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။










၂၀၀၆ ခုနှစ်


၂၀၀၆ ခုနှစ်မှာတော့ ဗြိတိသျှ ရုပ်ရှင်သရုပ်ဆောင် Sacha Baron Cohen ကလည်း အမျိုးသားဝတ် ဘီကီနီတမျိုးကို ၀တ်ဆင်ပြီးလူအများကြားထင်ပေါ်အောင်    ကြိုးစားခဲ့ပါတယ်။











၂၀၀၉ ခုနှစ်


အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာအပြင် သ   ရုပ်ဆောင်တယောက်လည်းဖြစ်တဲ့ ကေတီပယ်ရီရဲ့ အစိမ်းရောင် ရေချိုးဝတ်စုံ ဘီကီနီကလည်း ၂၀၀၉ ခုနှစ်မှာထင်ရှားခဲ့ပါတယ်။










၂၀၁၀ ခုနှစ်


၂၀၁၀ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ လူအများသွားလာတတ်တဲ့ နေရာတွေမှာ အောက်ခံ ရေကူးဝတ်စုံနဲ့ သွားလာခြင်းကိုဟန့်တားတဲ့ အငြင်းပွားဖွယ် ကြော်ငြာတခုကို အမေရိကန် အလှမယ်တဦးနဲ့ ကြော်ငြာဟန့်တား  ခဲ့ပါတယ်။ ဟန့်တားမှုက ရှုံးနိမ့်ဖွယ်ရှိ ခဲ့ပါတယ်။











၂၀၁၄ ခုနှစ်


၂၀၁၄ ခုနှစ်မှာတော့ အမေရိကန် မော်ဒယ်နှင့် သရုပ်ဆောင် Kate Upton က ဘီကီနီမော်ဒယ်အဖြစ် ထင်ရှားခဲ့ပါတယ်။














၂၀၁၅ ခုနှစ်


၂၀၁၅ ခုနှစ်မှာတော့ Charlotte McKinney ဟာကမ္ဘာကျော် Guess လူသုံးကုန် ထုတ်လုပ်ရေးကော်ပိုရေး ရှင်းအတွက် ကြော်ငြာအမျိုးမျိုးကို ဘီကီနီအမျိုးမျိုးနဲ့ ရိုက်ကူးခဲ့ပါတယ်။













ကိုးကားသတင်း။  ။ http://www.esquire.com/style/g527/bikini-history/?slide=1

0 comments:

Post a Comment