The Irrawaddy's Blog |
- မရှိမဖြစ် Power Bank
- ကျောင်းသားတွေလည်း မနေနိုင်ပါ
- ထိုင်းအဆိုတော်ထုံချိုင်းရဲ့ မြန်မာပြည်ရေဘေးအလှူ
- ရေပေါ်ဟိုတယ်ပေါ်က ဂန္ထဝင်မြောက်တဲ့ Pirate စားသောက်ဆိုင်
- မြန်မာနိုင်ငံ ရေဘေး ပြဿနာအပေါ် အမျိုးသမီး အနုပညာရှင်တွေရဲ့ ရင်တွင်းအော်သံ
| Posted: 04 Aug 2015 11:18 PM PDT စမတ်ဖုန်းကိုနေ့စဉ် နည်းမျိုးစုံ အသုံးပြုလာတဲ့ ဒီနေ့ခေတ်မှာ ဖုန်းနဲ့အတူဖုန်းအားသွင်းဖို့ Power Bank တလုံးက မရှိမဖြစ်လိုအပ်လာပါတယ်။ စမတ်ဖုန်းတလုံးနဲ့ အင်တာနက်အသုံးပြုတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ စာဖတ်တာ၊ ဖုန်းပြောတာစတဲ့ ဖုန်းတလုံးမှာ ပါဝင်တဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို အသုံးပြုလာတဲ့အတွက် စမတ်ဖုန်းကို တနေကုန် အကြာကြီး အသုံးပြုသူတွေအတွက် ဖုန်းမှာ နဂိုမူလပါဝင်တဲ့ Battery အားနဲ့တင် မလုံလောက် နိုင်တာကြောင့် အားပြန်သွင်းပေးဖို့ Power Bank ဆောင်ထားသင့်ပါတတယ်။ ဒီတပတ်မှာတော့ Power Bank အမျိုးမျိုးရှိတဲ့အထဲက Xiaomi တံဆိပ် 10400 mah ရှိတဲ့ Power Bank လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Power Bank က အားအပြည့်တခါ သွင်းပြီးသွားပြီဆိုရင် စမတ်ဖုန်းရဲ့ ဘက်ထရီ အမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး နှစ်ကြိမ်ကနေ သုံး၊ လေးကြိမ်အထိ အားပြန်သွင်းပေးနိုင်ပါတယ်။ Power Bank ရဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ ဘက်ထရီအား ပမာဏများပြီး အရည်သွေးလည်းကောင်းတာကြောင့် လူကြိုက်များတယ်လို့ သိရပါတယ်။ အရောင်အားဖြင့် ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုး ရရှိနိုင်ပြီးဈေးနှုန်းကတော့ ရွှေရောင်ကို ၁၉၀၀၀ ကျပ်နဲ့ ငွေရောင်ကို ၁၇၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။ သီဟတိုး | ||||
| Posted: 04 Aug 2015 10:08 PM PDT
မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ် လေးခုမှာတော့ ရေကြီးရေလျှံမှု အဆိုးဝါးဆုံးကြုံတွေ့နေရတယ်လို့ အစိုးရက ထုတ်ပြန်ကြေငြာထားပါတယ်။ အဲဒီလိုကြေငြာတဲ့အထဲမှာ မပါဝင်ပေမယ့် ပဲခူးတိုင်း အနောက်ခြမ်းက မြို့တွေမှာလည်း ရေးကြီးရေလျှံမှုတွေ တော်တော်များများ ကြုံတွေ့နေရပါတယ်။ ပဲခူးမြို့အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည် ကားလမ်းမတလျှောက်က မြို့တွေဖြစ်တဲ့ သာယာဝတီ၊ သုံးဆယ်၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်နဲ့ ပြည်မြို့တွေမှာ သောင်းနဲ့ချီတဲ့ ရေဘေး ဒုက္ခသည်တွေ နေအိမ်တွေကို စွန့်ခွာပြီး ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။ ပြည်ခရိုင်အတွင်းက မြို့နယ် ၅ ခုမှာတင်ပဲ ဒုက္ခသည်ပေါင်း လေးသောင်းနီးပါး ရှိပါတယ်။ အဲဒီလိုရေးဘေးဒုက္ခ ကြုံတွေ့နေရသူတွေကို ကူညီပေးဖို့ အလှူငွေများလိုအပ်နေတဲ့အတွက် ပြည်နည်းပညာတက္ကသိုလ်ကျောင်းက မြို့ပြအင်ဂျင်နီယာ (CIVIL) ကျောင်းသား ၅၀ ကျော်လောက်ဟာ ပြည်မြို့ရဲ့ လူစည်းကားရာနေရာတွေ မီးပွိုင့်တွေနဲ့ နေအိမ်တွေမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစတင်ပြီး သူတို့ရဲ့စာသင်ချိန်တွေကိုဖဲ့ပြီး အလှူငွေ လိုက်လံကောက်ခံကာ လုပ်အား