Related Posts Plugin for WordPress, Blogger...

October 28, 2015

The Irrawaddy's Blog

The Irrawaddy's Blog


Honda ရဲ့ ရောင်းအားအကောင်းဆုံးမော်ဒယ်တခု ဖြစ်တဲ့ Insight …

Posted: 27 Oct 2015 03:29 AM PDT


photo- autoexpress.com

ပြည်တွင်းဈေးကွက်မှာတော့ Honda ဆိုတာ ဒုတိယလူကြိုက်အများဆုံးအမှတ်တံဆိပ် တခုလို့ဆိုနိုင်မယ့် အနေအထားဖြစ်ပြီးတော့ Toyota ပြီးရင် လူစီးအများဆုံးလောက်ပါပဲ။ Honda Fit လိုမော်ဒယ်တွေက ရန်ကုန်လိုနေရာမှာတင်မဟုတ်ပဲ နယ်ဘက်တွေထိအောင်ပါ လူကြိုက်များသလို Honda Civic တွေ ဆိုရင် လည်းအခု နှစ်နှစ်အတွင်းမှာ လူကြိုက်အများဆုံး တန်းဝင်တွေဖြစ်လာပါတယ်။ Insight ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပြီး ဈေးကွက်မှာလည်း နေရာရခဲ့ပေမယ့် အခု နောက်ပိုင်း ကာလမှာတော့ လူကြိုက်နည်းချင်လာသလိုပါ။ ဒါပေမယ့် ရောင်းအားအကောင်းဆုံး မော်ဒယ်အနေနဲ့လည်း ရပ်တည်နိုင်ခဲ့သေးသလို အခုချိန်မှာလည်း အစီးရေပေါင်းများစွာ ပြည်တွင်းမှာရှိနေတာကြောင့် Insight တွေ နေရာတကာမှာ မြင်တွေ့နေရဆဲပါ။ အခုတပတ်မှာတော့ ကျနော်က လူကြိုက်များ Insight ရဲ့ သိကောင်း စရာလေးတွေ တချို့ကို ဗဟုသုတအနေနဲ့ ပြောပြပြီး မှတ်သားစရာလေးတွေ ပေးချင်ပါတယ်နော်။

Insightဆိုတာ …

အရင်ဆုံး ကျနော်ကမော်ဒယ်ရဲ့ သမိုင်းကြောင်းအကျဉ်းလေးကို ပြောပြချင်ပါတယ်။ ဂျပန် အခြေစိုက် Honda ရဲ့ ထုတ်လုပ်ဖန်တီးမှုဖြစ်ပြီးတော့ မော်ဒယ်က ထုတ်လုပ်မှုအပိုင်းမှာ ထူးခြားချက်လေးတွေ ရှိနေတာပါ၊ အဲဒါက ဘာလဲဆိုတော့ မော်ဒယ်ကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ပထမအ    ကြိမ် ထုတ်လုပ်မှုကို ၂၀၀၆ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တာကြောင့်ပါ၊ ဒါပေမယ့် မော်ဒယ်က ဒုတိယအကြိမ် ပြန်လည်ထုတ်လုပ်မှုကို ၂၀၀၈ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်မှု   ပြန်လည်ရပ်နားခဲ့ပြန်တာပါ။ ဒီလိုမျိုးမော်ဒယ်ကို ထုတ်လုပ်မှုရပ်နားခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်းဆိုတာ မော်ဒယ်တိုင်းမှာ ဖြစ်လေ့မရှိတဲ့ ဖြစ်ရပ်မို့ ထူးခြားခြင်းပါပဲနော်။ ဒါ့အပြင် ပထမအကြိမ် ရပ်နားပြီး ပြန်လည်ထုတ်လုပ်ခဲ့တာကြောင့် Honda အနေနဲ့ မော်ဒယ်ကို လာမယ့်နှစ်တွေမှာ ပြန်လည်ထုတ်လုပ်လာနိုင်တယ်လို့လည်း သုံးသပ်မိပါတယ်နော်။ ဂျပန်နိုင်ငံ၊ ဆူဇူကာမှာပဲ မော်ဒယ်တွေကို အများဆုံးတပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး ပထမမျိုးဆက်လို့ ခေါ်နိုင်မယ့် ပထမအကြိမ် ထုတ်လုပ်မှု မရပ်နားခင်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေက Subcompact တန်းဝင်လို့ ဆိုနိုင်မယ့် အရွယ်တော် အသေးစားမော်ဒယ်တွေဖြစ်ပြီး   နောက်ပိုင်းပြန်လည်ထုတ်လုပ်လာချိန်မှာတော့ Compact တန်းဝင် အရွယ်တော် အနေအထားဖြစ်အောင် ကိုယ်ထည်ပိုင်းကို ပိုမို ကြီးမား အောင် ထုတ်လုပ်လာခဲ့ပါတယ်။ ပြီးတော့ Insight အနေနဲ့က Hybrid မော်ဒယ်အနေနဲ့ အလေးပေးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့ Integrated Motor Assist နည်းပညာကိုသုံးပြီး ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။



ပထမမျိုးဆက် …

၁၉၉၉ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီးမော်ဒယ်နှစ် ၂၀၀၀ အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်ပါတယ်။ သူတို့က ၂၀၀၆ ခုနှစ် စက်တင်ဘာလထိအောင် ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်ရဲ့ ထူးခြားချက်ကတော့ တံခါးပေါက် သုံးပေါက်စနစ် Hatchback အနေနဲ့ ပွဲထွက်လာတာ ဖြစ်သလို ခရီးသည် ၂ယောက်ပဲ လိုက်ပါစီးနင်းနိုင်တာ ဖြစ်ပါတယ်။ အနေတော် အသေးစား တန်းဝင် Hatchback မော်ဒယ်ဖြစ်ပြီးတော့ အင်ဂျင်စနစ်က တမျိုးတည်းကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာတွေ့ရပြီး ၁.၀လီတာသုံး ECA1 I3 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။

Hybrid အနေနဲ့ ထုတ်လုပ်ထားတာကြောင့် တွဲဖက် ဘက်ထရီစနစ်ပါရှိပြီး အဆိုပါစနစ်မှာတော့ ၁၄၄ ဗို့ စွမ်းအားရှိဘက်ထရီကို ထည့်သွင်းထားသလို အဆိုပါ ဘက်ထရီက မြင်းကောင်ရေ ၁၃ ကောင်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ဂီယာချက် ၅ ချက်ကို Manual စနစ်နဲ့ပဲမောင်းနှင်နိုင်အောင် ထုတ်လုပ်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ် မော်ဒယ်ကနေစတင်ပြီးတော့ CVT စနစ်ကိုပြောင်းလဲထည့်သွင်းခဲ့တာပါ။ ပထမ မျိုးဆက်မှာ မော်ဒယ်ရဲ့ အတိုင်းအတာက အလျား ၁၅၅.၃ လက်မ၊ မျက်နှာစာအကျယ် ၆၆.၇ လက်မနဲ့ အမြင့် ၅၃.၃လက်မရှိပြီး Manual မော်ဒယ်တွေမှာတော့ အလေးချိန် ၁၈၄၇ ပေါင်ပဲ ရှိပေမယ့် CVTစနစ်နဲ့ မော်ဒယ်တွေကတော့ ၁၉၆၄ ပေါင်ထိအောင်လေးပါတယ်။ ပထမမျိုးဆက်ရဲ့ နောက်ဆက်တွဲအောင်မြင်မှုအနေနဲ့တော့ သူ့ရဲ့အထိုင်ကို ကြည့်ပြီးထုတ်လုပ်ခဲ့တဲ့ ဒုတိယမျိုးဆက် Insight ထွက်လာသလို နာမည်ကြီး CR-Z မော်ဒယ်လည်း ထွက်ရှိလာခဲ့တာပါ။ Toyota Prius ကိုဈေးကွက်ပြိုင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်သလို မြောက်အမေရိက ဈေးကွက်မှာဆိုရင် Prius ဈေးကွက်ဝင်ပြီး ၇လ အကြာမှာ ချက်ချင်းဈေးကွက်တင်နိုင်ခဲ့တာပါ။ ပြီးတော့ မော်ဒယ်ကို အမေရိကဈေးကွက်မှာလည်း ဆီစားနှုန်းနည်းပါးတာကြောင့် လူသိများခဲ့ပြီး အမေရိကန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ သတ်မှတ်စစ်ဆေးချက်တွေအရ ပထမမျိုးဆက်က အဝေးပြေးလမ်းကြောင်းမှာ ဆီတဂါလံကို ၆၁ မိုင်နဲ့ မြို့တွင်း၊ မြို့ပြင် အနေအထားမှာ ၅၃ မိုင်လောက်ထိအောင် စီးနင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယမျိုးဆက် …

၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်မှုရပ်နားခဲ့တဲ့ Insight ကတော့ ၂၀၀၉ခုနှစ်မှာ ပြန်လည် ပြင်ဆင်ထွက်ရှိလာပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ ဂျပန်ဈေးကွက်နဲ့ မတ် ၂၄ရက်မှာ အမေရိကန်ဈေးကွက်တွေကို ပြန်လည် မိတ်ဆက်ခဲ့တာဖြစ်သလို ကနဦးဈေးနှုန်းကဒေါ်လာ ၁၉၈၀၀ပဲ ဖြစ်လို့ အမေရိကန် ဈေးကွက်မှာ ဈေးအချိုဆုံး Hybrid ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာလည်း ဈေးနှုန်းကို ဒေါ်လာ ၁၈၂၀၀ ထိအောင် လျော့ချခဲ့လို ဈေးအချိုဆုံးမော်ဒယ်အနေနဲ့ ဆက်လက်ရပ်တည်နိုင်နေခဲ့သလို အင်္ဂလန် ဈေးကွက်မှာလည်း ၂၀၀၉ ခုနှစ်က တည်းက ပေါင် ၁၅၄၉၀ နဲ့ ရောင်းချခဲ့တာကြောင့် တခြား Hybrid မော်ဒယ်တွေထက် ပေါင် ၂၀၀၀   လောက် ဈေးချိုခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်အနေနဲ့ ၂၀၁၀ ခုနှစ်ကနေ ပြန်လည်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ထိအောင်ထုတ်လုပ်ခဲ့ပါတယ်။ အနေတော် အရွယ်အစား တန်းဝင်အောင် ထုတ်လုပ်လာခဲ့ပြီး ပထမမျိုးဆက်ရဲ့ အဓိကအားနည်းချက်တချက်ဖြစ်တဲ့ ခရီးသည် လိုက်ပါနိုင်မှု အပိုင်းကို မြှင့်လိုက်ပြီးခရီးသည် ငါးယောက် ထိအောင် လိုက်ပါနိုင်မယ့် တံခါးငါးပေါက်စနစ် Hatchback အနေနဲ့ ထုတ်လုပ်ခဲ့တာပါ။ Honda Jazz, City, CR-Z နဲ့ Freed မော်ဒယ်တွေနဲ့ တည်ဆောက်ပုံအထိုင်ချင်းဆင်တူပြီးတော့ ကိုယ်ထည်ပိုင်းမှာပါ ကြီးမား လာတာကြောင့် အင်ဂျင်စနစ်လည်းအနည်းငယ် ကြီးမားထုတ်လုပ်ခဲ့တာ တွေ့နိုင်သလို ၁.၃ လီတာသုံးတွေ အဖြစ်နဲ့ ဈေးကွက်ဝင်လာပါတယ်။ ဒီအင်ဂျင်စနစ်က မြင်းကောင်ရေ ၉၈ ကောင်အား ထုတ်လုပ် ပေးနိုင်ပြီး တွဲဖက်လျှပ်စစ်မော်တာကတော့ မြင်းကောင်ရေ ၁၃ကောင်အား ထုတ်လုပ်ပေးမှာပါ။ CVTစနစ်နဲ့ပဲ ထုတ်လုပ်တော့တာတွေ့နိုင်ပြီးကိုယ်ထည်က အလျား ၁၇၃လက်မ၊ မျက်နှာစာ ၆၆.၇ လက်မနဲ့ အမြင့်က ၅၆.၁လက်မတွေထိအောင် ကြီးမားလာသလို အလေးချိန်ကလည်း ၂၇၂၇ပေါင် လေးလာခဲ့ပါတယ်။ ဒုတိယမျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ ဂျပန်မှာပဲ ဖြန့်ဖြူးရောင်းချတဲ့ Grace မော်ဒယ်     ထွက်ရှိလာခဲ့သေးတာ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် Insight ကို ကမ္ဘာတလွှားမှာ အစီးရေ ၁၄၃၀၁၅ စီး ထိအောင် ရောင်းချနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ Honda ကနေ Insight ကိုဆက်လက်   ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း တရားဝင်ကြေငြာခဲ့တာပါ။ ဒါကလည်း ဥရောပဈေးကွက်ဘက်မှာ ရောင်းအားကျဆင်း မှုကြောင့် ဖြစ်ပြီး Honda ကတော့ Hybrid မော်ဒယ်တွေနဲ့ ပတ်သက်ပြီးထုတ်လုပ်မှုတွေ ဆက်လက် လုပ်ဆောင်ဦးမှာ ဖြစ်တယ်လို့ဆိုတာကြောင့် မကြာခင်မှာ တကျော့ပြန် Insight ကို မြင်တွေ့နိုင်ဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။



