The Irrawaddy's Blog |
| လတ်တလော ခေတ်စားနေတဲ့ Minions လေးတွေ Posted: 28 Jul 2015 08:30 AM PDT ဒီတပတ်မှာတော့ လတ်တလောမှာ ရုံတင်ထားပြီး နိုင်ငံတကာမှာလည်း ပရိသတ်အားကောင်းကောင်းနဲ့ အားပေးခြင်း ခံနေရတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း လူကြီး၊ လူငယ် ကလေး အရွယ်မရွေးချစ်ကြတဲ့ Minions လို့ခေါ်တဲ့ အဝါရောင် အကောင်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ Minions လေးတွေက အခုမှစပြီး ခေတ်စားလာတာတော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ စပြခဲ့တဲ့ Despicable Me ကာတွန်းဇာတ်ကားရဲ့အဆက်ဖြစ်ပြီး Despicable Me 2 ဇာတ်ကားမှာဆိုရင် နိုင်ငံတကာမှာကော၊ မြန်မာမှာပါ ပရိသတ်တွေအားပေးခံခဲ့ရတဲ့ ဇာတ်ကားပါ။ ချစ်စရာကောင်းတဲ့ Minions အရုပ်လေးတွေဟာဆိုရင် အရုပ်အနေနဲ့ကော၊ တီရှပ်တွေ၊ ဖုန်းကာဗာတွေ၊ လူငယ်နဲ့ကလေး အသုံးအဆောင် ပစ္စည်းတော်တော်များများမှာပါ နေရာယူလာခဲ့ကြပါတယ်။ Despicable 1, 2 တုန်းကတော့ Minions လေးတွေက အဓိက ဇာတ်လိုက်မဟုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ရှိထားတဲ့ Minions ဇာတ်ကားကတော့ Minions လေးတွေအကြောင်းကိုပဲ အဓိက သီးသန့်ရိုက်ပြထားတာပါ။ Minions ဇာတ်ကားမှာက သူတို့အကြောင်းကို အဓိကထား ရိုက်ပြထားတယ်ဆိုတော့ ပထမဦးဆုံး ဇာတ်ကား အစမှာ Yello Organisms လို့ခေါ်တဲ့ ဒီအဝါရောင် Minions အကောင်လေးတွေရဲ့ ဟိုးကမ္ဘာဦး အစကတည်းက ခေတ်အဆက်ဆက် သူတို့အလုပ်အကျွေးပြုဖို့ သခင်ကို ရှာဖွေခဲ့ကြပါတယ်။ ဒိုင်နိုဆောခေတ်၊ ကျောက်ခေတ်လူသားခေတ်၊ အီဂျစ်ခေတ်စတဲ့ ခေတ်အဆက်ဆက်ကနေ နပိုလီယံ ခေတ်တိုင်အောင် လွဲချော်မှုအမျိုးမျိုးနဲ့ သခင်ရှာဖွေမှုပြုခဲ့တာ၊ သခင်တွေကို ဆုံးရှုံးလိုက်၊ ထပ်ရှာဖွေလိုက် ပြုခဲ့ပုံတွေကို ရယ်ချင်စဖွယ် ဟာသဖြစ်အောင် ရိုက်ပြထားပါတယ်။ Stuart, Bob နဲ့ Kavin လို့ အမည်ရတဲ့ ပုံစံမတူ၊ အရွယ်အစားမတူတဲ့ Minions ဇာတ်ကောင် သုံးကောင်က သူတို့ရဲ့ Minions တွေအတွက် သခင်ရှာပုံတော်ဖွင့်ဖို့ကို ပင်လယ်ပြင်ကိုဖြတ် ခရီးနှင်ခဲ့ကာ ၁၉၆၀ ခုနှစ်ဆိုတဲ့ အချိန်ကာလမှာ New York မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီ Minions ဇာတ်ကားမှာပြထားတဲ့ ၁၉၆၀ ခုနှစ် အချိန်က Despicable Me 1, 2 ဇာတ်ကားထဲက Minions တို့ရဲ့ သခင် Guru နဲ့ မတွေ့ခင် လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အချိန်ကာလတခုကို ရိုက်ပြ ထားတာပါတဲ့။ ဒီကားမှာတော့ Minions လေး သုံးကောင်က New York ကို ရောက်ရှိတဲ့အခါ Scarlet ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပြီး အင်္ဂလန်နိုင်ငံ ဘုရင်မကြီး Queen Elizabeth ရဲ့ သရဖူကို လိုချင်နေတဲ့ Scarlet ကို သခင်မအဖြစ် တင်မြှောက်ပြီး အကူအညီပေးရင်း အလွဲလွဲ အချော်ချော်ဖြစ်ခဲ့ကြတဲ့ Minions လေးတွေက ဘယ်လို ချစ်စဖွယ် ဟန်ပန်အမူရာလေးတွေနဲ့ ဟာသမြောက်အောင် သရုပ်ဆောင်သွားမလဲဆိုတာကိုတော့ မိနစ် ၉၀ ကျော်ကြာ ဒီကာတွန်းဇာတ်ကားလေးကို ကိုယ်တိုင်သွားကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ Universal Pictures နဲ့ Illumination Entertainment ကနေ ပူးပေါင်း တင်ဆက်ထားတဲ့ ဒီဇာတ်ကားကို Brain Lynch က ရေးသားထားပြီး ဒါရိုက်တာ Pierre Coffin နဲ့ Kyle Balad တို့က ရိုက်ကူးထားကာ Chiris Meldandri နဲ့ Janet Healy တို့က ထုတ်လုပ်ထားတာပါ။ ဒီဇာတ်ကားအတွက် အသံသရုပ်ဆောင်တွေအနေနဲ့ Sandra Bullock, Jon Hamn, Michael Keaton, Alison Janney, Steve Coogan တို့က ပါဝင်ထား ပြီး Geoffrey Rush က Narration လုပ်ပေးထားပါ တယ်။ မြန်မာနိုင်ငံမှာလက်ရှိ ရန်ကုန် ရှေ့ဆောင်၊ မင်္ဂလာ စံပြ၊ မန္တလေး မင်္ဂလာဒိုင်းမွန်းနဲ့ လားရှိုး အောင်သီရိရုပ်ရှင်ရုံ တို့မှာ ရုံတင်ပြသလျက်ရှိပြီး ရှေ့ဆောင်ရုပ် ရှင်ရုံ အနီးမှာဆိုရင် ကလေးငယ်တွေအတွက် Minions ဝတ်စုံလေးတွေလည်း ရောင်းချပေးနေတာကို တွေ့ရပါတယ်။ Shopping Center တွေနဲ့ Gift Shop တွေမှာဆိုရင် Minions အရုပ်လေးတွေနဲ့ Minions ပုံပါတဲ့ အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း ပြန်လည် ခေတ်စားနေတာ တွေ့ရပါတယ်။ Despicable Me 1, 2 တုန်းက ရုံတင်ရုံလျှံနဲ့ နိုင်ငံတကာမှာကော မြန်မာမှာပါ ပရိသတ်အများအပြားနဲ့ အောင်မြင်ခဲ့တဲ့ Minions အကောင်လေးတွေက အခုတခါမှာလည်း ဇာတ်လိုက် ဇာတ်ကောင် အနေနဲ့ တဖန်ပြန်လာပြီဆိုတော့ချစ်စဖွယ် ဟန်ပန် အမူအရာလေးတွေနဲ့ လူကြီး၊ လူငယ်၊ ကလေးတို့ရဲ့ အချစ်ကို အပြည့်အဝ ရယူထားတဲ့ Minions ကောင်လေးတွေ အကြောင်း အနည်းငယ် ဝေမျှပေးလိုက်ပါတယ်။ သီဟတိုး |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |








0 comments:
Post a Comment