Related Posts Plugin for WordPress, Blogger...

August 25, 2015

The Irrawaddy's Blog

The Irrawaddy's Blog


သူမအတွက်တော့ ကမ္ဘာပြိုတဲ့နေ့တစ်နေ့

Posted: 24 Aug 2015 10:50 PM PDT


ကျန်ရစ်ခဲ့တဲ့ ချစ်သူ ခရစ်ဆူဒါ (photo - bangkok post)

ပြီးခဲ့တဲ့ တနလာင်္နေ့က ဘန်ကောက်မြို့လေးမျက်နှာဘုရားမှာ ဗုံးပေါက်ကွဲခဲ့ပြီး အသက် (၃၈)နှစ် အရွယ်ရှိ ယွတ်သနာရုန်စင်ဂလာဟာ အဲဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အသက်သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ကိုတော့ ဘန်းနနိုင်းဘုန်းကြီးကျောင်းမှာပြုလုပ်ခဲ့ပြီး မိသားစုနဲ့ သူငယ်ချင်းများက သူ့ကိုနောက်ဆုံး နှုတ်ဆက်စကားဆိုခဲ့ကြပါတယ်။ ယွတ်သနာရုန်ဟာ ဆူကွန်ဗစ် မြို့နယ်ရှိ ပုဂ္ဂလိက လုပ် ငန်းတစ်ခုအတွက် အောက်ခြေသိမ်းအလုပ်သမားတဦးအဖြစ် အလုပ်လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ အဲ့ဒီညနေ (၆)နာရီ ၀န်းကျင်မှာ ယွတ်သနာရုန်ဟာ စန်ထရယ်ဝေါလ် ဈေးဝယ်စင်တာမှာရှိတဲ့ ဖောက်သည်    တဦးထံ ပစ္စည်းပို့ဖို့  အမြန်ရထားလိုင်းကို စီးနှင်းလိုက်ပါလာပါတယ်။

ယွတ်သနာရုန်ရဲ့ ချစ်သူမိန်းကလေးဟာ အသက် (၃၀)အရွယ်ရှိ ခရစ်ဆူဒါ နရွန်ပလင်း ဖြစ်ပြီး ညနေ (၆)နာရီ (၄၅)မိနစ်မှာ ယွတ်သနာရုန်နဲ့ နောက်ဆုံး ဖုန်းအဆက်အသွယ်ရခဲ့တာပါ။ သူမဟာ နောက်ထပ် နာရီဝက် အတွင်း အိမ်ပြန်လာမယ့် ယွတ်သနာရုန်ကိုစောင့်မျှော်နေခဲ့ပါတယ်။ ယွတ်သနာရုန်ကလည်း အဲဒီ ပစ္စည်း ပို့ပေးပြီးရင်တော့ အလုပ်သိမ်း အိမ်ပြန်လာတော့မှာပါ။

သို့ပေမယ့် သူမဟာ နောက်ထပ်နာရီဝက်လောက်အကြာမှာ ယွတ်သနာရုန်ကို ဖုန်းခေါ်ကြည့်တော့ အဆက်အသွယ်မရတော့ပါဘူး။ ယွတ်သနာရုန်ရဲ့ ဖုန်းဘက်ထရီအားကုန်သွားလို့ ဖြစ်မယ်လို့ပဲ သူမက ထင်နေခဲ့မိတာပါ။ အဲဒီညမှာ သူမအိပ်လို့ မရခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ ယွတ်သနာရုန်ရဲ့အစ်ကိုက သူမကို ဖုန်းခေါ်လာပြီး ရဲဖက်ဆိုင်ရာ အထွေထွေဆေးရုံကို လိုက်လာခဲ့ဖို့ အကြောင်းကြားလာပါတယ်။ အဲဒီအချိန်ထိ သူမဟာ ယွတ်သနာရုန်နဲ့ပတ်သက်လို့ ထွေထွေထူးထူး ဘာတစ်ခုမှ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အဆိုးဆုံးဖြစ်ရင် ကားမတော်တဆမှုလောက်ဖြစ်မယ်လို့ပဲ သူမ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံကို သူမရောက်တဲ့အချိန်မှာတော့ သူမရဲ့ကမ္ဘာတစ်ခုလုံး ပြိုလဲသွားခဲ့ပါတယ်။

"ကျွန်မ မနေ့ညက တညလုံး ယွတ်သနာရုန်ကို ဖုန်းခေါ်ခဲ့ပါသေးတယ်။ နောက်တစ်နေ့ မနက်မှာတော့ သူ့အစ်ကိုက ကျွန်မကို ဖုန်းနဲ့ ဆက်သွယ်လာပါတယ်။  တကယ်တော့ သူ့အစ်ကိုက သူသေသွားပြီဆိုတာကို သိနှင့်ပြီးသား ဖြစ်နေပါပြီ။ ဒါပေမယ့် သူလည်း ကျွန်မကို ပြောမထွက်ခဲ့ဘူးထင်ပါတယ်။ သူက သူနဲ့အတူ ဆေးရုံလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကျွန်မထင်တာက ယွတ်သနာရုန်တစ်ယောက် သာမန်မတော်တဆမှုနဲ့ တွေ့လို့ ဆေးရုံကို လိုက်ကြည့်ခိုင်းတယ်လို့ ထင်ခဲ့တာပါ။ ဆေးရုံရောက်တဲ့အခါမှာတော့ ကျွန်မမှာ ခံနိုင်ရည်လုံးဝကို မရှိခဲ့တော့ပါဘူး။" လို့ ယွတ်သနာရုန်နဲ့ လက်ထပ်မယ့်သူ ခရစ်ဆူဒါ နရွန်ပလင်းဆိုသူ အမျိုးသမီးက ပြောပြခဲ့ပါတယ်။

ခရစ်ဆူဒါဟာ ယွတ်သနာရုန်နဲ့ (၆)နှစ်တာမျှ အတူနေထိုင်ခဲ့ပြီး မကြာခင်အချိန်မှာ လက်ထပ်ဖို့ စီစဉ်ထား  ကြသူများ ဖြစ်ပါတယ်။ ခရစ်ဆူဒါရဲ့မိဘများကတော့ ယွတ်သနာရုန်ဟာ ခရစ်ဆူဒါနဲ့ အသက်ကွာနေတာမို့ အိမ်ထောင်တစ်ခု ထူထောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆထားကြပါတယ်။ အဲဒီအယူအဆမှားကြောင်းကို သက်သေပြဖို့ သူတို့ကလည်း လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြတာပါ။

သေဆုံးသွားခဲ့တဲ့ ယွတ်သနာရုန်နှင့် သူ့ချစ်သူ ခရစ်ဆူဒါ
"ယွတ်သနာရုန်ဟာ အတည်တကျဖြစ်တဲ့ ဆက်ဆံရေးမျိုးကို    လက်ခံနိုင်ပါ့မလားလို့ ကျွန်မရဲ့ မိဘတွေ စိတ်ပူမိခဲ့ကြပါတယ်။ ကျွန်မတို့ကို အတူနေထိုင်ခွင့်ပြုခဲ့ပေမယ့် ကလေးတော့ ယူခွင့်မပေးခဲ့ပါဘူး။ ဒါပေမယ့်  ကျွန်မတို့နှစ်ယောက် လက်ထပ်ပြီး ကလေးယူဖို့ စီစဉ်ခဲ့ကြပါတယ်။ သူက သမီးမိန်းကလေး လိုချင်တာလေ။" လို့    ခရစ်ဆူဒါက ဆိုပါတယ်။

ယွတ်သနာရုန်မှာ အလုပ်အကိုင်နှစ်မျိုးရှိပြီး တစ်မျိုး   ကတော့ ပစ္စည်းပို့ဆောင်တဲ့ ပြာတာအလုပ်ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဆိုင်ကယ်တက္ကစီ ဆွဲတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သူဟာ မနက်(၅)နာရီဆို အိပ်ယာထတတ်ပြီး အပိုဝင်ငွေရအောင် ဆိုင်ကယ်တက္ကစီ ဆွဲပါတယ်။ မ    နက်ဆိုရင် ခရစ်ဆူဒါကို သူမရဲ့ ရုံးခန်းမှာ အရင်ချထား  ပြီးမှ သူ့အလုပ်ကို သွားတတ်ပါတယ်။ သူ့ရဲ့ဆိုင်ကယ်တက္ကစီအလုပ်နဲ့ အခြားအပိုစောင်း အလုပ်အကိုင်လေးတွေကနေ တစ်နေ့ကို ဘတ် (၁၅၀၀)လောက်    ၀င်ငွေရရှိခဲ့ပါတယ်။ သူတို့စုထားတဲ့ ငွေလေး နဲ့ ဆာရာဘူရီမှာရှိတဲ့ ပေတစ်ရာပတ်လည် မြေကွက်တစ်  ကွက်ကို ၀ယ်ယူထားခဲ့ပါတယ်။ အဲဒီ မြေကွက် ကလည်း သူမရဲ့မိဘတွေအိမ်နဲ့ သိပ်မဝေးပါဘူး။

"မြေကွက်ဝယ်ဖြစ်သွားတာက ကျွန်မရဲ့စိတ်ကူးပါ။ ကျွန်မမိဘတွေက အသက်ကြီး လာကြပြီဆိုတော့ သူတို့နဲ့ နီးနီးနားနားနေချင်တာ ကျွန်မဆန္ဒပါ။ အဲဒီနေရာမှာနေရင် သူ့အလုပ်ပြောင်းရမှာကို သိရက်နဲ့ သူက လုံးဝ မကန့်ကွက်ခဲ့ပါဘူး။ သူက ကျွန်မမိသားစုဝင်တွေ သူ့ကို သဘောကျနှစ်သက်လာအောင်လို့ ကျွန်မတို့အတွက် အမြဲတစေ စဉ်းစားပြီး လိုက်လျောပေးခဲ့သူလည်း ဖြစ်ပါတယ်" လို့ ခရစ်ဆူဒါကဆိုပါတယ်။

ယွတ်သနာရုန်ဟာ ခရစ်ဆူဒါကို တကယ်ကြည့်ရှုစောင့်ရှောက်ခဲ့သူဖြစ်ရုံမက လွှမ်းမိုးနိုင်မှုရှိသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် သူမဟာ ယခုတော့ စိတ်ရှည်တဲ့သူ၊ ရင့်ကျက်တဲ့သူဖြစ်လာခဲ့ပါပြီ။ "လွန်ခဲ့တဲ့ (၆)နှစ်တုန်းက ကျွန်တို့နှစ်ယောက် စကားများခဲ့ဖူးတယ်။ ကျွန်မက စိတ်တွေလှုပ်ရှားပြီး ဂဏာမငြိမ်ဖြစ်နေ ချိန်မှာ သူကတော့ အားလုံး ငြိမ်သက်သွားတဲ့ အထိစောင့်နိုင်ခဲ့တယ်။ ကျွန်မတကယ်ပဲ ပြောင်းလဲသွားတယ်လို့ သူများတွေကပြောတယ်။သူ့ကြောင့် ကျွန်မမှာ ပြောင်းလဲမှုတွေ ရှိလာခဲ့တယ်ဆိုတာ ကိုလည်း သူများတွေကသိတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မပြောင်းလဲလာခဲ့ပါတယ်။"လို့ ခရစ်ဆူဒါက ပြောပါတယ်။

အသက် (၄၄)နှစ်အရွယ်ရှိ ဖခဖုန် စင်ဂလာဆိုသူကတော့ သေဆုံးသူ ယွတ်သနာရုန်ရဲ့အစ်ကိုကြီးဖြစ်ပြီး အင်္ဂါနေ့မနက်ပိုင်းမှာ ရဲဖက်ဆိုင်ရာအထွေထွေဆေးရုံမှ ၀န်ထမ်းတစ်ဦးဟာ အလောင်းလာယူဖို့ သူ့ကို    ဆက်သွယ်လာခဲ့ပါတယ်။ သူကလည်း ညီဖြစ်သူ ယွတ်သနာရုန်ကို အကူအညီပေးဖို့ နိုင်ငံတော်ကို        တောင်းဆိုခဲ့ပါတယ်။

"ကျွန်တော့်ညီမှာ အရင်မိန်းမနဲ့ရထားတဲ့ ဆူပါဝပ်နဲ့ နတ်တသ၀ပ်ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သူဟာ မိသားစုအတွက် အဓိက ၀င်ငွေရှာပေးနေသူပါ။ ကျွန်တော်ကတော့ ဗုံးဒဏ်သင့်တဲ့ ပြည်သူတစ်ဦးရဲ့မိသားစုဝင် တစ်ဦးအနေနဲ့ ဗုံးဖောက်ခွဲသူကို အမြန်ဆုံးရှာဖွေပေးဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အစိုးရမှတဆင့် တောင်းဆိုထားပါတယ်။"လို့ အစ်ကိုဖြစ်သူက ပြောဆိုထားပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/663600/woman-world-falls-apart-as-boyfriend-slain 


အမျိုးသမီးခန္တာကိုယ်ပေါ်က စားသောက်ဖွယ်ရာ

Posted: 24 Aug 2015 09:13 PM PDT




တရုတ်ပြည် ရှန်ဇီပြည်နယ်မှာရှိတဲ့ တိုင်ရွမ်ဆိုသော ဘားတခုတွင် အတွင်းခံအ၀တ်အစားသာ ၀တ်ဆင်ထားကာ စွဲမက်စရာကောင်းပြီးလှပတဲ့ အမျိုးသမီးတို့ရဲ့ ခန္တာကိုယ် နေရာအနှံ့အပြားပေါ်မှာ အနေအထားတကျ တင်ထားသော ဆူရှီအစားအစာများကို တဏှာရာဂစိတ်မျိုးနှင့်မဟုတ်ဘဲ ပျော်ရွှင်ကြည်နူးစွာ လာရောက် စားသောက်နိုင်တဲ့ စားသောက်ပွဲ အစီအစဉ်တခုကို ပြုလုပ်ခဲ့ပါတယ်။


ဒါဟာ "Nyotaimori"လို့ဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့ရိုးရာတီထွင် ဖန်တီးမှုဖြစ်ပြီး "အမျိုးသမီးခန္တာကိုယ်ပေါ်က စားသောက်ဖွယ်ရာ" လို့ အဓိပ္ပာယ်ရပါတယ်။ ဒီရိုးရာဟာ ဂျပန်နိုင်ငံရဲ့ ဆာမူရိုင်းခေတ်ကာလလောက်က စခဲ့တယ်လို့ ဆိုပါတယ်။


ဒီစားသောက်ပွဲဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံးပြုလုပ်တဲ့ပွဲလို့ ဆိုလို့မရပါဘူး။ တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရန်းရှိ မိုဘိုင်းပြပွဲတခုမှာလည်း ကားတွေပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသမီးမော်ဒယ်လ်မလေးတွေရဲ့    ခန္တာကိုယ်ပေါ်တွေမှာ ခင်းကျင်းထားတဲ့ ဆူရှီ အစားအစာတွေကို လာရောက်သူ ပရိတ်သတ်အများက အခုလိုပဲ စားသောက်ခဲ့ကြဖူးပါတယ်။




Ref: CCTV news

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်

Posted: 24 Aug 2015 03:02 AM PDT



ဆေးဖက်ဝင် အရွက်၊ အခေါက်များရဲ့အစွမ်းသတ္တိကိုအထင်မသေးသင့်ကြောင်း ဖော်ပြလိုပါတယ်။   သွေးပြန်ကြောထုံးခြင်းအတွက် ဝေသိန္နီသီးကို သွေးလိမ်းကြည့်သင့်တယ်လို့ ဆိုပါတယ်။ ဝေသိန္နီဟာ  ဆေးဖက်ဝင်အပင်တမျိုးဖြစ်ပြီး သွေးကြောများကို အားကောင်းစေကာ ရောင်ရမ်းမှုကို လျှော့ချပေးကြောင်း လေ့လာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။     အထောက်အထားများစွာ မတွေ့ရှိရသော်လည်း ခ ရင်မ်အဖြစ်လည်း ဝယ်ယူရရှိနိုင်ပါတယ်။

ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန် ခံစားမှုကို ပြန်လည် ခံစားခြင်း

Posted: 24 Aug 2015 03:21 AM PDT


ဒါရိုက်တာ မောင်တင်ဦးနှင့် ဇနီး  

မြန်မာ့ရုပ်ရှင်လောကရဲ့ ဆရာတဆူလို့ အသိအမှတ်ပြုထားခဲ့ရတဲ့ အကယ်ဒမီများရှင် ဒါရိုက်တာ မောင်တင်ဦး ဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်၉ နာရီမှာပဲ သူနေထိုင်ရာ မန္တလေးမြို့မှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ သူ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပါပြီ။ ပါပါကြီးလို့ အများခေါ်ဝေါ်ကြတဲ့ ဒါရိုက်တာ မောင်တင်ဦးဟာ မြန်မာ့ရုပ်ရှင်ပညာရှင်တွေထဲမှာ အနုပညာရှင် တပည့်မွေးထုတ်တာ တော်တဲ့သူ တပည့်အများဆုံး မွေးထုတ်ပေးနိုင်ခဲ့သူ တဦးပါလို့လည်း သူ့ရဲ့ တပည့်အရင်းဖြစ်သူ အနုပညာရှင် ဇာဂနာက သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာမှာ ရေးသားထားတာပါ။ ဒါ့အပြင် ဒါရိုက်တာ မောင်တင်ဦးဟာ သရုပ်ဆောင်များသာမကဘဲ ဇာတ်ညွှန်ရေးဆရာ ဖလင်အယ်ဒီတာ စတာတွေကိုပါမွေးထုတ်ပေးနိုင်ခဲ့သူပါတဲ့။ သူမွေးထုတ်ပေးခဲ့သူတွေထဲမှာ နေအောင်၊ ဇင်ဝိုင်း၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ မေးသန်းနု၊ မေသဉ္ဇာဦး၊ သိဂီင်္  ထွန်း၊ ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဟိန်းစိုး၊ အောင်မင်းသိမ်း၊ ဇာဂနာ၊ ချစ်မင်းလူ၊ နိုင်နုရှိန်(ဖထီး)၊       ကိုဇော်(အာရုဏ်ဦး) စသူတို့တွေလည်း ပါဝင်ပါတယ်လို့ ဦးဇာဂနာက ရေးသားထားပါသေးတယ်။ ဒါရိုက်တာ   မောင်တင်ဦး ရဲ့ ဖန်တီးခဲ့တဲ့ အထင်ကရ ဇာတ်ကားတကားဖြစ်သော သင်္ကြန်မိုးဇာတ်ကားနဲ့ပတ်   သက်လို့ရော သင်္ကြန်ဆိုတဲ့ အရာအပေါ် သူဘယ်လိုခံစားချက်ရှိသလဲဆိုတာတွေရောကို ဧရာဝတီကနေ ၂၀၀၉ ခုနှစ် လောက်က မေးမြန်းဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီလိုမေးမြန်းဖြစ်ခဲ့တဲ့ အကယ်ဒမီများရှင် ဒါရိုက်တာ   မောင်တင်ဦးရဲ့ အင်တာဗျူးကို ယခု သူကွယ်လွန်ချိန်မှာ အမှတ်တရ အဖြစ်နဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။ ဒါရိုက်တာ မောင်တင်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ ဇော်ဝမ်းရဲ့ အကို အရင်းလည်းဖြစ်ပါတယ်။
--------------------------

ဒါရိုက်တာ မောင်တင်ဦးရဲ့ သင်္ကြန်ခံစားမှု

Friday, 10 April 2009 14:32

မြန်မာ့ရိုးရာသင်္ကြန် ယဉ်ကျေးမှုအနုပညာကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားဖြင့် သမိုင်းမှတ်တမ်းဝင်ဖန်တီးခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦးအား နှစ်ကူး အတာသင်္ကြန် အမှတ်တရအနေနှင့် ဧရာဝတီက ဆက် သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ မောင်တင်ဦးသည် ၎င်း ဖန်တီးရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲမှ ၁၉၇၂ ခုနှစ်က အကယ်ဒမီ စတင် ရရှိခဲ့သည့် နေထွက်သော ည ဇာတ်ကား အပါအ၀င် တခါက တဘ၀ ၊ သင်္ကြန်မိုး ၊ တိုက်ပွဲ ခေါ်သံ၊ နှလုံးလှ လူမိုက် စသည့် ရုပ်ရှင်ကား များဖြင့် အကယ်ဒမီ ၅ ဆုကို ဆွတ်ခူးရရှိထားသူ ဖြစ်သည်။ 

မေး။     ။ သင်္ကြန်အစီအစဉ် ဘာတွေများရှိသလဲ။

ဖြေ။     ။ ကျနော်က သင်္ကြန်အစီအစဉ်တော့မရှိသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က သင်္ကြန်ကို မန္တလေးနဲ့ ရန်ကုန် ဘယ်မှာ ကျရမှန်းမသိလို့ လေ၊ အဲဒါတွေဝေနေတာ၊ ဘာလို့ဆို ဒီအချိန်ကျတော့ လေ ကလေးတွေ လုပ် တာ ထိုင်ကြည့်ရတာတမျိုးကောင်းတယ်၊ ကလေးတွေက သူတို့ကလည်း လန်းတာကို ၊ အဲဒီတော့ သူတို့ရဲ့လန်း ဆန်းမှုလေးတွေ ကြည့်ပြီးတော့ ကိုယ်က အင်အားတခုရတာပေါ့ဗျာ၊ ကိုယ်က အသက်ကြီးပေမယ့် သင်္ကြန်ကျတော့ ပျော်ချင်တာပေါ့၊ ပျော်ချင်တယ်ဆိုတာကလည်း ရေပက်ခံလို့လည်း မရတော့ဘူးလေ၊ ကိုယ်က ရေပက်လို့ လည်း မရတော့ဘူး၊ အဲဒီတော့ ရေပက်ခံကြတာကို ရေပက်ကြတာကို ကိုယ်က တနေရာက ထိုင်ကြည့်၊ အဲဒီလို လေးပဲ နေလိုက်တာ ကောင်းတယ်လေ၊ ဒီ့ပြင်လူလိုလည်း တရားစခန်းဝင် ဘာညာ ဆိုတာကလည်း မဖြစ်နိုင်ဘူး၊ အဲဒီလိုလေး။

မေး။     ။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ အရင် သင်္ကြန်မိုးရုပ်ရှင်ကားမျိုးလို ရုပ်ရှင်အနုပညာ ဖန်တီးမှု အစီအစဉ် တွေကရော…။

ဖြေ။     ။ ကျနော် "အတာရေနဲ့ဆေးပါ့မယ်" ဆိုတာလေ၊ ရေဗက္ကာဝင်း၊ ဟန်ဇာမိုးဝင်းတို့နဲ့ ရိုက်ထားတယ်၊ ဗီဒီယို ကားလေး ပေါ့၊ ရန်ကုန်မှာပဲ ရိုက်တာ၊ အခု ဖြန့်နေတယ်၊ လူငယ်ကြိုက်လေးပေါ့ဗျာ၊ ဇော်ဝမ်းတို့ဘာတို့နဲ့ ပံ့ပိုး ထားတာပေါ့၊ ဇာတ်လမ်းက ကျနော့် ဇာတ်လမ်း၊ ဇာတ်ညွှန်းက မောင်မျိုး(မြန်မာစာ)ပါ။

ရန်ကုန်သင်္ကြန်ပဲ မရိုက်တော့ သလိုဖြစ်နေလို့ လေ၊ ရန်ကုန်သင်္ကြန် အတိုင်းပဲ ရိုက်တာပေါ့နော်၊ ဇာတ်သဘော လေးကတော့ သင်္ကြန်တိုင်း သင်္ကြန်တိုင်းမှာဗျာ၊ မင်းသားက အူတူတူ အတတနဲ့လေ၊ သင်္ကြန်သာကုန်သွား နှစ်တွေသာ ညောင်းသွားတယ်၊ သူက တကိုယ်တည်း လူပျိုကြီးဖြစ်နေတဲ့ ဟန်ဇာမိုးဝင်းပေါ့နော်၊ အဲဒီလို ဇာတ် လမ်းလေး ။ 

မေး။     ။ ဒီကားနဲ့ ဆိုင်တဲ့ သင်္ကြန်ဇာတ်ဝင်တေးတွေ အသစ်လုပ်သုံးတာမျိုးရောရှိလား။

ဖြေ။     ။ မပါဘူး ခင်ဗျ၊ အဲဒါတော့ မပါဘူး၊ ဗီဒီယို ကားအနေနဲ့လည်း ဘယ်လိုမှလုပ်လို့မရပါဘူး၊ ထွက်ပြီးသား သင်္ကြန်တီးလုံးလေးတွေရယ်၊ ရေဗက္ကာရဲ့ Dancer (အက) သီချင်းရယ်၊ နောက် ကလေးတွေရဲ့ Love နဲ့ ပတ် သက် တဲ့ သင်္ကြန်သီချင်းလေးတွေလည်း သူ့ခေတ်နဲ့ အလိုက်ပေါ့နော်၊ ဒါပါပဲ။

ဒီ ဗီဒီယိုကားလေးက ပေါချောင်ကောင်းလေးပါပဲ၊ ဗီဒီယိုဈေးကွက်အတိုင်းလေးပဲ ရိုက်ပေးလိုက်ရတာ၊ ဒီ သင်္ကြန်တွင်းမှာ ပျော်စရာလေးတခုပေါ့၊ ပြုံးလိုက်ရင် တော်ပါပြီ၊ ဒီကားလေးကြည့်ပြီး ပြုံးလိုက်ရင်တော်ပြီ၊ အဲဒီလောက်လေးပါပဲ၊ သင်္ကြန်ကျတော့ ပြုံးကြ ရယ်ကြတာချည်းပါပဲ၊ နည်းမျိုးစုံနဲ့ပေါ့နော်၊ ဗီဒီယိုဈေးကွက်က အကန့်အသတ် နဲ့၊ ဘယ်လောက်ထက်ပို ကုန်ကျစရိုတ်များအောင် မရိုက်ရ ဆိုပြီးတော့ အတားအဆီးတွေကြားက ရိုက်ရတာ၊ စက်မှုပိုင်းပညာသည်တို့ ဘာတို့ နည်းနည်း အလုပ်ရသွားတယ်၊ နောက်တခါ ကိုယ်က အနုပညာ နှလုံးအိမ်  ဆိုတဲ့ ရုပ်ရှင်သင်တန်းလေးရှိတော့ သင်တန်းသူ သင်တန်းသားတွေထည့်သုံးလို့ ရတာပေါ့၊ သူတို့ အတွက် ကလည်း အလေ့အကျင့်လေးတခုရတာပေါ့။

မေး။     ။ သင်္ကြန်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ရုပ်ရှင်ကားကြီး ထပ်ရိုက်ဖို့ စိတ်ကူး အသစ်ရော ရှိလား။

ဖြေ။     ။ နောက်ပိုင်းမှာ ချဲလင့်လုပ်(စိန်ခေါ်)လိုက်တယ်၊ တန်ခူးလေ ဆိုတဲ့ ကားကို ရိုက်မယ်၊ ဘယ်လောက်အကုန်ခံနိုင်လဲဆိုတော့ တယောက်မှမထွက်တော့ဘူး၊ အဲဒီမှာပဲ ကိုယ်က ဒီအတိုင်းပဲ နေလိုက်တော့တာပေါ့၊ အဲဒါ တန်ခူးလေ ဆိုတဲ့ ဇာတ်ကားတကားက ရင်ထဲမှာတော့ရှိတာပေါ့။ 

ဒါပေမယ့် တန်ခူးလေ သည် ရိုက်ခဲ့ရင် အင်တာနေရှင်နယ် တန်းဝင်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်း ဈေးကွက်နဲ့ မရဘူး၊ Asia က Burmese Traditional Water Festival ပေါ့၊ ဒါအကုန်လုံး သိနေပါပြီ၊ အသေ အချာ လေး ပြနိုင်ရင် မြန်မာ့ ရိုးရာနဲ့ မြန်မာ့ဓလေ့ ကို တန်ခူးလေ နဲ့ သာ ပြနိုင်ရင် ကောင်းမှာ၊ ဒါပေမယ့် ဒီနေ့က ဟာသ တွေဖြစ်နေတော့ ဘယ်သူမှ စိတ်မ၀င်စားဘူး၊ ဟာသငွေရပဲ၊ ဘယ်သူမှ မလှုပ်ဘူး၊ ဒါပေမယ့် ပညာသည် ဆိုတာ ကတော့ ငွေရှင်မှ မဟုတ်တာ၊ သူ့ စိတ်ကူး စိတ်သန်းတွေကို ရင်မှာ ပိုက်ပြီးတော့ တချိန်ချိန် ပေါ့၊ မသေခင် ရိုက် ဖြစ် ချင်ရင်လည်း ရိုက်ဖြစ်သွားမှာပေါ့။ 

