The Irrawaddy's Blog |
- လမ်းပေါ်ကလူတဦးနှင့်လမ်းပေါ်ကကြောင်ကလေးတကောင်တို့ရဲ့သံယောဇဉ်
- Ford Edge တွေဆိုရင် အရောင်မရွေးပဲ ၀ယ်လက်ကြိုက်ပါ့မလား …
- MPT ရဲ့ဆုပေါင်း (၇) သောင်းပါဝင်တဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်ပြုလုပ်မည်
| လမ်းပေါ်ကလူတဦးနှင့်လမ်းပေါ်ကကြောင်ကလေးတကောင်တို့ရဲ့သံယောဇဉ် Posted: 24 Nov 2015 10:52 PM PST လောကမှာ မမြင်ရတဲ့ သံယောဇဉ် ဆိုတာ တော်တော်ထူးဆန်းအံ့သြဖို့ကောင်းလှပါတယ်။ သံယောဇဉ်နှောင်ဖွဲ့လို့ လူအချင်းချင်း ချစ်ခင် စုံမက် တွယ်တာကြသလို လူနဲ့ တိရိစ္ဆာန်တို့အကြား မမြင်ရတဲ့ သံယောဇဉ် တွယ်တာမှုများဟာလည်း သက်ရှိလောကကြီးမှာ တည်ရှိလို့နေတာပါ။ အဲ့ဒီသံယောဇဉ်တွေကြောင့်လည်း မပြည့်စုံတဲ့ ဘ၀တွေ ပြည့်စုံသွားရသလို အဲ့ဒီသံယောဇဉ်နှောင်ဖွဲ့မှုကပေးတဲ့ ပူလောင်သောကတွေကြောင့်ပဲ ဘ၀ကို အရှုံးပေးသွားရတဲ့အထိ ဖြစ်ပျက်ခဲ့ရတာတွေလည်း ဒုနဲ့ဒေးပါ။ အခု ပြောပြချင်တာကတော့ အိမ်ခြေယာမဲ့လူတယောက်နဲ့ အိမ်ခြေယာမဲ့ ကြောင်ကလေးတကောင်တို့ရဲ့အကြားက မမြင်ရတဲ့ သံယောဇဉ်လေးတွေပါ။ အိမ်ခြေယာမဲ့ အဆိုတော် ဂျိမ်းစ်ဘိုဝမ် ဆိုသူဟာ အိမ်ခြေယာမဲ့နေတဲ့ ဘော့ဂ်ဆိုတဲ့ ကြောင်ကလေးနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ဘ၀တဆစ်ချိုးပြောင်းလဲခဲ့ရသူလို့ သိရပါတယ်။ တနေ့ မြေအောက်လမ်းတနေရာမှာ ဂျိမ်းစ်ဟာ ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ကြောင်ကလေးတကောင်ကို တွေ့ခဲ့ပါတယ်။ ကြည့်ရတာ အဲ့ဒီကြောင်ကလေးဟာ တခြားကြောင်တကောင်ကောင်နဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရလာပုံရပါတယ်။ ကြောင်ကလေးရဲ့ အခြေအနေဟာ ကူညီမှ ဖြစ်မယ့် အနေအထားဆိုတာ သိသာထင်ရှားလှပါတယ်။ ဒါကြောင့် ဂျိမ်းစ်ဟာ အဲ့ဒီကြောင်ကလေးကို ဆေးကုသပေးဖို့ရန် တိရစ္ဆာန်ဆရာဝန်ဆီကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ အဲ့ဒီနောက် ကြောင်ကလေးလည်း အနာရောဂါတွေပျောက်လို့ နာလန်ပြန်ထူလာနိုင်ခဲ့ပါတယ်။ အဲ့ဒီကြောင်ကလေးကို ဂျိမ်းစ်က ဘော့ဂ်လို့ အမည်ပေးလိုက်ပါတယ်။ ထို့နောက် ဂျိမ်းစ်ဟာ ကြောင်ကလေး ဘော့ဂ်ကို ပစ်ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးတော မိပါတော့တယ်။ ကြောင်ကလေးဘော့ဂ်ကလည်း ဂျိမ်းစ်သွားလေရာ နောက်ကနေ တကောက်ကောက်နဲ့ လိုက်ပါတော့တယ်။ ဂျိမ်းစ်က