ဒါနအဖြစ် ပါဝင်ကူညီတာကို တွေ့မြင်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျသွားရောက် မလှူဒါန်းနိုင်သူတွေနဲ့ လှူချင်ပေမယ့် များများစားစားမလှူနိုင်တဲ့ အလှူရှင်တွေဆီကို ကျောင်းသားတွေကိုယ်တိုင် တအိမ်တက်ဆင်းလိုက်လံအလှူကောက်ခံပေးခြင်းအားဖြင့် ပါဝင် ရခြင်းဖြစ်တယ်လို့ PTU ကျောင်းသား ကိုမင်းကျော်သက်က ပြောပါတယ်။ "ကျနော်တို့တတ်နိုင်တဲ့ တထောင့်တနေရာက ပါဝင်ပေးတာပါ၊ တချို့လူတွေက ငွေကြေးအားဖြင့် အနည်းနဲ့အများ သွားမလှူဖြစ်တာရှိတယ်။ ကျနော်တို့က အိမ်တိုင်ရာရောက်လှူချင်တဲ့လူတွေကို လှူဖြစ်သွားအောင် ကျနော်တို့က လိုက်ပြီးအလှူခံပေးသွားတာပါ။ လက်လှမ်းမှီသလောက် မြို့တွင်းမှာ လိုက်အလှူခံတာပါ။ ကျောင်းချိန်အတွင်းမှာပဲ လုပ်ဖြစ်တာပါ။ ဒုတိယပါမောက္ခချုပ်ရဲ့ခွင့်ပြုချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး အထိတောင် ကျနော်တို့က ခွင့်ပြုချက် တောင်းပြီးမှ လုပ်တာပါ။" လို့ သူကဆိုပါတယ်။ တပတ်လုံးလုံးအလှူခံသွားမှာဖြစ်ပြီး လက်တလော တနင်္လာ၊ အင်္ဂါနေ့တွေမှာတော့ မြို့ပြအင်ဂျင်နီယာ (CIVIL) ကျောင်းသားတွေပဲ လှုပ်ရှားနေရပြီး နောက်ပိုင်း ပြည်နည်းပညာတက္ကသိုလ်အတွင်းက တခြား မေဂျာပေါင်းစုံက ကျောင်းသူကျောင်းသားတွေပါ ပါဝင်လှုပ်ရှားလာဖို့ ရှိသလို တနင်္လာနေ့ တရက်ထဲတင်ပဲ အလှူငွေကိုးသိန်းနီးပါး ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ပြည်မြို့အတွင်းမှာပဲ ယာယီဒုက္ခသည်စခန်းပေါင်း (၁၀) ကျော်အထိ တိုးမြင့်လာပြီး၊ ပန်းတောင်းမြို့နယ်နဲ့ ရွှေတောင်မြို့နယ်အတွင်းက သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေမှာ အကူအညီများလိုအပ်နေပြီး ပြည်မြို့ပေါ်ရှိ ကူညီပေးနိုင်သူတွေ ပိုမိုများပြားလာပေမယ့် ထောက်ပံ့ရေးပစ္စည်းတွေပေးဝေမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်မြို့ ခေတ္တရာလူငယ် သာရေးနာရေး အသင်းက အတွင်းရေးမှူး ကိုကျော်သူစိုးက ဆိုပါတယ်။ ကောင်းမြတ်မင်း | ||||
| ထိုင်းအဆိုတော်ထုံချိုင်းရဲ့ မြန်မာပြည်ရေဘေးအလှူ Posted: 04 Aug 2015 09:39 PM PDT
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပေါ့ပ်အဆိုတော် ထုံချိုင်း (Thongchai Mclntyre)က မြန်မာနိုင်ငံရဲ့ ရေဘေးသင့် ပြည်သူတွေအတွက် ဘတ်ငွေ ၁ သိန်းကို သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရထံသို့ ပေးပို့လှူဒါန်း ခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော် ထုံချိုင်းရဲ့တေးသီချင်းတွေဟာ မြန်မာနိုင်ငံမှာ အလွန်နာမည် ကြီး အောင်မြင်ခဲ့တာပါ။ မြန်မာမှုပြန်ပြုထားတဲ့ သူ့ရဲ့ တေးသီချင်းတွေဟာ ခေတ်တခေတ်မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တယ်လို့ ဆိုရမှာပါ။ | ||||
| ရေပေါ်ဟိုတယ်ပေါ်က ဂန္ထဝင်မြောက်တဲ့ Pirate စားသောက်ဆိုင် Posted: 04 Aug 2015 01:36 AM PDT
အုံ့မှိုင်းနေတဲ့ ကောင်ကင်ကြီးအောက်က ကတ္တရာလမ်းမ မည်းမည်းကြီးပေါ်ကို မိုးစက်တွေ တဖျောက်ဖျောက် ကျနေတဲ့ ဇူလိုင် နေ့လယ်ခင်းတခုရဲ့ တိတ်ဆိတ်မှုက ရန်ကုန်မြို့ကြီးနဲ့ ဘာမှ မပတ်သက်သလို သီးသန့်ဆန်နေပါတယ်။ လမ်းမကြီးရဲ့ တဘက်ခြမ်းမှာတော့ စီထပ်ထားတဲ့ ရောင်စုံ ကွန်တိန်နာတွေ၊ တဘက်ကတော့ ဇိမ်ခံသင်္ဘောဖြူကြီး ဆိုက်ကပ် ထားတဲ့ ဗိုလ်တစ်ထောင် ဆိပ်ခံဘောတံတား။ ကျမတို့ ဦးတည် သွားနေတာကတော့ ဇိမ်ခံသင်္ဘောဖြူကြီးကို ပုံပြောင်းထားပြီး ရေပေါ်ဟိုတယ်လို့ အလွယ်ခေါ်နိုင်တဲ့VINTAGE LUXURY YACHT HOTEL ပေါ်က Pirate စားသောက်ဆိုင်ဆီကိုပဲ ဖြစ်ပါတယ်။ ဆိပ်ခံဘောတံတားပေါ် တက်လိုက်ရင်ပဲ တိတ်ဆိတ်မှုနဲ့အတူ ရှေးဆန် အဆင့်မြင့်တဲ့ အပြင်အဆင်တွေက စတင်ဆီးကြိုနေပါပြီ။ သင်္ဘောဟိုတယ်ကြီးရဲ့ ၅ ထပ်မြောက်မှာရှိတဲ့ စားသောက်ဆိုင်ကို ဓာတ်လှေကားက တဆင့်တက်သွားတဲ့ အခါမှာ မြင်ရတဲ့ အပြင်အဆင်တွေက ကမ္ဘာကျော် Titanic ရုပ်ရှင်ထဲက မြင်ကွင်းတချို့ကို သတိရသွားစေပါတယ်။ ပရိဘောဂ အပြင်အဆင်တွေ အားလုံးအတွက် သုံးထားတဲ့ အရောင်တွေက ခပ်တောက်တောက်တွေ မပါဘဲ မှိုင်းရင့်ရင့်တွေသာ ဖြစ်တဲ့အတွက် ဂန္ထဝင်ဆန်နေပါတယ်။ "Yacht ဟိုတယ်ကို ကြွခဲ့ပါ၊ သူက သင့်ကို ၁၉၂၀ ပြည့်နှစ်ဆီ စက္ကန့် ၃၀ လောက် ခေါ်သွားပါလိမ့်မယ်၊ ပြီးတော့ သင့်ကိုယ်သင် ရှင်ဘုရင် တပါးလို့ ယူဆလိုက်ပါ" လို့ စားသောက်ဆိုင် မီနူးစာအုပ်မှာ ရေးထားတာနဲ့ ခံစားမိတာ သိပ်မကွာဘူးလို့ မှတ်ချက်ချမိပါတယ်။ စားသောက်ခန်းမထဲမှာ ခင်းထားတဲ့ မွေးပွကော်ဇောကြီးတွေကို အညိုရောင် ကျွန်းကွက်ပါကေးပုံ ဖော်ထားတာ တွေ့ရပါတယ်။ ခင်းထားတဲ့ ကော်ဇောတွေ၊ သုံးထားတဲ့ စားပွဲ၊ ကုလားထိုင် စတဲ့ ပရိဘောဂတွေ အားလုံးဟာ ဂျာမနီနိုင်ငံ အပါအဝင် ဥရောပ နိုင်ငံတွေက မှာယူထားတာလို့ သိရတယ်။ စားသောက်ခန်းမထဲမှာ ထုံးစံအတိုင်း သောက်စရာ စုံစုံလင်လင် ရနိုင်တဲ့ ဘားတခုရှိပြီး အဲဒီဘားမှာ ထားတဲ့ ကော်ဖီစက်ကလည်း အစိမ်းပုတ်နဲ့ အညိုရောထားတဲ့ ရှေးဆန်ဆန် ပုံစံဖြစ်နေတာ တွေ့ရပြန်တယ်။ မြန်မာစည်ဘီယာ ရနိုင်တဲ့ ဘီယာ Tab ကလည်း တခြားဆိုင်တွေလို စတီးလ်တိုင်နဲ့မဟုတ်ဘဲ သစ်သားစည် သေးသေးလေးနဲ့မို့ အမြင်ဆန်းနေပါတယ်။ ဘားနာမည်ကတော့ ရော်ဘင်ဆန်ခရူးဆိုးလို့ အမည်ရပါတယ်။ ဘားမှာရှိတဲ့ သောက်စရာ အားလုံးကို နေ့စဉ် ၃၀ ရာခိုင်နှုန်း Discount ပေးထားတယ်လို့ သိရပါတယ်။ စားသုံးသူတွေကို ချပေးတဲ့ ဖန်ခွက်ကအစ အတွင်းမှာ ငါးမန်းခေါင်းပိုင်းပုံ ဖန်တုံးနဲ့ဆိုတော့ ဘယ်နေရာကြည့်ကြည့် ကုန်းပေါ်ဆိုတဲ့ ခံစားချက်မဟုတ်ဘဲ ရေထဲရောက်နေတယ်ဆိုတဲ့ ခံစားမှုကို ပေးထားတာလို့ YACHT ဟိုတယ်ရဲ့ အော်ပရေးရှင်း မန်နေဂျာ Bhupender Arure က ဆိုပါတယ်။ ပြင်ပက ရန်ကုန်မြစ်ရဲ့ မှိုင်းညို့ညို့ ရှုခင်းကို ခံစားကြည့်ရှုနိုင်ပြီး သင်္ဘောတစီးပေါ် ရောက်နေသလိုရသကို ခံစားနိုင်တဲ့ စားသောက် ခန်းမထဲမှာတော့ ဥရောပ ဂန္ထဝင်တေးသွား တိုးတိုးက ပျံ့လွင့်လို့နေပါတယ်။ မိုးမရွာတဲ့ အချိန်တွေ ဆိုရင်တော့ ရန်ကုန်မြစ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ လေဟာပြင် ဝရန်တာက စားပွဲကို ရွေးမိမှာပါ။ ဒါပေမယ့် မိုးတဖျောက်ဖျောက် ကျနေတော့ အတွင်းက စားပွဲတခုမှာပဲ ထိုင်ဖြစ်ကြတယ်။ ကာထားတဲ့ မှန်ချပ်တွေပေါ် စီးကျနေတဲ့ မိုးရေစက်တွေကို ငေးရင်း ဥရောပတေးသွား ငြိမ့်ငြိမ့်ကို နားဆင်ရတာကိုက ဆူညံပွက်လောရိုက်နေတဲ့ မြို့ပြကို ခဏတော့ မေ့သွားစေတာ အမှန်ပါပဲ။ စားသောက်ဆိုင်ရဲ့ မီနူးထဲမှာ ဥရောပစာ၊ အိန္ဒိယစာ၊ ဒေသတွင်း အရှေ့တောင်အာရှ အစားအစာ စတဲ့ စားသောက်ဖွယ် အမျိုးပေါင်း ၁၄၀ ကျော် ပါရှိပေမယ့် အန္ဒိယစာနဲ့ ဥရောပ အစားအစာတွေကို အမှာအများဆုံးလို့ အော်ပရေးရှင်း မန်နေဂျာက ဆိုပါတယ်။ အဲဒီအထဲကမှ European Sat နဲ့ Indian Set (တစုံကို ၁၉ ဒေါ်လာ) ကို အမှာအများဆုံးလို့ သိရပါတယ်။ Set လိုက် မမှာချင်ရင်လည်း ကိုယ်နှစ်သက်ရာ ဟင်းပွဲတမျိုးစီ (၅ ဒေါ်လာကနေ ၁၂ ဒေါ်လာ) မှာယူ သုံးဆောင်နိုင်ပါတယ်။ ကျမတို့ အဖွဲ့ကတော့ ၁၉ ဒေါ်လာတန် ဥရောပ Set နဲ့ ကြက်သားဒန်ပေါက် (၁၂ ဒေါ်လာ) ကို မှာလိုက်ပါတယ်။ ဥရောပ Set ကတော့ ထုံးစံအတိုင်း တပွဲချင်းစီချပေးတာပါ။ စစချင်း Fish Finger လို့ခေါ်တဲ့ ငါးအသားချောင်းကြော်နဲ့ Tar Tar Sauce ၊ ပြီးတော့ ကြက်သားနဲ့ အသီးအရွက်စုံ သုပ်ထားတဲ့ Chicken Caesar Salad ၊ Seafood Chowder Soup ၊ အဓိက ဟင်းလျာအနေနဲ့ Grill လုပ်ထားတဲ့ ကြက်ရင်ပုံသားနဲ့ Black Pepper Sauce တို့ကို တမျိုးချင်း ချပေးပါတယ်။ ပြီးတဲ့အခါမှာ အချိုပွဲအနေနဲ့ သစ်သီးစုံလည်း ပါပါတယ်။ ဘယ်လိုဟင်းပွဲမှာမှာ ပေါင်မုန့်လုံးလေးတွေနဲ့ ထောပတ်ကတော့ အခမဲ့ ပေးတယ်လို့ သိရပါတယ်။ ဟင်းပွဲအားလုံး ဥရောပစတိုင်အတိုင်း မြန်မာပါးစပ်နဲ့ဆိုရင် အနည်းငယ် ပေါ့နေတယ်လို့ ထင်ရပေမယ့် အဓိက ဟင်းလျာဖြစ်တဲ့ ကြက်ရင်ပုံသားကင်နဲ့ ငါးအသားချောင်းကြော် ကတော့ အရသာ တွေ့ပါတယ်။ Soup ကတော့ အီလွန်းတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် သံလွင်သီးလေးတွေပါ ထည့်သုပ်ထားတဲ့ ကြက်သားနဲ့ ဟင်းရွက်စုံ သုပ်ကတော့ အအီကိုပြေစေပါတယ်။ ကြက်သားဒန်ပေါက်ကို မြည်းကြည့်တော့ အရသာ တမူထူးနေတာ ခံစားမိပါတယ်။ ဒန်ပေါက်ဆန် စစ်စစ်နဲ့ ချက်ထားပြီး ၁၂ ဒေါ်လာတန် ပွဲတပွဲကို သာမန်လူ သုံးယောက်လောက် စားနိုင်အောင် လောက်ငပါတယ်။ ထူးခြားတာကတော့ ပုံမှန်စားနေကျ ဒန်ပေါက်တွေလို ဆီတွေ၊ ဟင်းအနှစ်တွေ များမနေတာရယ်၊ ဟင်းခတ်အမွှေးအကြိုင်နံ့ မပြင်းလွန်းတာရယ် ဖြစ်ပါတယ်။ ရောထည့်ဖောက်ထားတဲ့ ကြက်သားကလည်း အရိုးလုံးဝမပါဘဲ နူးညံ့ပြီး အရသာ ရှိလှပါတယ်။ဒန်ပေါက်နဲ့ တွဲဖက်စားဖို့ အချဉ်ကတော့ ဒိန်ချဉ်နဲ့လုပ်ထားတဲ့ Sauce ကို ကြက်သွန်နီ၊ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက် စိမ်းတွေနဲ့ ရောမွှေလိုက်ရတာပါ။ အဲဒီအချဉ်ရဲ့ အရသာကလည်း ချိုချိုချဉ်ချဉ်နဲ့ အအီပြေစေပါတယ်။ အစားအသောက်တွေ စားပြီး ရန်ကုန်မြစ်ရှုခင်းကို စိတ်ကြည်ကြည်လင်လင်နဲ့ ဆက်လက် ခံစားချင်သေးတယ် ဆိုရင်တော့ ကော်ဖီတခွက်လောက် မှာသောက်သင့်ပါတယ်။ ဘယ်လိုကော်ဖီ အမျိုးအစားပဲ ဖြစ်ဖြစ် ၅ ဒေါ်လာဖြစ်ပါတယ်။ စားသောက်ဆိုင် မီးဖိုချောင်ရဲ့ သန့်ရှင်း သပ်ရပ်မှုနဲ့ စားဖိုမှူးတွေရဲ့ ကျွမ်းကျင်မှုကလည်း စံပြအဆင့်မှာ ရှိပါတယ်။ အိန္ဒိယ စားဖိုမှူးတဦး၊ ဥရောပ စားဖိုမှူး တဦးရှိပြီး သူတို့တွေကို နိုင်ငံတကာ ဟိုတယ်ကြီးတွေက ခေါ်ယူထားတာ ဖြစ်ပါတယ်။ အကူစားဖိုမှူးတွေက မြန်မာနိုင်ငံ သားတွေပါ။ ဟင်းပွဲတွေကို လတ်လတ်ဆတ်ဆတ် ချက်ချင်း ချက်ပြုတ် ပြင်ဆင်ပေးတာ ဖြစ်တဲ့အတွက် လာစားမှ မှာမယ်ဆိုရင်တော့ အချိန်အနည်းငယ် စောင့်ရမှာပါ။ ဒါပေမယ့်လည်း စောင့်ရတာနဲ့ တန်အောင် သင်္ဘောကြီးပေါ် လှည့်ပတ် ကြည့်ရှုရင်း ဒါမှမဟုတ် ဥရောပ တေးသွားကို နားဆင်ရင်း တခုခု သောက်လို့ အချိန်ဖြုန်းနိုင်ပါတယ်။ ဟင်းပွဲတွေကို ဖုန်းဆက်ပြီး ကြိုတင်မှာယူထားမယ် ဆိုရင်တော့ စောင့်စရာ မလိုဘူးပေါ့။ YACHT ဟိုတယ်နဲ့ Pirate စားသောက်ဆိုင်ကို မနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း စားသောက်ဆိုင်အတွက် သောကြာနေ့ ညနေတိုင်းမှာ European Music Show အစီအစဉ် ထည့်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ လစဉ် ထူးခြားတဲ့ ဟင်းလျာတွေ၊ ဘူဖေးလို တခြားအစီအစဉ်တွေ ထည့်သွင်းဖို့လည်း ရှိတယ်လို့ အော်ပရေးရှင်း မန်နေဂျာက ရှင်းပြပါတယ်။ ဟိုတယ်မှာ SPA လည်း ရှိနေပြီး ကားအစီးရေ ၃၀၀ ဆန့်တဲ့ ကားပါကင်လည်း ရှိပါတယ်။ စားသောက်ဆိုင် ကတော့ နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ အခုလို မိုးတွင်းမှာ ရန်ကုန်မြို့ပြရဲ့ ဆူညံမှုတွေ ကနေ ခဏလောက် ထွက်ပြေးပြီး တိတ်ဆိတ်အေးချမ်းမှုကို ခံစားချင်တယ်၊ တချိန်တည်းမှာ အစားအသောက် ကောင်းတွေကိုလည်း စားချင်သေးတယ် ဆိုရင်တော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းက YACHT ဟိုတယ်ရဲ့ Pirate စားသောက်ခန်းမကို ညွှန်းဆိုပေးချင်ပါတယ်။ VINTAGE LEXURY YACHT HOTEL (Pirate Restaurant) ဗိုလ်တစ်ထောင် ဆိပ်ကမ်း၊ ရန်ကုန် ဆက်သွယ်ရန်ဖုန်း - + ၉၅၉ ၂၅၀၈၄၆၉၇၄ အေးချမ်းမြေ့ | ||||
| မြန်မာနိုင်ငံ ရေဘေး ပြဿနာအပေါ် အမျိုးသမီး အနုပညာရှင်တွေရဲ့ ရင်တွင်းအော်သံ Posted: 04 Aug 2015 01:22 AM PDT လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ခံစားနေရတဲ့ ရေဘေးသင့် ပြည်သူတွေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး အတိုင်းအတာရှိ ပြည်သူတွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပရဟိတအသင်းအဖွဲ့တွေဟာ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်နိုင်သမျှ ကူညီပေးနိုင်ဖို့ သိုက်သိုက်ဝန်းဝန်း လုပ်ကိုင်ဆောင်ရွက်နေကြပါတော့တယ်။ အနုပညာတတ်နိုင်တဲ့သူက ကိုယ့်အနုပညာကို အရင်းပြုလို့၊ ပစ္စည်း ဥစ္စာ ငွေကြေးတတ်နိုင်သူက အဲ့ဒါတွေကို အရင်းပြုလို့ စသဖြင့် မိမိတို့တတ်နိုင်ရာလေးတွေကို အွန်လိုင်းပေါ်၊ လမ်းတွေပေါ်ကနေ အိမ်တွေပေါ်အထိ လိုက်လံကာ အလှူငွေကောက်ခံမှုတွေ ပြုလုပ်လို့နေကြတာပါ။ ဒီလို ပြည်သူတွေတစည်းတလုံးနဲ့ ဖြစ်ပေါ် လာတဲ့ သဘာဝဘေးအန္တရာယ်အတွက် ခံစားနေကြရသူအပေါင်းကို ၀ိုင်းဝန်း ကူညီဖေးမနေကြပေမယ့် သက်ဆိုင်ရာနိုင်ငံတော် အစိုးရအနေနဲ့ ပြသနာကို ထိရောက်တဲ့ ကူညီဖြေရှင်းပေးမှု၊ သတင်းထုတ်ပြန်မှု၊ နိုင်ငံတကာရဲ့ အကူအညီတွေမတောင်းခံနိုင်သေးတာ စတာတွေကို တိတိကျကျ မမြင်မတွေ့လာရတဲ့အပေါ် ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်နေကြတာတော့အမှန်ပါပဲ။ ဒီ့အပေါ် ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အမျိုးသမီး အနုပညာရှင်တွေ ရင်ထဲက ဘယ်လိုအသံတွေ ထွက်လာမလဲ။ ဘာတွေပြောချင်နေမလဲဆိုတာကို ဧရာဝတီရဲ့ မေးမြန်းချက်အပေါ် သူတို့ပြောဆိုလာတဲ့ အသံတွေ ဖော်ပြပေးလိုက်ပါတယ်။
သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ် ကျမကပြောချင်တာထက် အဲ့ဒါကို အံ့သြပြီးမေးချင်တာပါပဲ။ ဘာတွေများလုပ်နေကြလို့လဲလို့။ လူတွေ ဒီလောက် ဒုက္ခများနေတာ။ ကျမပြောချင်တာတခုက တိုင်းပြည်တခုမှာ အာဏာလည်းရှိတယ်။ ဘဏ္ဍာငွေ တွေလည်းရှိတယ်။ ကယ်ဆယ်ရေးအခြေအနေတွေဆိုတာလည်း အရပ်ဖက်အဖွဲ့အစည်းတွေထက် အများကြီး ပိုသာတယ်။ သေချာ စနစ်တကျ စုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်များလည်းရှိတယ်။ အစိုးရတရပ်အနေနဲ့က ခိုင်းစေစရာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလည်းရှိတယ်။ ခိုင်းစေဖို့ အာဏာလည်း ရှိတယ်။ ကယ်ဆယ်ရေးအထောက်အပံ့တွေလည်းရှိတယ်။ ဟက်စကီး ဘာညာက အစပေါ့။ အဲ့လိုမျိုးက ကူရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်တာပေါ့။ အခုဟာက ပြည်သူတွေ လက်မဲ့ ကနေပြီး ပြည်သူအချင်းချင်းကိုပဲ တနိုင်တပိုင်ကူနေရတယ်ဆိုတော့ ပိုပြီး ကြန့်ကြာတာပေါ့။ ကျမတို့က ဒီလို သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် သူနဲ့ ဆက်စပ်တဲ့ ပြသနာတွေက ရင်ဆိုင်နေရဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုတဲ့ နောက်တော့ တတ်နိုင်သလောက် ၀ိုင်းဝန်းကူကြရုံပါပဲ။ စိတ် မကောင်းတာ တော့ အမှန်ပဲလေ။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အိုးအိမ်၊ စည်းစိမ် အကုန်လုံးက ဒီလိုမျိုး ပျက်ဆီးဆုံရှုံးရတဲ့ သူတွေရော နေရထိုင်ရတာလည်း အရမ်းအခက်အခဲတွေဖြစ်ကြရတယ်။ ကိုယ်ချင်းစာ ပါတယ်။ အားလုံးကို တတ်နိုင်သလောက် လုပ်ပေးဖို့ပဲရှိပါတယ်။ ဖြစ်သွားပြီကိုး။ ဘာတတ်နိုင်မှာလဲ။ ဒါရိုက်တာ အိအိခိုင် အဲ့ဒါက သဘာဝကြောင့် ခံစားရတဲ့ ဒုက္ခရယ်၊ လူတွေလုပ်လို့ ခံစားရတဲ့ ဒုက္ခရယ် အဲ့လိုမျိုး နှစ်မျိုးစလုံးကို လူထု တွေကလည်း တော်တော်လေးလည်း ဒုက္ခတွေလည်းခံစားခဲ့ရပြီးပါပြီ။ ခံစားလည်း ခံစားနေကြဆဲပဲဖြစ်တယ် လေ။ အဲ့ဒီတော့ ခံစားနေဆဲ အချိန်ကာလရယ် ၈၈ တုန်းကလည်း ကြံ့ကြံ့ခံပြီးတော့ပဲ ကျော်လွှားခဲ့ကြတယ်။ အခုလည်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ပဲ ကျော်လွှားကြပါဦးလို့။ သဘာဝကပေးတဲ့ ဒုက္ခကရှောင်လို့မလွတ်ဘူး ပေါ့။ လူတွေပေးတဲ့ ဒုက္ခကနေ လွတ်အောင်တော့ ပြည်သူတွေက ညီညွတ်ပြီးတော့ ရုန်းထွက်နိုင်ရင် အောင်မြင် မယ်လို့ ယူဆပါတယ်။ ရုန်းထွက်နိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။ ရုန်းထွက်ဖို့လည်း တိုက်တွန်းပါတယ်။ ကျမကနေပြီးတော့ ဒီအခြေအနေကြီးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှမလုပ်ဘူးလို့ ကျမတို့က ဘာမှ သွားပြီးတော့ ဝေဖန်နေလို့လည်းမရဘူး။ ကျမတို့ပြောလို့လည်းမရဘူး။ ဘာလုပ်ရမလဲ။ ကိုယ်လုပ်နိုင်တဲ့ အပိုင်း ပဲ ကိုယ်လုပ်ကြရမှာ။ အခု ပြည်သူတွေ အရမ်းညီညွတ်တယ်။ အရမ်းကို ၀ိုင်းဝန်းကူညီတယ်။ အဲ့လိုပဲ နောက် တခါ လူတွေလုပ်တဲ့ ဒုက္ခကကင်းဝေးအောင် ဒီလိုပဲ လုပ်စေချင်တယ်။ အဲ့ဒါပဲ အဓိကပဲ။ အာဏာပိုင်တွေက ဘာမှမလုပ်လို့ ဘာညာဆိုပြီး ဒါကြီးကို ခေါင်းထဲမှာ ထားလို့မရဘူး။ ကျမတို့က မကြိုက်လို့ မလုပ်လို့ ဘာလို့မလုပ်တာလဲဆိုပြီး သွားအော်လို့မရဘူး။ အဲ့ဒီတော့ သူတို့လည်း သူတို့အပိုင်းသူတို့ လုပ်ကောင်းလုပ် မယ်။ မလုပ်ကောင်းမလုပ်ဘူး။ ကိုယ်တွေအနေနဲ့ကတော့ လူတွေပေးတဲ့ ဒုက္ခကကင်းအောင်လို့ ဒီလိုပဲ ညီ ညွတ်ပြီး လုပ်ကြစေချင်တယ်လို့ ကျမတိုက်တွန်းချင်ပါတယ်။