တန်ခူးလေ ထဲမှာ မျောပါတဲ့ တေးသံလေးတွေပေါ့၊ သင်္ကြန်မိုးလေးကြတော့ အဖျက်မိုးလေး မဟုတ်ပါဘူးဆိုတဲ့ Theme (အကြောင်းအရာ)နဲ့ ဇာတ်တည်တာ၊ တန်ခူးလေထဲမှာ တူးပို့ သံလေးတွေနဲ့ ဘယ်လို ဇာတ်တည်မလဲ၊ အဲဒီမှာအရင်တုန်းက ခေတ် မန္တလေးမှာ သင်္ဂဟနဲ့ မြို့မ ပေါ့၊ ဒီအသင်းကြီးတွေဟာ တီးမှုတ်တဲ့ တူရိယာ ၀ိုင်း ကြီး တွေ ကားပေါ်တင်ပြီး သွားကြတာပေါ့၊ တွေ့ပြီဆိုရင် ပြိုင်ကြတာပေါ့၊ အံ့မခန်းပဲ၊ ကားကြီး ၂ စီး ခေါင်းချင်း ဆိုင်ပြီး ရန်လည်း မဖြစ်ဘူး၊ အတီးအမှုတ်တွေနဲ့ ပြိုင်ကြတာ၊ ဂီတ နဲ့ ပစ်ကြခတ်ကြတာ၊ ပြီးတော့ နှုတ်ဆက်ပြီး လက်တွေပြပြီး ထွက်သွားကြတယ်၊ ဘယ်လောက်ပျော်စရာကောင်းလဲ ၊ ဘယ်လောက်ကြည်နူးစရာ ကောင်းလဲ၊ ဘယ်လောက် အားကျစရာကောင်းလဲ၊ အဲဒါမျိုးက သင်္ကြန်မိုးမှာ မရိုက်ခဲ့ရဘူး၊ တန်ခူးလေကြမှ ရိုက်မှာ၊ Flash back (နောက်ကြောင်းပြန်)လေးတွေနဲ့ ရိုက်မှာပေါ့နော်၊Plot(ဇာတ်အိမ်)လေးတွေကတော့ စုထားတာပေါ့၊ ဒါတွေ က ကိုယ့်အတွ့အကြုံမှာ ဖြစ်ခဲ့တာတွေ၊ အသက် ၇ နှစ်လောက်ကတည်းက မြင်ခဲ့ရတာတွေ၊ မှတ်မိနေတယ်။ 

မေး။     ။ သင်္ကြန်မိုး ရုပ်ရှင်က မြို့မငြိမ်းကို အခြေခံရိုက်ထားတာလို့ ကြားရပါတယ်၊ အဲဒါ ဟုတ်ပါသလား။ 

ဖြေ။     ။ အဲဒီလို ကြီးတော့ တိတိကျကျ မဟုတ်ပါဘူး၊ ကျနော်က အနုပညာသမား တယောက်ရဲ့ ပုံရိပ် ကိုယ်စား ပြုလိုက် တာ ပါပဲ၊ ငြိမ်းမောင်နေရာမှာ ဆရာ မြို့မငြိမ်း ၀ိညာဉ် ကိုယ်စားသွင်းပေးလိုက်တာပါပဲ၊   ဒီလောက် ပါပဲ၊ ဆရာ မြို့မငြိမ်းရဲ့ ဇာတ်လမ်းကို ရိုက်တာမဟုတ်ပါဘူး ခင်ဗျ။ 


ဒါရိုက်တာ မောင်တင်ဦး မိသားစု(ဓာတ်ပုံများ - တေဇလှိုင်/ The Irrawaddy)

မေး။     ။သင်္ကြန်မိုးနဲ့ ပိတောက်ပင်လယ်တို့ သင်္ကြန်မိုးရေ တန်ခူးလေတို့ အခု အတာရေနဲ့ ဆေးပါ့မယ် ဆိုတဲ့ ဗီဒီယိုကား တွေမှာ သင်္ကြန်နဲ့ပတ်သက်တဲ့ အနုပညာ ခံစားမှု၊ ဖန်တီးမှု ဘယ်လိုကွာခြားမှု ရှိပါသလဲ။ 

ဖြေ။     ။ သင်္ကြန်မိုးက စကတည်းက Basic ကိုက ၁၉၅၇ ခုနှစ် သင်္ကြန်ဆိုပြီးတော့ ဇာတ်လမ်းဖွဲ့လိုက်တာကိုး၊ အဲဒီ အပေါ် မှာ ဖွဲ့တဲ့အတွက် ၅၇ ခု နှစ်က ရှိတဲ့ သီချင်းတွေ အကုန်လုံး ရှင်သန်နေတာပေါ့၊ ၅၇ ခုနှစ်မှာရှိခဲ့တဲ့ သင်္ကြန်အလှ အပ၊ မဏ္ဍပ် ၊ အလှပြ ကားတွေ အကုန်လုံး ပြန်ရှင်သန် ပေးလိုက်တာပေါ့၊ အဲဒီအတွက် သူက တကယ့် Masterpiece (အကောင်းဆုံးအနုပညာလက်ရာ) တခုလို ဖြစ်သွားတယ်၊ သူက Basic foundation ကို က သိပ်ကောင်းတာ၊ သင်္ကြန်မိုးက စ ရေးတာက တနှစ် လောက်ကြာတယ်၊ ပြီးတော့ ပြင်ဆင်တာက ၄ လ လောက်ကြာတယ်၊ အချိန်လည်း အများကြီးယူတယ်၊ တကယ်လည်း ပြင်ဆင်ထားပြီးဖြစ်တယ်၊ ဇာတ်ညွှန်းနဲ့ လည်း အလိုက်၊ ဘက်ပေါင်းစုံက နေပြီးတော့ အနုပညာသမားတွေ အားထည့် ကြတဲ့အတွက် တကယ့်ကို အပေး အယူမျှပြီးအောင်မြင်သွားတာ၊ အဲဒီလိုကို အောင်မြင် သွားတာ။ ဒါက သင်္ကြန်မိုးနဲ့ ပတ်သက်လို့။

လူကြီး၊ လူငယ် အရွယ်စုံ ခံစားလို့ရတယ်၊ ဒါကလည်း ဆရာမြို့မငြိမ်း သီချင်းတွေနဲ့ ရောမွှေရတဲ့ဟာပါ၊ ဆရာ မြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းတွေကလည်း အခုထက်ထိ သင်္ကြန်လေထဲမှာ စီးမျောနေတုန်းပါပဲ၊ တော်တော်လေး foundation က ကောင်းတာကိုး၊ အဲဒီတော့ အခြေခံခိုင်တဲ့ အတွက် ဒီအနုပညာ တခုက ဒီနေ့ အထိ ရှင်သန်နေ တယ်၊ အဲဒါက သင်္ကြန်မိုး။ ဒါကတော့ လုံးဝ ဥသုံ အဲဒီလိုပဲ ပြောချင်ပါတယ်။