လမ်းသွားလမ်းလာတွေကို တီးမှုတ်ဖျော်ဖြေပေးပြီး ငွေးကြေးတောင်းခံတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်ပြုသူဆိုတော့ သူနဲ့ အတူ ကြောင်ကလေးဘော့ဂ်ကလည်း လိုက်ပါ အလှူခံပေးပါသတဲ့။ ချစ်စရာ ကြောင်လိမ္မာကလေးနဲ့အတူ အလှူခံဖျော်ဖြေမှုကြောင့် လမ်းသွားလမ်းလာတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာကာ သူတို့ကို ပိုပြီးလှူတန်းလာကြပါတော့တယ်။ ဂျိမ်းစ်က သူ့ရဲ့ စုတ်ပြတ်နေတဲ့ဂစ်တာအိုကြီးကိုတီးလို့ သီချင်းတပုဒ်ဆိုပြီးတိုင်း ကြောင်ကလေး ဘော့ဂ်ကို "ဟေ့ရောင်လာခဲ့ လက်ဝါးချင်းရိုက်မယ်" လို့ဆိုလိုက်ရင် ကြောင်ကလေး ဘော့ဂ်က မတ်တပ်ထရပ်ကာ သူ့လက်ကလေးနဲ့ လက်ဝါးချင်း ရိုက် နှုတ်ဆက်တတ်ပါတယ်တဲ့။ ထို့နောက် ဂျိမ်းစ်ဟာ သူ့ရဲ့လမ်းပေါ်က ဘ၀အဖြစ်အပျက်တွေကို ပုံဖော်ဖွဲ့ဆိုဖို့အတွက် စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဂျိမ်းစ်က ကြောင်ကလေး ဘော့ဂ်နဲ့ တွေ့ဆုံခဲ့ရလို့ သူ့ဘ၀ ပြောင်းလဲခဲ့ရတယ်ဆိုတာကို စာနဲ့ဖွဲ့မယ်ဆိုရင်တောင် စာဖွဲ့မမီနိုင်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိသူတို့နှစ်ဦးဟာ လန်ဒန်မြို့မှာနေထိုင်ကြပြီး ဂျိမ်းစ်ထုတ်ဝေခဲ့သော"လမ်းပေါ်က ကြောင်ကလေး အမည် ဘော့ဂ်" ဆိုတဲ့ စာအုပ်ဟာ ရောင်းအားကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစာအုပ်ကို ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့တာပါ။ Ref: dailymail,radass.com | ||
| Ford Edge တွေဆိုရင် အရောင်မရွေးပဲ ၀ယ်လက်ကြိုက်ပါ့မလား … Posted: 24 Nov 2015 01:27 AM PST
ဈေးကွက်မှာ Ford တွေရဲ့ အခုနောက်ပိုင်း နေရာရမှုက အမေရိက အခြေစိုက် ကားကုမ္ပဏီတွေထဲမှာတော့ မျက်နှာပန်း အလှဆုံးလို့တောင် ဆိုရမယ်ဗျနော်။ Chevy ရယ် Ford ရယ် အပြိုင်သဘောနဲ့ ပြည်တွင်းမှာ Showroom ဖွင့်ပြီး ရောင်းချနေသလို ပြည်တွင်းအကြိုက် Truck မော်ဒယ်တွေထဲကဆိုရင်လည်း Ford မှာ Rangerတွေ F Series တွေရှိနေသလို Chevy ကလည်း Colorado တွေ ရှိနေပေမယ့် Ford ရဲ့ မော်ဒယ်တွေကို နေရာတိုင်းလိုလိုမှာ တွေ့လာရတာကတော့ Ford အတွက် အားရစရာပါ။ အခုလည်း Ford ရဲ့ နောက်ထပ်မော်ဒယ်တစ်ခုဖြစ်တဲ့ Edge က Showroom အနေအထားနဲ့မဟုတ်ပဲ ပြင်ပကားရောင်းဝယ်ရေး ဈေးကွက်မှာပါ ရနိုင်လာတာတွေ့ရပါတယ်။ GMC Terrain လို မော်ဒယ်နဲ့ တခြား Cadillac