Related Posts Plugin for WordPress, Blogger...

October 6, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ဆာဟာရ သဲကန္တာရမှာ ကျင်းပတဲ့အမျိုးသားအလှပြိုင်ပွဲ

Posted: 05 Oct 2015 11:00 PM PDT


(ပြိုင်ပွဲဝင်နေတဲ့ အလှမောင်များ)

အလှပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ စံနှုန်းထားတွေဟာ တပွဲနဲ့ တပွဲ သိပ်ပြီးကွာခြားလှတယ် မရှိပေမယ့် အာ ဖရိကတိုက်တောင်ပိုင်း၊ နစ်ဂါနိုင်ငံရှိ ၀ိုဒါဘီ လူမျိုးစုတွေရဲ့အလှပြိုင်ပွဲတွေကတော့ အများနဲ့မတူ ထူးခြားလှပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီးများက ဒိုင်လူကြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေကသာ ပြင်ပြင်ဆင်ဆင် ထိန်းထိန်းသိမ်းသိမ်းနေတတ်ကြတယ် ဆိုတဲ့ အယူအဆရှိပေမယ့် အဲဒီဝိုဒါဘီ လူမျိုးစုရဲ့အမျိုးသားတွေကို          ကြည့်ခြင်းအားဖြင့် အမျိုးသားများဟာလည်း အချိန်ကုန်၊ ငွေကုန်ကြေးကျခံလို့ မိမိကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်းတတ်တယ်ဆိုတာကို တွေ့ရမှာပါ။


ရောင်စုံဖောင်းကြွပန်းပွင့်တွေ၊ ပြောင်လက်နေတဲ့ ပစ္စည်းတွေ၊ အာရုံကို ဖမ်းစားနိုင်တဲ့ တွဲဖက်ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ သူတို့ရဲ့ဝတ်စုံတွေဖြစ်လာဖို့ကို တစ်နှစ်ကြာအချိန်ယူရပါသတဲ့။ မျက်နှာကို    ရောင်စုံဖြစ်အောင်ချယ်သရာမှာသော်၎င်း၊ နှာတံစင်းအောင်ဆွဲတဲ့နေရာမှာသော်၎င်း၊ အသားကို ဖြူဝင်းအောင် ပြုလုပ်ရာမှာသော်၎င်း အ၀ါရောင်ရှိတဲ့ မြေစေးကို ဆိုးစေးအဖြစ် အသုံးပြုထားပါတယ်။


သူတို့ရဲ့ ပြင်ဆင်မှုတွေပြီးပြီဆိုရင်တော့ အလှပြိုင်ပွဲကို စတင်လို့ရပြီဖြစ်ပြီး ပွဲစပြီဆိုတာနဲ့ အကဲဖြတ် ဒိုင်လူ  ကြီးများဖြစ်သူ အမျိုးသမီးတွေရှေ့မှာ ရှေးခေတ်ရိုးရာ သူရဲကောင်း ၀တ်စုံတွေကို ၀တ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တန်းစီလှည့်လည် လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ သီချင်းသီဆိုချင်းတွေကို ပြုလုပ်ကြပါတော့တယ်။ ဒီအရာတွေကို ပြုလုပ်နေတာကတော့ ကန္တာရ နေပြင်းပြင်းထဲမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးဒိုင်တွေကလည်း မျက်နှာအလှဆုံး၊ အရပ်ရှည်ပြီး ကျက်သရေအရှိဆုံး၊ အတောက်ပဆုံးမျက်လုံးနဲ့ ညီညာလှပပြီး အဖြူဆုံးသွားတွေရှိသူ၊ ၀တ်စုံအလှဆုံး ၀တ်ဆင်လာသူများကို ရှာဖွေကြပါတယ်။


ဝါဒါဘီ လူမျိုးစုတွေအတွက် ဘ၀မှာ တန်ဖိုးအထားဆုံးသော အရာ (၃)မျိုးရှိပါတယ်။ အဲဒါတွေကတော့ အလှအပ၊ ကျွဲနွားတိရိစ္တာန်အုပ်တွေနဲ့ မိမိရဲ့မိသားစုပဲ ဖြစ်ပါတယ်။ သူတို့တတွေဟာ မိမိရဲ့မျိုးနွယ်စုအပေါ် အင်မတန်မှ သစ္စာရှိသူတွေဖြစ်ပြီး  ကျွဲနွားတိရိစ္တာန်စုနဲ့ ဆေးဖက်ဝင်အပင်များ ကုန်သွယ် ရောင်းဝယ် ဖောက်ကားခြင်းအားဖြင့် စီးပွားရှာသူတွေလည်း ဖြစ်ပါတယ်။ ချက်ရေကန် ကမ်းရိုးတန်းနားမှသည် အတ္တလန်တိတ်သမုဒ္ဒရာ ဆီနီဂေါ ကမ်းရိုးတန်းအထိ တည်ထားသော မြို့များ၊ ရွာများကို စားစရာအသားစိမ်းများ တင်သွင်းနေသော သူများလည်း ဖြစ်ပါတယ်။ သူတို့ဟာ မိမိလူမျိုးအတွက် အင်မတန် ဂုဏ်ယူဝင့်ကြွားတတ်တဲ့ လူမျိုးများလည်း ဖြစ်ပါတယ်။

အလှအပအားဖြင့် လူသိများတဲ့ ၀ိုဒါဘီ လူမျိုးစုကို ဘိုရိုရိုလူမျိုး လို့လည်း ခေါ်ပါတယ်။ သူတို့တတွေရဲ့      ထူးခြားချက်ကတော့ အရုပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျတယ်၊ နှာတံရှည်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ရှိတယ်၊ နှုတ်ခမ်းပါးပြီး အခြားအာဖရိကမှာရှိတဲ့ လူမျိုးတွေထက် အသားအရည်ကြည်လင်ကြပါတယ်။


အုပ်စုလိုက် နှစ်စဉ်ရွှေ့ပြောင်းမှုမတိုင်ခင် မိုးကုန်တဲ့ စက်တင်ဘာလ ရောက်ပြီဆိုရင် ရွေ့လျား စားကျက်မြေများနဲ့ရှင်သန်နေထိုင်ကြတဲ့ လူမျိုးစုတွေဟာ ကန္တာရထဲမှာ လာရောက်စုဝေးကြပြီး သူတို့ရဲ့ စားကျက်တိရိစ္တာန်တွေနဲ့ ပွဲတော်များကို ဆင်နွှဲသလို ပြိုင်ပွဲတွေကိုလည်း ပြုလုပ်ကြပါတယ်။ ရက်သတ္တပတ် တစ်ပတ်လုံးတိုင်အောင် ကျင်းပတဲ့ ပွဲတော်ကိုတော့ ဂီရောဝယ် လို့ ခေါ်ပြီး အဲဒီပွဲတော်မှာ ရိုးရာဓလေ့နဲ့ ပတ်သက်တဲ့  အကြောင်းအရာများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူမျိုးစုစည်းဝေးပွဲ၊ ကုလားအုပ်စီး ပြိုင်ပွဲ၊ ကခုန်ပွဲ၊ သီချင်းသီဆိုပွဲ၊ လက်ထပ်ထိမ်းမြားဖို့ တောင်းရမ်းပွဲတွေကို အဲဒီပွဲတော်  ကာလအတွင်း ပြုလုပ် ကြပါတယ်။ အဲဒီပွဲတော်အတွင်း အထူးခြားဆုံးပြုလုပ်တဲ့ ပွဲကတော့ လူမျိုးစုတွေထဲကမှ အချောအလှဆုံး အမျိုးသား ရွေး    ချယ်တဲ့ပွဲပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များကို အမှတ်ပေး အကဲဖြတ်နေတဲ့ အကဲဖြတ်ဒိုင် အမျိုးသမီးတဦး

