The Irrawaddy's Blog |
| (၄၃)နှစ်တိုင် ယောကျာ်းယောင်ဆောင်ပြီး သမီးငယ်အားလုပ်ကျွေးခဲ့သူအမျိုးသမီး Posted: 21 Jul 2015 10:49 PM PDT
ပြီးခဲ့တဲ့ မတ်လလောက်က အီဂျစ်အစိုးရမှ စစ်ဆာအဘူးဒေါင်အယ်လ်နီးမ် ဆိုသူအား "စံပြမိခင်" ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမဟာ သမီးငယ်ကို ပြုစုပျိုးထောင်ဖို့ရန်အတွက် ယောကျာ်း တစ်ဦးကဲ့သို့ (၄၃)နှစ်ကြာအောင် ၀တ်စားဆင်ယင်ပြီး အလုပ်လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ RTလို့ခေါ်တဲ့ ရုရှား-အင်္ဂလိပ်ဘာသာ သတင်းအေဂျင်စီမှ လက်စာမြို့မှာ နေထိုင်တဲ့ စစ်ဆာကို ဆက်သွယ်ပြီး "ယဉ်ပါးဖို့ရန် ခက်ခဲသော အမျိုးသမီးတစ်ဦး"ဆိုသော ခေါင်းစဉ်ဖြင့် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးဖို့ရန် စီစဉ်လျက်ရှိပါတယ်။ မိနစ်(၅၀)စာ ကြာမြင့်မယ့် အဲ့ဒီမှတ်တမ်းတင် ဗီဒီယိုမှာတော့ ဖိနပ်တိုက်သမား တစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ စစ်ဆာကို အမျိုးသားပုံစံဖမ်းထားကြောင်း ရိပ်စားမိတဲ့ သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စစ်ဆာကလည်း သူ့အကြောင်းကို မှတ်တမ်းတင် ရိုက်ကူးခံမှာဖြစ်ပြီး သူဘာကြောင့် ဆယ်စုနှစ်များစွာအထိ အမျိုးသားတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့သလဲ ဆိုတာကို ဆွေးနွေးပြောဆိုမှာပဲဖြစ်ပါတယ်။ အုတ်နဲ့ကွန်ကရစ်ရောပြီး တည်ဆောက်ထားတဲ့ စစ်ဆာရဲ့တဲငယ်ကလေးကို ရိုက်ကူးရေး အဖွဲ့ဝင်များက အလည်အပတ် ရောက်ရှိခဲ့ကြပြီး သူမရဲ့အိမ်နီးချင်းများဟာ မြို့ထဲမှာ အလုပ်သွားရောက်လုပ်ကိုင်နေသူ လူတန်းစားများဖြစ်ပါတယ်။ "ကျွန်မ အိမ်ထောင်ကျတော့ အသက်(၁၆)နှစ်ပဲရှိပါသေးတယ်။ ကျွန်မကိုယ်ဝန်ခြောက်လရတဲ့ အချိန်မှာ ကျွန်မရဲ့ယောကျာ်းဆုံးပါးသွားခဲ့ပါတယ်။ မီးဖွားပြီး ရက်(၄၀)အကြာထိ ယောက္ခမနဲ့ အတူ နေထိုင် ခဲ့ပါသေးတယ်။ အဲဒီမှာ ကျွန်မကို နောက်အိမ်ထောင်ထပ်ပြုခိုင်းတယ်။ ကျွန်မသာ နောက် အိမ်ထောင်ပြုရင် ကျွန်မ သမီးလေးကို ဘယ်သူကြည့်ရှုပေးမှာလဲ"လို့ ယခုအချိန်မှာ အသက်(၆၅)နှစ်ရှိနေပြီး ဖြစ်တဲ့ စစ်ဆာက RT ရုရှား သတင်းအေဂျင်စီကို ပြောပြခဲ့ပါတယ်။ ယနေ့ခေတ် အချိန်အထိ အီဂျစ်နိုင်ငံမှာ ကျားမခွဲခြားဆက်ဆံရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ (၁၉၇၀)၀န်းကျင်လောက်တုန်းက အမျိုးသမီးတွေ အလုပ်လုပ်ခြင်းဆိုတဲ့ ကိစ္စဟာ တားမြစ်ထားတဲ့ အရာတစ်ခုဖြစ်ပြီး အလုပ်လုပ်တဲ့ အမျိုးသမီးရယ်လို့ တစ်ခါမှ မကြားဖူးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားပါတယ်။ "တကမ္ဘာလုံးမှာ တစ်ယောက်တည်း ချန်ထားရစ်ခံရသလိုပါပဲ။ နောက်အိမ်ထောက်ပြုမယ့်အစား သမီးကလေးကို ကျွေးမွေးပြုစုဖို့ အလုပ်ထွက်လုပ်ခဲ့ပါတယ်။ လက်လုပ်လက်စားအလုပ်တွေ အတော်များများလုပ်ခဲ့ပါတယ်။ အရမ်းပင်ပန်းခဲ့တယ်။ ဒါပေမယ့် လုပ်ပျော်တယ်လို့ ခံစားမိတယ်။ နောက်ယောကျာ်းယူမယ့်အစား အလုပ်ကို ကြိုးစားလုပ်တာက ပိုကောင်းပါတယ်။ ကျွန်မအတွက် ယောကျာ်းတစ်ယောက်ထပ်ရှာနေတာထက်စာရင် ကျွန်မရဲ့သမီးကို ခဲလုံးတွေကျွေးပြီး ကျွန်မကိုယ်တိုင်လည်း အမှိုက်သရိုက်အညစ်အကြေးတွေထိုင်စားနေတာက ပိုအဓိပ္ပါယ်ရှိပါတယ်။" လို့ မှတ်တမ်းတင်ရိုက်ကူးချိန်မှာ ပြောပြခဲ့ပါတယ်။ ခင်ပွန်းသည်မရှိတော့ အတော်ခံစားခဲ့ရလားလို့ မေးတော့ သူမက " မခံစားရပါဘူး။ သွားလေသူလည်း သွားခဲ့ပါပြီ။ ခုတောင် ကျွန်မသမီးက အသက်(၄၃)နှစ်ရှိနေပြီလေ။ အခုဆို သူတောင် အသက်ရလာပြီလေ။ ကျွန်မလည်း သူ့ထက်စာရင် အိုစာလာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မ ပိုပြီး တည်ကြည်လာသလို ယေဘုယျ အားဖြင့်တော့ ကျွန်မကျန်းမာလို့ နေပါသေးတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။ ရိုက်ကူးမှတ်တမ်းတင်တဲ့ အချိန်တချို့မှာ ရိုက်ကူးရေးအဖွဲ့တွေဟာ စစ်ဆာနဲ့ ပတ်သက်လို့ အမျိုးသားတွေထံမှာ အမြင်ကို တောင်းခံမေးမြန်းကြည့်ပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေဟာ စစ်ဆာရဲ့ အိမ်အပြင် လမ်းပေါ်က အမျိုးသားတွေကို တွေ့ပြီး စစ်ဆာအကြောင်း မေးကြည့်တော့ အမျိုးသားတစ်ဦးက " သူမဟာ တကယ်ပဲ (၁၀၀) ရာခိုင်နှုန်း မြင့်မြတ်တဲ့သူ ဖြစ်ပါတယ်"လို့ ကင်မရာဘက်ကို လက်မထောင်ပြီး မှတ်ချက် ပေးသွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း "သူမဟာ ယောကျာ်း (၁၂)ယောက်လောက်နဲ့တောင် ညီမျှပါတယ်" လို့ ထင်မြင်ချက်ပေးသွားပါသေးတယ်။ ယနေ့အချိန်မှာတော့ စစ်ဆာဟာ သူမနေထိုင်ရာ လက်စာမြို့လေးမှာ ကုန်စုံဆိုင်လေးဖွင့်လို့ အသက်မွေးဝမ်းကြောင်းပြုလျက်နေပါပြီ။ စစ်ဆာအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုကိုလည်း https://www.youtube.com/watch?t=63&v=IpV8L5sAIi8 ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ ခင်အေးမြလွင် ကိုးကားသတင်း။ ။ http://nytlive.nytimes.com/womenintheworld/2015/07/13/meet-the-woman-who-disguised-herself-as-a-man-for-43-years-so-she-could-provide-for-her-daughter/ | ||
| ရေပန်းစားနေတဲ့ COC နဲ့ Candy Crush Posted: 21 Jul 2015 01:34 AM PDT စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းကို အသုံးပြုပြီး ဂိမ်းကစားတဲ့ အလေ့အထကလည်း လူငယ်၊ လူရွယ်တွေအကြားမှာ Trend တခုလို ဖြစ်နေပါတယ်။ ဂိမ်းဆော့တဲ့ အလေ့အထက စမတ်ဖုန်းတွေ မပေါ်ခင်ကတည်းက ဆိုပေမယ့် စမတ်ဖုန်းတွေ ပေါ်လာပြီးတဲ့ နောက်မှာတော့ HD အရည်အသွေးရှိတဲ့ မိုဘိုင်းဂိမ်း App တွေ တနေ့တမျိုး မရိုးရအောင် အသစ်သစ်တွေ ပေါ်ထွက်လာပြီး လူငယ်တွေကြားမှာလည်း တမျိုးပြီးတမျိုး ခေတ်စားလိုက်၊ ရေပန်းစားလိုက် ပေါ်လိုက် ပျောက်လိုက်ပါပဲ။ လက်ရှိ စမတ်ဖုန်းအသုံးပြုသူ လူငယ်တွေကြားမှာဆိုရင် ရေပန်းအစားဆုံး ဂိမ်းကတော့ COC လို့ ခေါ်တဲ့ Clash of Clan (မျိုးနွယ်စု တိုက်ပွဲ) ဂိမ်းလေးပါပဲ။ ဒီဂိမ်းမှာတော့ Clan War ဆိုပြီးတော့ ဂိမ်းကစားသူတွေ အချင်းချင်း အုပ်စုဖွဲ့ပြီး နောက်ထပ် အုပ်စုတစုနဲ့ ပြိုင်တိုက်ရတာမျိုးပါ။ COC ဂိမ်း အကြောင်းကို အနည်းငယ် ပြောပြရမယ်ဆိုရင်တော့ COC ဂိမ်းက ဖင်လန်နိုင်ငံနဲ့ Helsinki အခြေစိုက် Supercell ဂိမ်းကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Free Mobile MMO stagey Video Game အမျိုးအစားပါ။ ဂိမ်းအကျဉ်းကတော့ Clan တခု ဆောက်ပြီးသွားပြီဆိုရင် ကိုယ်ဆောက်ထားတဲ့ Clan ကို အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရပြီး တခြားသူရဲ့ Clan ကို သွားတိုက်ပြီး ငွေရှာ၊ ကစားတဲ့သူအချင်းချင်း Clan တွေအုပ်စုဖွဲ့ စစ်ပွဲတွေခေါ်တိုက်ရတာပါ။ ပြီးတော့ Clan တိုက်တာကလည်း ပြည်တွင်းအပြင် နိုင်ငံတကာနဲ့ပါ ယှဉ်ပြီး ဖိတ်ခေါ်ပြီး ကစားနိုင်ပါတယ်။ ကိုယ်နဲ့ နီးစပ်ရာ Clan အချင်းချင်းကိုလည်း အုပ်စုတွေဖွဲ့ပြီး စီးချင်းထိုးတိုက်ပွဲတွေ ဆင်နွှဲ ကစားကြပါသေးတယ်။ ဒီဂိမ်းက များသောအားဖြင့် ဆယ်ကျော်သက်လူငယ်တွေနဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်း (အမျိုးသား၊ အမျိုးသမီးမရွေး) စိတ်ဝင်တစား ဆော့ကြတဲ့ဂိမ်းပါ။ ဒီဂိမ်းရဲ့ အားနည်းချက်ကတော့ အင်တာနက် အွန်လိုင်းမရှိရင် ဆော့လို့မရသလို Clan အုပ်စုဖွဲ့မယ်ဆိုရင် အဖွဲ့ဝင် (၁၀)ဦး မရှိဘဲနဲ့ စစ်တိုက်လို့ မရပါဘူး။ ပြီးတော့လည်း ကိုယ်တိုက်ချင်တဲ့ Clan ကို သွားတိုက်လို့မရဘဲ အွန်လိုင်းက သတ်မှတ်ပေးထားတဲ့ ကိုယ်နဲ့ Level တူ Clan တွေကိုသာ သွားရောက် တိုက်ယူနိုင်တယ်လို့သိရပါတယ်။ COC ဂိမ်းက iOS Platforms အတွက်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Android အတွက်တော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ဖင်လန်နိုင်ငံနဲ့ ကနေဒါတို့မှာ Soft-launched အရင်စလုပ်ခဲ့ကာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ မှာတော့ Google Play ကနေ နိုင်ငံတကာကို ဖြန့်ချိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကိုဆော့ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ဒီဂိမ်းဆော့ရတာ ဆော့နေတဲ့သူအတွက် စိတ်ဝင်စားစရာ ကောင်းပြီး စစ်ရေးအမြင်တွေ၊ စစ်ရေးတွက်ချက်မှုအပိုင်းတွေကို စဉ်းစားရတာဖြစ်ပြီး ကိုယ်တည်ဆောက်ထားတဲ့ Clan အဖွဲ့အစည်း ကို စစ်ပွဲနိုင်အောင် ဘယ်လိုဆော့ကြမလဲဆိုတာ အဖွဲ့ဝင်ချင်းချင်း ဆက်သွယ် ဆွေးနွေးနိုင်တဲ့ Chat Box လည်းပါဝင်တာကြောင့် Skills တွေ တက်လာတဲ့ အကျိုးကျေးဇူးရှိတယ်လို့ COC ကစားသူတွေက ဆိုပါတယ်။ ဒီဂိမ်းကစားရင်းနဲ့ ကစားသူက Level အရမ်းမြင့်လာပြီဆိုရင် သူ့ရဲ့ Town Hall Level အလိုက် ပြင်ပမှာ ကိုယ့် Clan နဲ့ Gmail Account ကိုတွဲပြီး အပြင်မှာ တခြားသူကို ပြန်လည်ရောင်းချကစားကြတယ်လို့လည်း သိရပါတယ်။ နောက်ထပ် အဆော့များတဲ့ ဂိမ်းကတော့ Candy Crush Saga လို့ ခေါ်တဲ့ အမျိုးတူ၊ အရောင်တူ ချိုချဉ်လေးတွေကို ထုခွဲရတဲ့ ဂိမ်းလေးပါ။ Candy Crush ဂိမ်းကတော့ King ဂိမ်းကုမ္ပဏီကနေ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ Match-three puzzle video game အဖြစ် Facebook အတွက်ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ iOS, Android နဲ့ Window Phone တွေအတွက် ထုတ် လုပ်ဖြန့်ချိပေးခဲ့ပါတယ်။ Candy Crush ဂိမ်းဟာဆိုရင်အပိုင်းလိုက်၊ Level တခုပြီး တခု ဆော့သွားရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ဒီဂိမ်း ကစားသူ အရေအတွက်ဟာ အစပိုင်းမှာ လစဉ် ပျမ်းမျှ ၄၆ မီလျံရှိတယ်လို့ သိရပါတယ်။ COC ဂိမ်း မထွက်ပေါ်လာခင်မှာ Candy Crush ဂိမ်းဟာ အဆော့များဆုံးနဲ့ ပေါ်ပြူလာ အဖြစ်ဆုံးဂိမ်းလို့ ဆိုရင် မမှားပါဘူး။ ဒီဂိမ်းက COC လို အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ကစားရတဲ့ ဂိမ်းအမျိုးအစား မဟုတ်ပေမယ့်အွန်လိုင်းနဲ့ ချိတ်ဆက်ပြီးဆော့နိုင်သလို Offline တဦးချင်းလည်း ဆော့နိုင်တဲ့ဂိမ်းပါ။ Candy Crush ဂိမ်းကတော့အဓိကကတော့ စိတ်ရှည်ရပါတယ်၊ ဒီဂိမ်းက ဆော့နေရင်း အကြိမ် ၅ ကြိမ် ရှုံးခဲ့ရင် တကြိမ်ကစားဖို့ သွေးပြည့်အောင် မိနစ် ၃၀ ပြန်လည် စောင့်ပြီး ဆော့ရတဲ့ ဂိမ်းပါ။ ဒီဂိမ်းတာဟာ အပျင်းပြေဖို့၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နေရာမရွေး၊ အချိန်မရွေး အွန်လိုင်းရှိရှိ၊မရှိရှိ ဆော့နိုင်တယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ ဒီဂိမ်းက အမျိုးသမီးအများစု နှစ်သက်စွဲလမ်းစွာ ဆော့ကြတဲ့ ဂိမ်းဖြစ်ပြီး အွန်လိုင်းကနေတဆင့် ကစားသူအချင်းချင်း သွေးအပြန်အလှန်ပေးတာ၊ တခြားလက်ဆောင်တွေ အပြန်လှန်ပေးတာ စတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ အခုအပေါ်မှာ ပြောပြသွားတဲ့ COC ဂိမ်းနဲ့ Candy Crush ဂိမ်းနှစ်ခုစလုံးက အပျင်းပြေစေပြီး စဉ်းစားတွေးခေါ်မှု၊ တွက်ချက်မှုစွမ်းရည် စတဲ့ အတွေးအခေါ် ဉာဏ်ပိုင်းဆိုင်ရာတွေကို တက်စေနိုင်တဲ့ ဂိမ်းတွေလို့ ဆိုနိုင်ပေမယ့် "တန်ဆေးလွန်ဘေး" ဆိုတဲ့အတိုင်း အလွန်အကျွံ ဆော့ ကစားမယ်ဆိုရင်တော့ ရေရှည်မှာ မျက်လုံးနဲ့အာရုံကြောကို ထိခိုက်လာနိုင်စေပါတယ်။ ဒါကြောင့်မို့လို့ ဂိမ်းဆော့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာ အနားယူ၊ အပန်းဖြေတဲ့ သဘောအနေနဲ့သာ ဆော့ကြပါလို့ တိုက်တွန်းရင်း မျှဝေပေးလိုက်ပါတယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment