Related Posts Plugin for WordPress, Blogger...

September 7, 2015

The Irrawaddy's Blog

The Irrawaddy's Blog


သူဘာကြောင့် ၀နေတာလဲ

Posted: 06 Sep 2015 11:27 PM PDT


အသက် ၈ နှစ်အရွယ် မောင်ညီညီမင်းခန့် (ဓာတ်ပုံ - ကောင်းမြတ်မင်း/ The Irrawaddy)

မွေးတုန်းက ၇ ပေါင်ခွဲ မွေးပြီး ၆ လကြာတော့ ၃၃ ပေါင်အထိ ကိုယ်အလေးချိန် တဖြည်းဖြည်းမြင့်လာပြီး  အခုဆိုရင် ကိုယ်အလေးချိန် ၂၁၈ ပေါင်အထိရှိနေပြီဖြစ်တဲ့ မောင်ညီညီမင်းခန့်တယောက် ၈ နှစ်ပြည့်ဖို့    ရက်ပိုင်းပဲလိုပါတော့တယ်။

နေရပ်ကတော့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နဲ့ ရွှေတောင်မြို့နယ်ကြားက ရေလယ်ကျွန်းဆိုတဲ့ ဧရာဝတီမြစ်လယ်က မြေနုကျွန်းလေးပေါ်က အလယ်ကျွန်းဆိုတဲ့ ရွာကလေးမှာ နေထိုင်ကြပြီး မိဘအဘိုးအဖွားတွေဟာလည်း အဲဒီ ကျွန်းကြီးပေါ်မှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ အစဉ်အဆက် ကိုင်းလုပ်တောင်သူတွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့ကြသူတွေပါ။

အခုလို အရွယ်နဲ့မလိုက်အောင် အဝလွန်နေတဲ့ ကလေးကို အမြန်ဆုံးဆေးဝါးကုသပေးချင်ပေမယ့် ဒုက္ခမျိုးစုံ ကြုံတွေ့ နေရလို့ တနှစ်ပြီးတနှစ် အချိန်ကုန်လာခဲ့ရတယ်လို့ ညီညီမင်းခန့်ရဲ့ ဖခင်ဖြစ်သူ ဦးမျိုးကြီးက ပြောပါတယ်။

"ဒါရောဂါဆိုတာ ကျနော်တို့သိတယ်။ ပြည်မြို့အထိတက်ကုဖူးတယ်။ ကလေးအထူးကုတွေကလည်း ဘာရောဂါလို့ မပြောဘူး၊ ရန်ကုန်သွား ဆေးရုံတင်ပြီး ကုဖို့ပဲ ပြောနေတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကင်း ကလေးဆေးရုံအထိ သွားပြီးကုတယ် ရက်ရှည်တက်ရမှာနဲ့ ဆေးရုံတင်ဖို့ ငွေမရှိတာရယ်ကြောင့် သားလေးကို ပြန်ခေါ်လာတာ။ ဒီနှစ်တော့ ဆေးကုဖို့မပြောနဲ့ စိုက်ခင်းတွေလဲ အကုန်ပြောင်၊ ဝမ်းစာတောင် ရေဘေးလာလှူတဲ့ လူတွေကျွေးလို့ စားနေရတာ။ အလှူရှင်တွေရှိရင်တော့ သားလေးကို ကုပေးချင်တယ်" လို့ ဦးမျိုး   ကြီးက ပြောပါတယ်။



နေ့စဉ် အစားအစာကိုလည်း အတိုင်အတာနဲ့ (ဆန်နို့ဆီဗူး ၂ လုံးထက်ပိုမကျွေး) ကျွေးမွေးရသလို လိုအပ်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း စနစ်တကျပြုလုပ်ပေးရကြောင်း အဘိုးဖြစ်သူ ဦးကျင် ကဆိုပါ တယ်။

" သူဝတာ အစားအသောက်ကြောင့် ဝတာမဟုတ်ဘူး။ မွေးတုန်းက ၇ ပေါင်ခွဲ၊ ၆ လသားအရွယ်မှာ ၃၃ ပေါင်ဖြစ်သွားပြီး၊ ဘာအားဆေးမှလည်း မတိုက်ဘူး မိခင်နို့ကလွဲပြီး အပြင် အစားဘာမှ မစားခင်အချိန်ကတည်းက ဝတာ။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်အလေးချိန်တက်ပြီး ဝဝလာတာ။ နောက်ပိုင်းတော့ ထမင်းကို တနေ့လုံးအတွက် နို့ဆီးဗူး ၂ လုံး ထက်မပိုဘူး။ စားချင်သလောက်စား လွှတ်ပေးလို့တော့ မရဘူး။ စားတာတော့ အရမ်းစားနိုင်တယ်။ နေ့တိုင်း အိမ်ရှေ့မှာပဲ တမိုင်ကျော်ကျော်လောက်အကွာအဝေးကို ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်လေ့ကျင့်ခိုင်းတယ်။ ဆေးကုပေးချင်တယ် ရန်ကုန်သွားမယ်ဆိုရင် လူနာတင်ကားနဲ့သွားမှရမှာ လိုင်းကားနဲ့လည်း မဖြစ်ဆိုတော့ အဲဒီမှာတင် စရိတ်က အတော် ကုန်နေပြီ။" လို့ ဦးကျင်က ဆိုပါတယ်။

အခုဆို မောင်ညီညီမင်းခန့်ဟာ အလယ်ကျွန်းရွာ မူလတန်းကျောင်း ဒုတိယတန်းမှာ ပညာသင်ကြားနေပြီး ညဏ်ရည်ညဏ်သွေးနဲ့ပတ်သက်ပြီးတော့လည်း ချို့ယွင်းချက်မရှိဘူးလို့ သူရဲ့ဆရာမက ပြောပါတယ်။ သူ့အနေနဲ့လည်း တခြားကလေးငယ်တွေလို ပြေးလွှားစော့ကစားချင်ကြောင်းနဲ့ ၊ စာသင်တဲ့အခါ ကြာကြာထိုင်ပြီး မသင်ကြားနိုင်တဲ့အတွက် မပျော်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

အလှူရှင်ရှိရင် ဆေးကုချင်တဲ့ မောင်ညီညီမင်းခန့်ရဲ့မိဘတွေကိုဆက်သွယ်ချင်တယ်ဆိုရင်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းကျေးရွာ( ရေလယ်ကျွန်းပေါ်               တွင်ရှိသည်)ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ 09250431301 ဦးမျိုးကြီး ဖြစ်ပါတယ်။



ကောင်းမြတ်မင်း

0 comments:

Post a Comment