အနောက်အာဖရိကပိုင်းမှာ အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ၀ိုဒါဘီ အမျိုးသမီးတွေဟာ ရှက်ရွံ့ဟန်ပြပေမယ့် အကဲဖြတ်ဒိုင်သူကြီးများအဖြစ်  မည်သူ့ကို မစ္စတာ ၀ိုဒါဘီအဖြစ် သရဖူဆောင်းပေးရမလဲဆိုတာ အဝေးကနေ ကြည့်ရှုအကဲခတ်လို့နေပါတယ်။ ဒီပွဲမှာတော့ အကဲဖြတ်တွေဟာ လက်မထပ်ရသေးသူ အမျိုးသမီးများ ဖြစ်ပြီး သူတိုရဲ့ခင်ပွန်းသည်ဖြစ်ဖို့ အလားအလာရှိတဲ့ သူတွေကို အကဲခတ်နိုင်မှာဖြစ်ကာ သူတို့နှစ်သက်တဲ့ သူတွေကို စခန်းချထားတဲ့ တဲတွေမှာ ပြန်လည်ပြီး အနီးကပ် အကဲခတ်နိုင်ဖို့ အခွင့်အရေးလည်း ရှိပါ တယ်။

ကမ္ဘာ့မယ်ရွေးပွဲတွေမှာလိုပါပဲ၊ ပြိုင်ပွဲဝင်တဲ့ အမျိုးသားတွေဟာ သူတို့မှာ အလှဆုံးအပြုံး၊ အတောက်ပဆုံး
မျက်လုံးရှိကြောင်း လူမျိုးစုတွေထဲမှာ နှစ်လိုဖွယ်အကောင်းဆုံးလက္ခဏာရှိသူများဖြစ်ကြောင်း                လမ်းလျှောက်ပြခြင်း၊ မျက်လုံးကစားပြခြင်း၊ ဖြူစင်တဲ့သွားတွေ ပေါ်အောင်ပြုံးရယ်ပြရခြင်းတွေကို ပြုလုပ်ရပါတယ်။  တချိန်တည်းမှာပဲ အမျိုးသမီးတွေ အထင်ကြီးလာအောင် အမျိုးသားတွေဟာ သူတို့ရဲ့ကြံ့ခိုင်မှု    ရှိကြောင်း အလွန်ပူပြင်းတဲ့ သဲကန္တာရနေပူထဲမှာ နာရီပေါင်းများစွာ နေပြရတဲ့အပြင် အင်မတန် ရီဝေမူး   ယစ်စေတဲ့ ကစော်တမျိုးကိုလည်း သောက်ပြရပါသေးတယ်။ ရိုးရာအကတစ်ခုဖြစ်တဲ့ ရာကီအကကို ကပြရချိန်မှာတော့ ပြိုင်ပွဲဝင်အမျိုးသားတွေဟာ သူတို့ရဲ့ကျော့ရှင်းမှုကို အမှတ်ပေးခံရပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ပြိုင်ပွဲဝင်အမျိုးသားတွေဟာ ဒီအလှပြိုင်ပွဲကို စိတ်ပါလက်ပါ ၀င်ပြိုင်ကြပြီး ပြိုင်ပွဲရဲ့         အောင်မြင်မှုအပေါ်မှာလည်း ဂုဏ်ယူဝင့်ကြွားတတ်ကြပါတယ်။ အချို့အမျိုးသားများဆိုရင် မျက်နှာချယ်သရာမှာ အင်မတန်တော်ပြီး မိမိခန္ခာကိုယ်ကို လှပကျော့ရှင်းအောင် ဖော်ပြတတ်ပါတယ်။ အချို့သော အမျိုးသားများမှာ လှပလွန်းတာကြောင့် အမျိုးသမီးလူမျိုးစုဝင်များနဲ့ပင် ဆင်တူပြီး ခွဲခြားရခက်ပါတယ်။
အခုဖော်ပြထားတဲ့ဓါတ်ပုံများကိုတော့ ဓါတ်ပုံဆရာ စတိမက်ကယ်ရီက ရိုက်ကူးခဲ့ပါတယ်။  အဲဒီဓါတ်ပုံများရဲ့အမည်ကိုတော့ "ငယ်ရွယ်တဲ့ ၀ိုဒါဘီ အမျိုးသားသူရဲကောင်း"လို့ ပေးခဲ့ပါတယ်။