နောက်တခါ ပိတောက်ပင်လယ်ကျတော့ စိတ်ကူးက ကဗျာလေး တပုဒ်ပဲ၊ သင်္ကြန်ကို ကဗျာလို လုပ်မယ်ပေါ့၊ ပင်လယ်မှာ ပိတောက်တွေ မဝေနိုင်ဘူး၊ ဒါပေမယ့် ပင်လယ်မှာ ပိတောက်တွေ ဝေပြီ ဆိုတာတော့ ဒါ ကဗျာပဲ၊ ဒါနဲ့ ရင်ခုန်ရအောင်လုပ်ကြမယ်ဆိုတဲ့အခါ မုန်တိုင်း ၀င်လာရော ၁၂ ရက်လုံးလုံး မုန်တိုင်းကျတယ်၊ ပြင်ဆင်မှု တွေ အကုန်လုံးက ဖလက်ပဲ၊ ဆိုတဲ့ အခါမှာ ပါပါကြီးက ရှုတင်မန်နေဂျာ ဖြစ်သွားတယ်၊ အဲဒါနဲ့ ကိုသူရ(ဇာဂနာ) တို့၊ ကိုအောင်မင်းသိမ်းတို့၊ မောင်ဟိန်းစိုး တို့၊ သူတို့ကို အကုန်လုံး တခုချင်း ခွဲ ရိုက်ခိုင်းရတယ်၊ ကျန်တာ တွေ က နောက်ကနေပြီးတော့ ပြန်ပြီး ပစ်ကပ် လုပ်တဲ့ နေရာမှာ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး၊ အဲဒီနေရာ ဒေသရော၊ လူတွေရော အားလုံးက ပါပါကြီးနဲ့ ပတ်သက်ကြတာကိုး၊ အဲဒီမှာ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်၊ ဟိုမော့တော့ ဒီမော့တော့နဲ့ အဲဒီလိုပြီးသွားတဲ့အခါမှာ ပရိသတ်ကို စော်ကား သလိုဖြစ်သွားတယ်။ 

ရုံလည်း တင်လိုက်ရော တစ်ပူးနဲ့ ရှိုးသလိုပဲ၊ တချပ်မှောက် ဖဲမှာ တစ်ပူးနဲ့ ရှိုးလိုက်သလိုပဲ၊ အားလုံး အဟုတ် မှတ်လို့ ကြည့်လိုက် တာ၊ ဘာကြီးလဲဟ ဆိုပြီးတော့ပေါ့၊ ရသ က မပီ ဘူး၊ ကဗျာလည်း မကျ ဘာလည်း မကျ၊ ကိုးလို့ ကန့်လန့်တွေဖြစ်ပြီး အဲဒီမှာ အားထည့်တာတွေ အကုန်လုံးဟာ ဘယ်လိုမှ အရာမရောက်ဘဲနဲ့ လေထဲ ကို လွင့်သွားသလို ခံစားလိုက်ရတယ်၊ အဲဒီအခါ ကျတော့ အားနာတယ်၊ ဒါကိုလည်း ၀န်ခံပါတယ်၊ ဂျာနယ် စာစောင် တွေမှာလည်း အမျိုးမျိုး ၀န်ခံပြီးသားပါ၊ ၄ နှစ်လုံး ဘာမှ မရိုက်တော့ဘူးဆိုပြီး တနေရာမှာ သွားနေ တယ်၊ အဲဒါ က ပိတောက်ပင်လယ်နဲ့ပတ်သက်တဲ့ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟ ၀န်ခံချက်၊ ဒါလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမ ပြီး ပါပြီ၊ အဲဒီတော့ ပိတောက်ပင်လယ်ကိုတော့ မမေးတာကောင်းပါတယ်။

ပိတောက်ပင်လယ်က ခံစားပြီးတော့ ရင်ထုမနာ ဖြစ်ရတဲ့ ကိစ္စ၊ ဒါကလည်း ဘယ်သူမပြု မိမိမှုပါပဲ၊ ဘာကြောင့် ဆိုတာ ပြောစရာ မလိုဘူး၊ ပရိသတ်ကို ဒါစော်ကားတာ၊ ပရိသတ်ကို စော်ကားတာ ရဲရဲတင်းတင်း ပြောရဲရတယ်၊ ၀န်ခံရဲရတယ်၊ အဲဒါ သတ္တိပဲ။ အဲဒါ ၉၆ လောက်က။ သီချင်းခွေကတော့ ရှင်သန်နေပါသေးတယ်။ 

သင်္ကြန်မိုးရေ တန်ခူးလေကတော့ စင်တင်ပြဇာတ်ပါ၊ သူက ပိတောက်ပင်လယ်ထက်အရင်၊ အမျိုးသား ကဇာတ်ရုံ မှာ ဒွေးရယ်၊ တင့်တင့်ထွန်းရယ်၊ မောင်ဇင်ဝိုင်းတို့နဲ့၊ သင်္ကြန်ပြဇာတ်စင်တင်တာပေါ့၊ ကိုငြိမ်းမင်းကို ကျနော် အား ကိုး ရတာပေါ့၊ ကိုငြိမ်းမင်းရဲ့ ပြဇာတ်နော်၊ ကျနော်က ပြဇာတ်မကျွမ်းဘူး၊ ဒါပေမယ့် အားလုံးက ယုံကြည်ကြတာ ပေါ့၊ ကိုယ့်ကို ပြဇာတ်လည်း ကတတ်မယ် ထင်ကြတယ်၊ တကယ်တော့ မလွယ်ဘူး၊ ပြဇာတ်လည်း ပြဇာတ်ပညာ ပဲ၊ ရုပ်ရှင်က ရုပ်ရှင်ပဲ ၊ အဲဒါလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ်ဗျ၊ လူဟာလေ အသက်ကြီးလေလေ သင်္ခန်းစာ ရလေလေပဲဗျ၊ အခုက သေ အထိ ရနေမှာ သင်္ခန်းစာက။ 