လို SUV တွေ အတွက်ပြိုင်ဖက်ကောင်းဖြစ်လာနိုင်မယ့် Edge အနေနဲ့ ဈေးကွက်မှာ အထက်က ပြောခဲ့တဲ့ ပြိုင်ဖက်တွေ ထက် ဈေးနှုန်းချိုသာမှု အားသာချက်နဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ်တိုင်းမှာတော့ အသစ်စက်စက် ဖြစ်နေသည့် တိုင်အောင် အားသာချက်၊ အားနည်းချက်ရှိနေတတ်တာ ဓမ္မတာပါနော်။ အခုလည်း ပြင်ပဈေး ကွက်မှာ ရနိုင်နေတဲ့ Edge အတွက် အားနည်းချက်တစ်ချက် ရှိနေပါတယ်။ ဒါကတော့ အရောင်ပိုင်း ရွေးချယ်နိုင်မှုပါ။ SUV ဆိုတဲ့ သဘောတရားနဲ့ အမြင်ပိုင်း ဆွဲဆောင်နိုင်မှုက အနက်ရောင်လို တည်ငြိမ်တဲ့အရောင်နဲ့မှ ပိုမို လိုက်ဖက်တာပဲ ဖြစ်ပြီး အနီရောင်၊ အ၀ါလို အရောင်တွေနဲ့ ဆိုရင် SUV က သိပ်ပြီး မလိုက်ဖက်လှပါဘူး။ အထူးသဖြင့် ဇိမ်ခံလို မော်ဒယ်အနေနဲ့ စီးနင်းမယ့် မော်ဒယ်မှာ ဥပမာ GMC Terrain တွေဆိုရင် ပြည်တွင်းမှာ အနက်ရောင်အနေနဲ့ တည်တည်ငြိမ်ငြိမ် စီးနင်းနိုင်နေတာတစ်ချက်ပါ။ ဒီတော့ Showroom မဟုတ်တဲ့ ဈေးကွက်မှာ Edge ကို ဈေးချိုချိုနဲ့ရတာမှန်ပေမယ့် အရောင်ပိုင်း ရွေးချယ် နိုင်မှုမှာတော့ အားနည်းသွားပါတယ်။ တကယ်လို့ ကိုယ်လိုချင်တဲ့အရောင် ဆိုရင်တော့ ဈေးက ပြန်မြင့် သွားပြန်ပါတယ်။ ဈေးကွက်မှာတော့ ၂၀၀၈ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေကို အတွေ့ရများ ပြီးတော့ နှစ်ဘီးယက်စနစ် အင်ဂျင်စနစ်လည်း အနေတော်လောက်ပဲဖြစ်ပြီး အရမ်းကြီး မကြီးလှပါဘူး။ ဓါတ်ဆီ အင်ဂျင်စနစ်အနေနဲ့ ၀င်ရောက်တာတွေ့ရပြီး ခရီးဝေးနဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်တွေပါ ရနိုင်တဲ့ မော်ဒယ်တစ်ခုဖြစ်ပါတယ်။ မော်ဒယ်အနေနဲ့ Ori ပစ္စည်းတွေ တပ်ဆင်ပါရှိမှု များပြီးတော့ အထူးသဖြင့် အတွင်းခန်း အထိုင်နဲ့ အပြင်အဆင် တွေက မူလအတိုင်းကို ရနိုင်နေသေးတာပါ။ ကိုယ်ထည်ပိုင်း အရောင် တစ်ခုပဲ နည်းနည်း အဆင် မပြေနိုင်တဲ့ အနေအထားမှာတော့ ကျွန်တော်ကတော့ ပွဲတက်အနေနဲ့ ဒီလောက်ကြီး သုံးဖို့ မလိုအပ်ဘူး၊ ဇိမ်ခံအနေနဲ့ ဆိုရင်ပဲ အဆင်ပြေမယ်ဆိုရင် ဈေးချိုချိုနဲ့ ရနိုင်မယ့် Edge ကို အကြံပေးချင်တာပါ။ Pick-up Truck တွေနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုးကိုပဲ ပိုင်ဆိုင်ထားပြီးတော့ ဈေးနှုန်းပိုင်းမှာ သိန်း ၅၃၀ လောက် ခေါ် ကြတာ တွေ့ရပေမယ့် ကျွန်တော်တို့ ရာနှုန်းပြည့် သဘောမကျတဲ့ အရောင်အတွက်နဲ့ ဈေးနှုန်းကို သိန်း ၅၀၀ ၀န်းကျင် ထိအောင် ဆွဲချနိုင်လိုက်မယ်လို့ ထင်ရပါတယ်နော်။ လင်းထက် (IA) | ||
| MPT ရဲ့ဆုပေါင်း (၇) သောင်းပါဝင်တဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်ပြုလုပ်မည် Posted: 24 Nov 2015 12:44 AM PST
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ MPT ဆင်းမ်ကတ် သုံးစွဲသူပြည်သူများအတွက် ဆုမဲပေါင်း (၇) သောင်း ပါဝင်တဲ့ "ပျော်ရွှင်ကံထူးနှစ်သစ်ကူး" အမည်ရှိ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကို စတင်လိုက်ပါပြီ။ အဲဒီ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကြီးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာပါ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကစလို့ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်း ဆုမဲပေါင်း တသောင်းစီ ရွေးချယ်ပေးသွားမှာဖြစ်ပြီး ဆုမဲပေါင်း ၂ သောင်း ပါဝင်တဲ့ နောက်ဆုံး ကံထူးရှင် ရွေးချယ်ပွဲကြီးကိုတော့ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာလို့ သိရပါတယ်။ "ကျနော်တို့ရဲ့ MPT ၀န်ဆောင်မှုကို အသုံးပြုနေတဲ့ မိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို ထူးခြားတဲ့ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကြီးကို ပြုလုပ်ပြီး ဆုမဲတွေ အများကြီး ဖောက်ပေးမယ့် ပျော်စရာစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ၀န်ဆောင်မှုကိုလည်း ကောင်းအောင် ကြိုးစားနေသလို သုံးစွဲသူတွေကိုလည်း ပျော်ရွှင်ဖို့က အဓိက ရည်မှန်းချက် ဖြစ်ပါတယ်" လို့ MPT-KSGM Joint Opertaion ရဲ့ Chief Commercial Officer, Mr.Koichi Kawase က ပြောပါတယ်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အနည်းဆုံး ကံစမ်းမဲလက်မှတ်တစောင် ရရှိထားရမှာ ဖြစ်ပြီး လက်မှတ်များရရှိရန် သုံးထောင်ကျပ် ထပ်ပိုသော MPT ငွေဖြည့်ကတ်ကို ၀ယ်ယူဖြည့်သွင်းထားခြင်း သို့မ ဟုတ် e-top-up စနစ်ဖြင့် ဖြည့်သွင်းခြင်း၊ တမိနစ်ထက်ပိုသော MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှုများ ပြု လုပ်ခြင်း၊ MPT ဆင်းမ်ကတ် အသစ်များ ၀ယ်ယူစတင် အသုံးပြုခြင်းစတဲ့ နည်းလမ်းတွေနဲ့ ကံစမ်းမဲလက် မှတ်တွေ ရရှိမှာဖြစ်ပြီး လက်မှတ်များများ ရရှိပါက ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်း