(၂၀၀၁) ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာရေးဆရာမ မက်တေး ဘိုဗင် ရဲ့ "Nomads Who Cultivate Beauty" ဆိုတဲ့စာအုပ်ထဲမှာ ၀ိုဒါဘီ အမျိုးသားတွေရဲ့ အလှပြိုင်ပွဲတွေဟာ လိင်တူဆက်ဆံခြင်း၊ မိန်းမလျာကိစ္စများနဲ့ ဆက်နွယ်နေတယ်လို့ တဖက်သက်ရေးသားဖော်ပြခဲ့ပါတယ်။ သို့ပေမယ့် ဒီအလှပြိုင်ပွဲဟာ ၀ိုဒါဘီအမျိုးသားများအတွက် အမျိုးသမီးများကို စွဲဆောင်ဖို့မိမိကိုယ်ကို ထုတ်ဖော်ပြသကြတဲ့ပွဲတော်ဖြစ်ပြီး ထိမ်းမြားလက်ထပ်ဖို့ ဖူးစာဖက်ပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီ ၀ိုဒါဘီလူမျိုးစုရဲ့ကိုးကွယ်မှုဘာသာကတော့ ပတ်ဝန်းကျင်အနေအထားနဲ့ယှဉ်ရင် သဟဇာတ မဖြစ်ပေမယ့် အစ္စလမ်ဘာသာကို ကိုးကွယ်ကြပြီး အလှအပရေးရာနဲ့ ပတ်သက်လို့ ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်နေရတဲ့လူမျိုးလည်း ဖြစ်ပါတယ်။ တကယ်တော့ ၀ိုဒါဘီ ဆိုတဲ့ စကားလုံးဟာ သူတို့လူမျိုးစုစကားအရ "ဖိနှိပ်ထားမြစ်ချက်များနှင့် နေထိုင်ရသော လူစု" လို့ အဓိပ္ပါယ်ရပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.messynessychic.com/2015/09/29/the-male-beauty-contest-of-the-sahara-desert/ 


အမျိုးသမီးရုပ်တုရဲ့ ရင်သားများကို ကိုင်တွယ်ဓာတ်ပုံမရိုက်ရ

Posted: 05 Oct 2015 03:02 AM PDT



တရုတ်ပြည် Shaanxi ခရိုင်မှာရှိတဲ့ အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးရုပ်တုတွေရဲ့ ရင်သားကို ကိုင်တွယ်ပွတ်သပ်ပြီး အပျော်တမ်းဓာတ်ပုံရိုက်ကူးခြင်းအား ခရီးသွားတွေအနေဖြင့် မပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်များကို တရုတ်ပြည်အမျိုးသားနေ့ပိတ်ရက်အပြီးမှာ ထုတ်ပြန်ခဲ့ရပါတယ်။



ပုံမှာမြင်တွေ့ရသော ခရီးသွားအမြောက်အများ ကိုင်တွယ်ရိုက်ကူးနေတဲ့ အမျိုးသမီးရုပ်တုကတော့ Huaqing ရေပူစမ်းမှာထားရှိတဲ့ တရုတ်အင်ပါယာ ထန်မင်းဆက်ရဲ့ ကြင်ယာတော်တဦးလည်းဖြစ် ရှေးခေတ်       တရုတ်ပြည်ရဲ့ အလှပဂေးတဦးအဖြစ် လူသိများထင်ရှားသူ Yang Guifei ရဲ့ ရုပ်တုပါ။