အဆိုတော် ဖြူဖြူကျော်သိန်း ဒီ့အတွက်ကို ဘာပြောရမှန်းတောင်မသိပါဘူး။ ကိုယ်တွေလည်း တတ်နိုင်သလောက်ကို ကူညီတယ်။ ဆော်သြ တယ်။ လုပ်ပေမယ့် ကိုယ်တွေအားလုံးပေါင်းလုပ်တာက တကယ်တမ်းကျတော့ ဘယ်လောက်မှ လုပ်ပေးနိုင် တာ မဟုတ်ဘူးလေ။ အနည်းအကျဉ်းလေးပဲ တထောင့်တနေရာလေးပဲ။ လှူခွင့်ရတယ်၊ ကူခွင့်ရတယ်ဆိုတာ ကုသိုလ်လည်းရတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ဆက်ဖြစ်လာမယ့်ဟာတွေလည်း ရှိသေးတယ်လေ။ လှူလိုက်တာကလည်း ပို့တော့ ပို့ကြတယ်ဆိုပေမယ့် အရမ်းအများကြီး ထိထိရောက်ရောက် သွားနိုင်ကြတာ မဟုတ်ဘူး လေ။ ဘာကြောင့်လည်းဆိုတော့ အခုလက်ရှိ ရှိနေတဲ့ လှေလေးတွေ သမ္ဗာန်လေးတွေနဲ့ သွားရုံနဲ့မှ မရတော့ တာ။ သေချာကို လေ့ကျင့်သင်ကြားထားတဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အစီအစဉ်တွေ လိုလာပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ စသဖြင့်ပေါ့နော်။ ပြီးရင် သယ်ယူပို့ဆောင်ရေးပိုင်းမှာဆိုရင် တချို့နေရာတွေမှာဆိုရင် ရဟတ်ယာဉ်တွေက လွဲလို့ ဘာမှ လုပ်လို့မရတဲ့နေရာတွေ အဲ့ဒီနေရာတွေမှာ ရှိနေတဲ့သူတွေ ဒီအတိုင်း အသေခံလိုက်ရတော့မှာလား။ အဲ့လောက်အထိ နေနေရတဲ့ အနေအထားကျတော့ ကိုယ်လည်းဘယ်လိုပြောရမလဲ။ ပြောလို့မထွက်တော့ပါဘူး။ နောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတော့ ၀မ်းရောဂါဖြစ်တော့မှာ။ ဒီအတိုင်း ကောင်းနေတဲ့ သဘာဝ ဘေးအန္တရာယ် မရှိတဲ့အချိန်မှာတောင်မှ ကျန်းမာရေးစောင့်ရှောက်မှုတွေက ထိထိရောက်ရောက် လုပ်ပေးနိုင်တာမဟုတ်ဘူးလေ။ ဟိုတခေါက် တုန်းကတော့ မြစ်ဝကျွန်းပေါ်မှာသာ ဖြစ်တယ်။ အဲ့တုန်းကတောင် ဒီလောက် ဒုက္ခရောက်တာ။ အခု တနိုင်ငံလုံး နေရာအနှံ့ ဒုက္ခရောက်တာ။ အဲ့တော့ အဲ့လောက်အတိုင်းအတာ လိုအပ်တဲ့ ကျန်းမာရေး အစောင့်အရှောက် ကျတော့ ဘယ်လိုလုပ်သွားလုပ်တော့မလဲ။ ခဏနေရင် ဖြစ်တော့မှာပဲ။ နိမိတ်ဖတ်ပြီးပြောတာမဟုတ်ဘူး။ ဒါက ဆေးပညာအရပြောတာလေ။ အဲ့ဒါတွေအတွက်ကို ဘာ အကာအကွယ်ရှိလဲ။ ဘယ်လို အဖွဲ့တွေ ဖွဲ့ထားပြီးပြီလဲ။ ဘာမှမရှိဘူးလေ။ နိုင်ငံတကာက တကယ် လေ့ကျင့် သင်ကြားပေးထားတဲ့ တကယ့် အဖွဲ့အစည်းတွေနဲ့ လုပ်ရမှာလေ။ ကိုယ်လည်း ဘယ်လိုအားပေးရမှန်းလည်းမသိ ဘူး။ အဲ့ဒီအသိတွေ စဉ်းစားမိတဲ့အချိန်မှာ ကိုယ့်စိတ်ကိုယ်ပဲ ပြန်အားပေးနေရတယ်။ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကိုယ်ဒီ့ထက် ဘာများထပ်လုပ်ပေးရဦးမှာလဲ။ မလုပ်တတ်တော့ဘူးပေါ့နော်။ ဘာတွေလုပ်ဖို့လိုတာလဲ။ အလုပ်လုပ်ကြပါတော့ပေါ့နော်။ ဘာတွေ ထပ်ပြီး ပေးဆပ်ကြရဦးမှာလဲ ပေါ့။ ဒီနေရာမှာကျတော့ တကယ့် အရည်အချည်းရှိတဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရတွေနဲ့ ၀င်ကြရတော့မှာလေ။ ပြည်သူအချင်းချင်းကူတယ်ဆိုတာ ကုသိုလ်ရတာ မှန်ပါတယ်။ အားရဖို့လည်းကောင်းတယ်။ တခုခုဖြစ်ကြပြီ ဆိုရင် သွေးစည်းကြတယ်။ လူကြီးတွေ အကြီးအကဲတွေထဲမှာလည်း သွားကြတယ်ဆိုတာ တွေ့ပါတယ်။ ဒါ သွားနိုင်တဲ့ သွားလို့ရတဲ့ နေရာပဲသွားကြတာလေ။ သွားလို့မရတော့တဲ့ နေရာတွေဆိုတာတွေက တကယ် သွားလို့မရတာမဟုတ်ဘူးလေ။ ကိုယ့်နိုင်ငံရဲ့ကန့်သတ်ချက်တွေကြောင့် သွားလို့မရတာလေ။ လေယာဉ် အစီးရေဆိုရင်လည်း အနည်းအကျဉ်းပဲရှိတယ်၊ ကယ်ဆယ်ရေးအဖွဲ့အစည်းဆိုတာလည်း အနည်းအကျဉ်းပဲ ရှိတယ်။ ဒီ့ထက် ပိုရှိအောင်က နိုင်ငံတကာအကူအညီပဲ ယူလိုက်ပါတော့။ သာမာန်ပြည်သူတွေဆိုရင် အရမ်း သနားဖို့ကောင်းလှပါပြီ။ နှစ်ပေါင်းများစွာ အထပ်ထပ်အခါခါပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသလား လို့များ တောင် အောက်မေ့ရတယ်။ ထပ်ခါ ထပ်ခါ သူတို့ပဲ ခဏခဏ ခံစားနေရရှာတာ။ ဘာတွေများ ထပ်ပေးဆပ်ရ ဦးမှာလဲ။ ဘာထပ်လုပ်ပေးရဦးမှာလဲ။ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ကြပါတော့။ တာဝန်ရှိတဲ့သူတွေဆီမှာ လည်း စဉ်းစားရတဲ့အပိုင်းတွေ ရှိချင်ရှိမှာပေါ့နော်။ တခြားအရေးအရာ နိုင်ငံအရေးအရာ ကိုယ်ကတော့ အဲ့ဒါတွေ နားမလည်ပါဘူး။ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံချင်းကြားမှာထားတဲ့ လျို့ဝှက်ချက်တွေလည်း ကိုယ် နား မလည်ဘူး။ ကိုယ်ကတော့ ပြည်သူလိုပဲ စဉ်းစားတာ။ ဒီ ဒုက္ခကနေ လွတ်စေချင်တယ်။ ကယ်ဆယ်ရေးတွေ မြန်မြန်ဖြစ်စေချင်တယ်။ တခြားမြင့်မားတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ အချည်အနှောင်တွေ မြှုပ်ကွက်တွေ ကိုယ်ဘာမှနားမလည်ဘူး။ တနိုင်ငံနဲ့ တနိုင်ငံကြားတို့ ကမ္ဘာကြီးနဲ့ လက်မှတ်ထိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ် တို့ ကိုယ်ဒါတွေ မသိဘူး။ ကိုယ်သိတာတော့ ပြည်သူတယောက်အနေနဲ့ ပြည်သူတွေကို မသေစေချင်ဘူး။ ထပ်ပြီးတော့ ဒုက္ခမရောက်စေချင်ဘူး။ အဲ့ဒါတွေကို ကယ်တင်လို့ရအောင် လုပ်ပေးနိုင်မှာတွေကိုပဲ ကိုယ်သိတယ်။ အဲ့တော့ လုပ်တတ်တဲ့သူတွေ မြန်မြန်ဆန်ဆန်လုပ်ပေးကြပါလို့ အော်ငိုပြီး ပြောရမှာလား။ ဘယ်လိုလုပ်ရမလဲဆိုတာ မပြောတတ်တော့ပါဘူး။ မေတ္တာရပ်ခံမယ်။ တောင်းပန်မယ်။ လုပ်လို့ရသလောက် လုပ်ပေးနိုင်တာကို လုပ်ပေးကြပါပေါ့။ အဆိုတော် သျှီ အားပေးစကားဆိုတာကို ဘယ်လိုစပြီးပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီအချိန်မှာ အားပေးစကားက ပြောလည်း ပါးစပ်က ပြောတဲ့ဟာပဲဖြစ်နေမှာလေ။ တတ်နိုင်သမျှ တကျပ်တတ်နိုင်တဲ့သူက တကျပ်ပေါ့။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အားလုံးဝိုင်းလှူကြဖို့ပါပဲ။ အဓိက စားစရာရယ်၊ အထည်တွေရယ် အခုလောလောဆယ် လှူဖို့လုပ်နေပါတယ်။ အားလုံးက ဒီအချိန်မှာ အားပေးစကားဆိုတာထက် တတ်နိုင် သလောက် တပိုင်တနိုင် ဘယ်လောက်ပဲ တတ်နိုင်တတ်နိုင် အကူအညီက လိုနေတာပဲလေ။ အားလုံး ပူးပေါင်းကြပါလို့ပဲ ကျမ ပြောချင်ပါတယ်။ ကျမကတော့ အဲ့ဒါတွေကို မျှော်လည်း မမျှော်လင့်တော့ဘူး။ ဘာမှလည်းမသုံးသပ်ချင်တော့ဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ ကိုယ်နိုင်တာကို လုပ်နေဖို့ပဲ။ လုပ်ပေးသင့်တာကို လုပ်ပေးရမယ်မှန်းသိရဲ့သားနဲ့ လုပ်မပေးဘူးဆို ရင်လည်း ကျမတို့က ပြောနေစရာလည်း ဘာမှတော့ မလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နေဖို့ပါပဲ။ ဒါကြီးကို ထိုင်ပြောနေလို့လည်း ပြီးသွားမှာမှ မဟုတ်တာလေ။ ကိုယ်ထူကိုယ်ထဆိုတာလည်း တကယ်တမ်း ပြောရင် အကျင့်ပါနေပါပြီ။ အဲ့လိုပဲ ကိုယ်ထူကိုယ်ထပဲ ဆက်လုပ်ရမှာပါပဲ။ ဒီအချိန်မှာ ဒါကို ထောက်ပြနေလို့ လည်း ဘာမှ ရလာမှာမဟုတ်ဘူး။ ဘာမှလည်း ပြောနေစရာမလိုဘူး။ ပြောလည်း မပြောချင်တော့ဘူး။ အားလုံး လည်းသိတယ်လေ။ အားလုံးကလည်း ကိုယ်ထူကိုယ်ထနဲ့ ကိုယ်ဘာသာကိုယ် ကိုယ်လမ်းကိုယ် သွားရမှာပါပဲ။ ကိုယ်ထူကိုယ်ထနဲ့ ကိုယ်တတ်နိုင်သမျှ ပြည်သူ ပြည်သူချင်း ကူညီတာ အကောင်းဆုံးလို့ပဲ ကျမက ထင်ပါတယ်။ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |


















0 comments:
Post a Comment