The Irrawaddy's Blog |
- Lenovo မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက် ပိုလုပ်မည်
- စစ်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်ဆီး
- Huawei P7 နဲ့ရိုက်ပြီး လူအများဆုံးပါဝင်တဲ့ Selfie ဂင်းနစ် စံချိန်ချိုး
| Lenovo မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက် ပိုလုပ်မည် Posted: 27 Jul 2015 10:30 PM PDT ကမ္ဘာတဝှမ်း ICT နည်းပညာလောကမှာ ဦးဆောင်လျက်ရှိတဲ့ Lenovo ကုမ္ပဏီ မှ ၂၀၁၅ ခုနှစ်အတွက် Lenovo ရဲ့သက်ဆိုင်ရာ စီးပွားရေး အစိတ်အပိုင်းများ အလိုက် မြန်မာနိုင်ငံမှာ ပိုမို လျင်မြန် တိုးတက်အောင်မြင်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက်ပိုပြီး ပြုလုပ်သွားမယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ထိုးဖောက်ဦးဆောင်နိုင်ရန် ရည်ရွယ်ချက်နဲ့ Lenovo Channel Kick-off Ceremony ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ Lenovo မှ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်မှ စပြီး တိုးတက် ပြောင်းလဲလာတဲ့ ကုမ္ပဏီရဲ့ စီးပွားရေးလမ်းစဉ်နဲ့ ဗျူဟာတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ "လက်ရှိ မြန်မာနိုင်ငံမှာ ယေဘုယျအနေနဲ့ လူဦးရေ သန်း (၆၀) ရှိပြီး မြန်မာကွန်ပျူတာ ဈေးကွက်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၀.၅၁ သန်းကျော်ကနေ နောင်လာမယ့် ၂၀၁၆ ခုနှစ်မှာ ကန်ဒေါ်လာ ၂၃၃.၅၆ သန်းအထိ Compound Annual Growth Rate (CAGR) အရ ၁၆.၁ ရာခိုင်နှုန်း မြှင့်တက်လာနိုင်တယ်လို့ ကြိုတင်တွက်ဆထားပါတယ်" လို့ Lenovo အရှေ့တောင် အာရှဒေသရဲ့ Vice President & General Manager ဖြစ်သူ Dr.Harray Yang က ဆိုပါတယ်။ Lenovo ကနေ အဓိက အချက်အချာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့သက်ဆိုင်ရာ နေရာဒေသတွေကို ဈေးကွက်ထိုးဖောက် တိုးချဲ့ခြင်းများ၊ လက်လီရောင်းဝယ်များ တိုးချဲ့ခြင်း၊ သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံနှင့် ပိုမို သင့်တော်အကျိုးရှိစေမယ့် နည်းပညာသစ်များ ဆန်းသစ် တီထွင်ခြင်း စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Dr.Harray Yang က" အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့အချက်အချာဖြစ်ပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေး ဒေသတွေမှာ ပိုမို မြင့်မားလာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကွန်ပျူတာ စီးပွားရေး ဈေးကွက်မှာဆိုရင် Lenovo က ၂၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရောင်းအား အကောင်းဆုံး ကွန်ပျူတာ အမှတ်တံဆိပ်အဖြစ်လည်း နေရာယူခဲ့ပါတယ်" လို့ ပြောပါတယ်။ "ကျနော်တို့ အနေနဲ့က မြန်မာနိုင်ငံ ဈေးကွက်မှာ ထိုးဖောက်နိုင်မယ့် အခွင့်အလမ်းတွေ မြင့်တွေ့နေရပြီး အထူးသဖြင့် ဒီနှစ် ASEAN Economic Community အဖွဲ့အစည်းတွေအတွင်း ပိုမို ထိုးဖောက်နိုင်ဖို့ မျှော် လင့်ထားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရပ်ခြားက နည်းပညာတွေကို လျှင်မြန်စွာ လက်ခံနိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ဈေးကွက်အခွင့်အလမ်းတွေ ပိုမိုရရှိစေမယ့်လို့ မျှော်လင့်ပါတယ်" လို့ အင်ဒိုချိုင်းနားရဲ့Country General Manager ဖြစ်သူ Roland Chew က ပြောပါတယ်။ ဆက်ပြီး သူက "ကျနော်တို့ရဲ့ အဓိက ပန်းတိုင်က ၂၀၁၅ ခုနှစ် စီးပွားရေးနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ ICT စီးပွားရေးဈေးကွက်ကို ၂၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရဲ့နံပါတ် (၁) နေရာမှာ အခိုင်အမာ ရပ်တည် ဦးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။ Lenovo ကုမ္ပဏီက သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် နည်းပညာနယ်ပယ်တွေမှာ ပြောင်းလဲ ဆန်းသစ်မှုများနဲ့ နိုင်ငံတကာမှာ ဦးဆောင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ သန်းကျော် တန်ဖိုးရှိ ကုမ္ပဏီပေါင်း ၅၀၀ ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ Lenovo အနေနဲ့ PC နဲ့ Laptop Computer များ၊ Workstation, Server, Storage, Smart TV နဲ့ Smartphone များ၊ Tablet နဲ့ Application များကို ကမ္ဘာတဝှမ်းမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။ သီဟတိုး | ||
| စစ်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်ဆီး Posted: 27 Jul 2015 03:01 AM PDT
စစ်တွေမြို့ မင်းဂံရပ်ကွက် အမှတ် ၁၃ -၁၄ ရပ်ကွက်တွင် ဇူလိုင်လ ၂၆ ရက် ညနေ ၅း ၃၀အချိန်ခန့်က လေဆင်နှာမောင်း ရုတ်တရက် ၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ၁၉ လုံး ပျက်စီးသွားခဲ့ကြောင်း မင်းဂံရပ်ကွက်သားများက ပြောပါတယ်။ "လေယဉ်ပျံ ကျလာတဲ့ အသံလိုမျိုးကြားရတယ်။ ဘာအသံလဲဆိုပြီးပြောနေတုန်းပဲ ရှိသေးတယ် ။ ၀ုန်း ဆိုတာနဲ့ ကျွန်တော်တို့ အိမ်ခေါင်းမိုး မရှိတော့ဘူး " လို့ အမှတ် ၁၃ ရပ်ကွက်မှ နေအိမ် ပျက်စီးသွားခဲ့ရသူ ကိုကျော်ဆန်းက ဧရာဝတီကို ပြောပါတယ်။ အဲ့ဒီ မင်းဂံရပ်ကွက် အမှတ် ၁၃ - ၁၄ ရပ်ကွက်တွင် အမက ကျောင်းဆောင် ( သစ် ) ၌ ခေါင်းမိုးများပွင့်ကာ ကျောင်းဆောင်အဟောင်း အဆောက်အဦးမှာလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် အနီးမှ ကြက်မွေးမြူရေးခြံမှာလည်း ကြက်ကောင်ရေ သုံးထောင်ခန့် ဆုံးရှုံးသွားခဲ့ရကြောင်း သိရပါတယ်။ "ရထားလာသလိုလို အသံကြားတယ်။ အပြင်ကိုထွက်ကြည့်ချိန် မရလိုက်ဘူး ။ တစ်ခြံလုံး ပြိုကျသွားတော့ ကြက်တွေလည်း အထဲမှာ သွားတာပေါ့  " လို့ ကြက်ခြံပိုင်ရှင် ဦးမောင်သိန်းဝေက ဆိုပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အပျက်အစီးစာရင်းများကို ပေးပို့ထားသော်လည်း လက်ရှိအချိန်မှာ လာရောက်အကူညီပေးသော အဖွဲ့အစည်းများ မရှိသေးကြောင်း ၄င်းရပ်ကွက်နေ ဒေသခံများက ဆိုပါတယ်။ "ခေါင်းမိုးတွေ မရှိတဲ့ အိမ်သားတွေအတွက် အပေါ်က မိုးဖို့ မိုးကာ ပိတ်စတွေ လိုအပ်တယ်။ သူတို့အခု နေစရာ မရှိကြတော့ဘူး ။ မိုးကလည်း သဲတုန်းဆိုတော့ ဒုက္ခဖြစ်ရတာပေါ့ " လို့ ၁၃ ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော်သန်းက ပြောပါတယ်။ မင်းအောင်ခိုင် | ||
| Huawei P7 နဲ့ရိုက်ပြီး လူအများဆုံးပါဝင်တဲ့ Selfie ဂင်းနစ် စံချိန်ချိုး Posted: 27 Jul 2015 01:57 AM PDT တောင်အမေရိကတိုက်၊ ဘိုလီဗီးယားနိုင်ငံမှာ Huawei (ဘိုလီဗီးယား) မှ Selfie ဓာတ်ပုံ ရိုက်ကူးရာမှာ လူအများဆုံး ပါဝင်နိုင်ခဲ့တာကြောင့် ဇူလိုင်လ ၁၈ ရက်နေ့က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အဲဒီ Selfie ဓာတ်ပုံကို Huawei P7 စမတ်ဖုန်းရဲ့ အရှေ့ဖက်ကင်မရာနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံမှာ လူအယောက် (၂၆၈) ယောက် ပါဝင်ရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံအတွင်းမှာ ဘိုလီဗီးယားနိုင်ငံမှ တရုတ်သံအမတ်၊ မြို့တော်ဝန်၊ လားပါ့(ဇ်)မြို့ရဲ့ ယဉ်ကျေးမှုဝန်ကြီး၊ ဘိုလီဗီးယား ဘောလုံးအသင်းမှ မန်နေဂျာများ၊ ဘောလုံးသမားများနဲ့ ဘိုလီဗီးယား မြို့သူမြို့သားတွေ ပါဝင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရှိတဲ့ ဂင်းနစ်စံချိန်ရဲ့ တာဝန်ရှိသူတွေကနေ ဘိုလီဗီးယားမှာရှိတဲ့ Huawei ရုံးကို လာပြီးတော့ ဂင်းနစ်မှတ်တမ်း လက်မှတ်ကို ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |













0 comments:
Post a Comment