ဆုရရှိမှု …

မော်ဒယ်ရဲ့ ပထမမျိုးဆက်မှာတော့ ၂၀၀၀ ခုနှစ်အတွက် အကောင်းဆုံးတနှစ်စာ အင်ဂျင်ဖန်တီးမှု အကောင်းဆုံးဆုကို ရရှိခဲ့သလို အဲဒီနှစ်မှာပဲ အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့က ပေးအပ်တဲ့ပတ်ဝန်းကျင် ကာကွယ်မှုပေးနိုင်တဲ့ မော်ဒယ်ဆုကိုလည်း ရရှိခဲ့တာပါ။ နောက်ပြီး အမေရိကန် စက်သုံးဆီအသုံးပြုမှုဆိုင်ရာအဖွဲ့အစည်းရဲ့ ဆီစားနည်းပါးမှု မှတ်တမ်းဝင်မှု အပိုင်းမှာလည်း ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှ ထိပ်တန်း စာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ရဲ့ မြောက်အမေရိကတိုက် အကောင်းဆုံးကားအဖြစ်လည်းသတ်မှတ်ခံရသလို ၂၀၀၁ခုနှစ်မှာဆီစားအနည်းဆုံးမော်ဒယ် အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒုတိယမျိုးဆက်မှာက ၂၀၀၉ ခုနှစ် မော်ဒယ်ကို ဒီဇိုင်းပိုင်း အကောင်းဆုံး မော်ဒယ်အဖြစ်နဲ့လည်းကောင်း၊ ၂၀၁၀ ခုနှစ် EX မော်ဒယ်က လုံခြုံစိတ်ချရမှု အမြင့်ဆုံးမော်ဒယ် အနေနဲ့ လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှာပဲဓါတ်ငွေ့ ထုတ်လွှတ်မှုအနည်းဆုံး ထိပ်တန်း ဆယ်စီးစာရင်းဝင်အနေနဲ့ လည်းကောင်း၊  အမေရိကန်အခြေစိုက် စက်သုံးဆီအသုံးပြုမှုဆိုင်ရာ အဖွဲ့အစည်းရဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးမော်ဒယ်အဖြစ် ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် မော်ဒယ်ကတော့   ဈေးနှုန်းအသက်သာဆုံးနဲ့ ပိုင်ဆိုင်ဖို့ အထိုက်တန်ဆုံးမော်ဒယ်အနေနဲ့လည်းသတ်မှတ်ခံခဲ့ရတာတွေ ဖြစ်ပါ တယ်။