ခရီးသွားများအား "ယဉ်ကျေးစွာပြုမူ ဓာတ်ပုံရိုက်ကြပါရန်" ဆိုတဲ့ တိုက်တွန်းထားတဲ့ အသိပေးဆိုင်ဘုတ်များကို ဖော်ပြထားပေမယ့်လည်း အဲ့ဒီဆိုင်းဘုတ်တွေ၊ တိုက်တွန်းချက် နှိုးဆော်ချက်တွေကို မသိကျိုးကျွံပြုကာ  ရုပ်တုများကို ဆိုးဆိုးရွားရွား ဖမ်းဆုပ်ကိုင်တွယ် ရိုက်ကူးခဲ့ကြတယ်လို့ ရုပ်တုများကို ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ထမ်းများကဆိုပါတယ်။


 "အနောက်ဘက်သို့ခရီးသွားခြင်း"ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ဂန္တ၀င်ဝတ္ထုထဲက အမျိုးသမီးဇာတ်ကောင်တဦးဖြစ်တဲ့ မင်းသမီး Iron Fan ရုပ်တုရဲ့ ရင်သားနှစ်ဘက်စလုံးဟာဆိုရင် ထိတွေ့ခံရပါများလာတဲ့အတွက်ကြောင့် သိသာ ထင်ရှားစွာ ပါးလျားစုတ်ပြတ် လာတာပါ။ ဒါ့အပြင် Shaanxi ခရိုင်ရှိ သမိုင်းဝင်တည်နေရာများမှ   အခြားသော အမျိုးသမီး ရုပ်တုတခုကို ကမ္ဘာလှည့်ခရီးသွားများက ပွတ်သပ်နမ်းရှုံပြီးရိုက်ကူးထားတဲ့ပုံများဟာလည်း အွန်လိုင်းစာမျက်နှာတွေမှာပျံှ့နှံ့လာခဲ့ပါတယ်။




Ref: CCTV news

မြွေနဲ့ တစ်တီတူးငှက်တို့ရဲ့ တိုက်ပွဲ

Posted: 05 Oct 2015 03:04 AM PDT



ပုံမှာမြင်ရတဲ့ တစ်တီတူးငှက်နဲ့ မြွေတကောင်ရဲ့ တိုက်ပွဲကို မြင်ရသူအဖို့ တော်တော်လေး ထူးဆန်းပြီး        ကြည့်ကောင်းနေမယ်လို့ထင်ပါတယ်။ ဒီလို သတ္တ၀ါနှစ်ကောင် တိုက်ပွဲဝင်နေကြပုံကို အမိအရ ဖမ်းယူ
ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံဆရာရဲ့ဓာတ်ပုံစွမ်းရည်ကလည်း နည်းနည်းနှောနှော အရည်အချင်းတော့ မဟုတ်လောက်ပါဘူး။


ဒီ သတ္တ၀ါနှစ်ကောင်ဟာ ဘာကြောင့်တိုက်ခိုက်နေကြတာလဲ။ တကယ်တော့ တစ်တီတူးငှက်ရဲ့ အသိုက်အမြုံထဲမှာ ရှိတဲ့ ဥတွေကို စားသောက်ဖို့ ကျုးကျော်ဝင်ရောက်လာတဲ့ မြွေကို တစ်တီတူးငှက်က ပြန်လည်တိုက်  ခိုက်ပြီး ကာကွယ်နေတာပါ။


အဲ့ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကမှာရှိတဲ့ Kruger ဆိုတဲ့ အမျိုးသားပန်းခြံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ဓာတ်ပုံဆရာတဦးက အမိအရ ရိုက်ကူးနိုင်ခဲ့တာပါ။