ပိုမိုရရှိမှာ ဖြစ်ပါတယ်။ ချီးမြှင့်ပေးမယ့် ဆုပေါင်း (၇) သောင်းထဲမှာ တိုယိုတာ လန်ခရူဇာကား တစီး၊ တိုယိုတာ ကိုရိုလာ ကား (၅) စီး (တပတ်လျှင် တစီး)၊ အိုင်ဖုန်း 6s အလုံး (၂၀)၊ iPad air 2 အလုံး (၂၀)၊ ၄၀ လက်မ Sony TV (၂၅) လုံး၊ တကျပ်သားရွှေဆွဲကြိုး အကုံး (၂၀) နဲ့ ငါးထောင်ကျပ်တန် MPT ငွေဖြည့်ကတ်ပေါင်း ၆၉၉၀၉ ခုကို ထည့်သွင်း ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။ "အပတ်စဉ် စနေနေ့တိုင်း၊ မနက် ၁၀ နာရီမှာ တပတ်စာ ကံစမ်းမဲတွေထဲက ဆုကြီးပေါက်တဲ့ ကံထူးရှင်တွေကို ရွေးချယ်ပြီး ဆုရရှိသူတွေကို MPT မှ ဖုန်းဆက်တာ၊ မက်ဆေ့ခ်ျပို့တာတွေ ပြုလုပ်ပြီး ချက်ခြင်းဆက်သွယ် အကြောင်းကြားပေးသွားမှာပါ။ MPT ရဲ့ Facebook စာမျက်နှာနှင့် LINE Official အကောင့်တွေကနေလည်း ကံထူးရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို နောက်ဆုံးဂဏန်း ၃ လုံးကို ဖျောက်ပြီး ကြေညာပေးသွားမှာပါ" လို့ MPT-KSGM Joint Operation ရဲ့ Marketing Strategy Manager ဦးထွန်းအေးမောင်က ပြောပါတယ်။ သူက ဆက်ပြီး "ဆုရရှိသူတွေကို စနေနေ့တိုင်း ည ၇ နာရီ ၁၅ မိနစ်ကနေ ၂၀ မိနစ် အတွင်း MRTV-4 မှာ ပြသနေတဲ့ Let's Talk အစီအစဉ်မှာလည်း ပြန်လည် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ငွေဖြည့်ကတ် ကံထူးသူတွေကိုလည်း စနေနေ့က စတင်ပြီး SMS ပေးပို့ အကြောင်းကြားသွားမှာပါ" လို့ ဆိုပါတယ်။ MPT GSM/WCDMA အသုံးပြုသူများ အနေဖြင့် ကံထူးရှင် ရွေးချယ်ပွဲအစီအစဉ်အတွင်း ကံစမ်းမဲ လက်မှတ်များကို စစ်ဆေးလိုပါက SMS နံပါတ် 3000 သို့ "lucky" ဟု SMS ပေးပို့ကာ စစ်ဆေးနိုင်ပြီး CDMA အသုံးပြုသူများအနေနဲ့ SMS နံပါတ် 3001 သို့ "lucky" ဟု SMS ပေးပို့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ MPT မှ Win Thin Associates အဖွဲ့ကို အဆိုပါ အထူးကံစမ်းမဲ အစီအစဉ်တွင် ကြီးကြပ်စစ်ဆေးသူ အဖြစ် ထားရှိသွားမည်ဖြစ်ပြီး ယင်းကံစမ်းမဲ အစီအစဉ်ကို MPT မှ ရုံးဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခွင့်မရှိဟု သတ်မှတ်ထားကြောင်းသိရပါတယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog. To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |















0 comments:
Post a Comment