သိကောင်းစရာတချို့ …

လူကြိုက်များ ဒုတိယမျိုးဆက်မှာ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်း သိသိသာသာ ကောင်းမွန်လာတာ တွေ့နိုင်ပြီး အမေရိကန် EPA ရဲ့ စစ်ဆေးချက်အရ ၂၀၀၉ ခုနှစ် မော်ဒယ်တွေမှာ ဆီတဂါလံကို ပျမ်းမျှ မိုင် ၄၀ လောက်ထိ အောင် စီးနင်းနိုင်ပြီး ၂၀၁၂ ခုနှစ် မော်ဒယ်အရောက်မှာတော့ ၄၄ မိုင်လောက်ထိအောင် ဖြစ်လာပါတယ်။ အင်္ဂလန်ဈေးကွက်အတွက် တင်ပို့ရောင်းချတဲ့ မော်ဒယ်တွေမှာတော့ ဆီစားနှုန်းပိုမိုချိုသာတာတွေ့ရပြီးပျမ်းမျှ ၆၁.၄ မိုင်လောက်ထိအောင် စီးနင်းနိုင်တာလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း အဓိကပြိုင်ဖက် Toyota Prius နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာ Insight က မိုင် ၆၀နှုန်းအတွက် အချိန် ၁၀.၃ စက္ကန့် (Prius-၁၀စက္ကန့်) ဖြစ်ပါတယ်။ ခရီးဝေးမောင်းနှင်မှု မိုင် ၆၀၀ အတွက် Insight က ဆီစားနှုန်း ပျမ်းမျှတဂါလံ ၃၈မိုင်နှုန်းမှာ Prius က ၄၂ မိုင်ထိအောင် ရခဲ့ပါတယ်။ ကားရဲ့ အကြမ်းခံနိုင်မှုနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာစစ်ဆေးချက်တွေမှာတော့ ရှေ့ဖက်ပိုင်းအကြမ်းခံနိုင်မှု ကောင်းမွန်စိတ်ချရခြင်း၊ ဘေးဘက်ဆိုင်ရာစိတ်ချယုံကြည်ရမှု ကောင်းမွန်ခြင်းနဲ့အတူ ကားတစီးလုံးဆိုင်ရာ စစ်ဆေးမှုမှာ ဥရောပ NCAP ရဲ့ မှတ်ချက်မှာ ကြယ်ငါးပွင့်ထိအောင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



လင်းထက်(IA)

ဗုဒ္ဓဘာသာကို စိတ်ဝင်စားတယ်လို့ဆိုတဲ့ ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်

Posted: 27 Oct 2015 02:17 AM PDT


ဆုတောင်း ၀တ်ပြုနေတဲ့ မက်ခ်ဇူကာဘတ် (photo- mark zukerberg facebook)

တရုတ်ပြည်အလယ်ပိုင်း Shaanxi ခရိုင်ရဲ့ မြို့တော်ကြီးဖြစ်တဲ့ Xi'an မြို့တော်ရှိ Wild Goose ဘုရားကျောင်းကြီးကို သွားရောက်လည်ပတ်ခွင့်ရခဲ့သော ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်ဟာ အဲ့ဒီဘုရားမှာ ကမ္ဘာကြီး ငြိမ်းချမ်းအေးချမ်းဖို့နဲ့ သူ့မိသားစုအတွက်ပါ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ရေးသားခဲ့ပါတယ်။ မက်ခ်ဇူကာဘတ်ရဲ့ အမျိုးသမီးဖြစ်သူ ပရင်စစ်လာဟာ ဗုဒ္ဓဘာသာဝင်တဦးပါ။ ဒါကြောင့် သူမက သူ့အား ဆုတောင်းခိုင်းတာလို့လည်း ဆိုပါ တယ်။

ဗုဒ္ဓ၀ါဒဟာ အလွန်ပင်အံ့သြထူးဆန်းတဲ့ ဘာသာ၊ အတွေးအခေါ်ကို ဦးစားပေးတဲ့ ဘာသာတခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလျက်ရှိပါတယ်။ ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နား လည် ယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ် လို့ ရေးသားထားပါသေးတယ်။



Ref: Mark Zukerberg facebook

0 comments:

Post a Comment