Ref:people's china daily


သူငယ်ချင်းတွေ၊ ချစ်သူတွေအတွက် Couple Shirt

Posted: 04 Oct 2015 11:49 PM PDT




စတိုင် ရှိမှ စတားဖြစ်မယ် ဆိုတဲ့ စကားအတိုင်းလူငယ်တွေဟာစတားဖြစ်ဖို့အတွက် စတိုင်ကို ဦးစားပေးလာကြပါပြီ။ ဒီလိုဦးစာပေးလာတဲ့နေရာမှာ အတိုအပြတ်တွေ ဝတ်မှ စတိုင်ကျမှာ မဟုတ်ပဲလုံခြုံပြီးသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုကလည်း စတိုင်ကျစေတယ်ဆိုတာကို သတိပြုကြရမှာပါ။

ခုခေတ်မှာ T-shirt လေးတွေကို ယောက်ျားလေးတွေသာမကဘဲ မိန်းကလေးတွေပါ မက်မက်မောမောဝတ်ဆင် လာကြပါပြီ။ အိမ်နေရင်းပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် T-shirt လေးတွေကို Jeans လေးတွေနဲ့ တွဲဖက်ပြီး ဖက်ရှင်ကျကျလေး ဝတ်ဆင်လာကြတာ အခုခေတ် လူငယ်လေးတွေရဲ့ စတိုင်ပါပဲ။

မရိုးလွန်းမဆန်းလွန်တဲ့ ဖက်ရှင်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ လူငယ်စတိုင်တခုအတွက် T-shirt နဲ့ Jeans က   အကောင်းဆုံးလို့ ဆိုရမှာပါ။ အဲဒီလို T-shirt လေးတွေကို ချစ်သူစုံတွဲလေးတွေအတွက် အရောင်တူ၊ အ  ဆင်တူ Couple shirt လေးတွေအဖြစ်လည်း တွေ့မြင်လာကြရပါတယ်။

ချစ်သူတွေရဲ့ အမှတ်အသားတွေဖြစ်တဲ့ လက်စွပ်ဆင်တူ၊ ဆွဲကြိုးဆင်တူစသည်ဖြင့် ဆင်တူလေးတွေ ဝတ်ဆင် အသုံးပြုကြတဲ့ အလေ့အကျင့်လေးကလည်း တကယ့်ကိုချစ်စရာပါပဲ။ အဲဒီလိုဆင်တူလေးတွေထဲမှာအင်္ကျီ ဆင်တူဝတ်ကြတာတော့ ပိုများပါတယ်။ Valentine' s day နှစ်ပတ်လည်နေ့နဲ့ အမှတ်တရနေ့တွေမှာ ဆင်တူအင်္ကျီလေးတွေဝတ်ပြီး လျှောက်လည်  တတ်ကြပါတယ်။

ဒီလိုဆင်တူပစ္စည်းလေးတွေကိုချစ်သူတွေချည်းမဟုတ်ဘဲ၊ သူငယ်ချင်းတွေနဲ့ပါ အသုံးပြုကြပါတယ်။ Best Friend Forever ဆိုတဲ့ BFF တွေအကြားမှာ ဒီအမူအကျင့်လေးကို အများဆုံးတွေ့ရပါတယ်။ သူငယ်        ချင်းတွေကို လက်ဆောင်ပေးတာမျိုး၊ သူတို့နဲ့အတူတူ ဝတ်ဆင် အသုံးပြုတာမျိုးစတဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့် လေးပါပဲ။

ဒီတပတ်မှာတော့ မိမိတို့ ချစ်သူခင်သူတွေနဲ့ ဆင်တူဝတ်ဆင်နိုင်မယ့် အင်္ကျီလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ Couple shirt လေးတွေကို Online shopping မှာကော နီးစပ်ရာ Shopping mall တွေမှာပါ ဝယ်ယူနိုင်ပါတယ်။


ထက်ဦးဝေ


0 comments:

Post a Comment