အသက်ကြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်လို့ မရဘူး၊ ပြဇာတ်ပညာက တမျိုးဗျ၊ အဲဒီမှာ ဇာတ်ညွှန်းရေး တဲ့ ကိုငြိမ်းမင်းက တွဲဖက် ဒါရိုက်တာ အနေနဲ့လုပ်ပေးတာ၊ ပြဇာတ် ဒါရိုက်တာက သီးသန့် ပညာရှင်၊ ပြဇာတ် ပညာ က တမျိုး ၊ အဲဒီမှာလည်း မညှိဘူးပေါ့၊ လုပ်ရတာသာကြာတာလေ၊ ဖတ်ဖတ် မောပြီးတော့လေ၊ အဲဒီတုန်းကလည်း တကယ့်လျှမ်းလျှမ်းတောက်တွေ၊ သရုပ်ဆောင် ပိုင်းရော၊ သီချင်းတွေကလည်း အကုန်လုံးကိုအကောင်း ဆုံးတွေလုပ်တာပေါ့၊ ကာယဇလ အသင်း ရန်ပုံငွေ အဖြစ်ကတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးလုပ်တာပေါ့၊ အဲဒါကတော့ ပါပါကြီးရဲ့ ဒုတိယ အမှားအယွင်း သင်္ခန်းစာ ဖြစ်ပြန်ရော၊ အဲဒါ လည်း ပြီးရော ၃ နှစ်လောက် နားရ ပြန်ရော ၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပြီးတော့ မုံရွာနားက မြောင်က ဆင်ခေါင်း တောင် သွားနေတယ်၊ အဲဒီမှာ အဆိုတော် ကိုဟန်တင်က သာသနာပြုနေတာကိုး၊ သူ့ဆီ သွားနေလိုက်တော့ စိတ်ရှင်းတာပေါ့၊ အဲဒီမှာ ဒဏ်ခတ် တာ ၃ နှစ်၊ အရင် ၄ နှစ် ၊ ၇ နှစ်လောက် ဒဏ်ခတ်ဖူးတယ်။ 

သင်္ကြန်မိုး ရော၊ ပိတောက်ပင်လယ်ရော၊ နောက် သင်္ကြန်မိုးရေ တန်ခူးလေ ဆိုတဲ့ အဲဒီ သီချင်းတွေအားလုံး ကိုယ်ရော အနုပညာ အသိုင်းအ၀န်းတွေအားလုံးက ဖန်တီးခဲ့ကြပါတယ်၊ အခုထက်ထိ အဲဒါတွေအားလုံး ၀ဲလည်နေတာ ပါပဲ၊ သင်္ကြန်အချိန်ကျတိုင်း ဒီသီချင်းလေးတွေနဲ့လေ ဖျော်ဖြေနေကြတုန်းပဲ၊ နောက်တခုက ဆရာမြို့မငြိမ်း ဆိုလို့ ရှိရင် သူကတကယ့်ကို Artistic ဖြစ်ပြီးတော့ လေ၊ နောက် သူ့ကို သင်္ကြန်အတွက် သီချင်းရေးဖို့ မွေးဖွားလိုက် သလားတောင် ထင်ရလောက်အောင် အနုပညာ ပြောင်မြောက်မှုရှိတယ်၊ နှစ်ပေါင်း ၆၀ လောက် ကြိုပြီးတော့ မရိုး အောင် ရေးထားနိုင်တာကို၊ အဲဒီ သင်္ကြန်တေးသံ မယ်လိုဒီရော စာသားရောပါ ဒီနေ့ လူကြီး လူငယ် လူလတ်ပါ အကုန်လုံး ကြိုက်ကြပါတယ်။  

မေး။     ။ ကိုယ်တိုင်က ရန်ကုန်သင်္ကြန်ရော၊ မန္တလေး သင်္ကြန်ရော ထိတွေ့ဖြတ်သန်းမှု ရှိတော့ အခုခေတ် သင်္ကြန် နဲ့ အရင်ခေတ် သင်္ကြန် အပေါ် အမြင်ခံစားမှုကို ပြောပြပေးပါ။ 

ဖြေ။     ။ အဲဒါက အသက်အရပဲ ပြောလို့ရမယ်၊ ဟိုဘက်ကာလ ရှိတဲ့ အသက်နဲ့ ဒီဘက်ရှိတဲ့ အသက်က အတော် ကွာ တယ်၊ အခု အသက် က ၆၇ နှစ် ၊ သင်္ကြန်ကို အသက် ၇ နှစ် ကတည်းက ပျော်ပိုက်စွာနဲ့ တနှစ်မှ မပြတ် အောင် နေခဲ့တာ၊ ခေတ်တွေခေတ်တွေ ဖြတ်သန်းခဲ့တဲ့ နှစ်တွေမှာလည်း သင်္ကြန်မှာ အမျိုးစုံပေါ့နော်၊ သံချပ်တွေနဲ့ ဝေဆာ နေတဲ့ သင်္ကြန်၊ အလှအကတွေ ဝေ ဆာ နေတဲ့ သင်္ကြန်၊ အဲဒီ သင်္ကြန်တွေကနေ ပြောင်းလာတာ၊ တနေ ရာတည်းစုတဲ့ သင်္ကြန်ဖြစ်လာတယ်၊ ဒါကတော့ ခေတ်ကာလ ရဲ့ အခြေအနေ ရယ်၊ လူတွေအနေနဲ့ ရေ ဖောဖော သီသီ ပက်နိုင်မယ့်နေရာပေါ့၊ သီချင်းသံတွေက ဖလားနဲ့ ပက်လို့ မရဘူး၊ မပြတ် တီးနေတဲ့ ရက်ပ်တွေ၊ စည်းချက် ၀ါးချက် တွေနဲ့က ရေက တောက်လျှောက်ပန်းထွက်နေရမှာ၊ တကယ်ကို ကျုံးကို ခြေကန်ပက်ကြရ တော့၊ ကျုံး ပတ်ဝန်းကျင်မှာပဲ သင်္ကြန်က ဖြစ်သလို၊ ဒီရန်ကုန်မှာလည်း အင်လျားပတ်ဝန်းကျင်မှာပဲ သင်္ကြန်ဖြစ်တယ်၊ ရေ ဖောဖောသီသီ သုံးနိုင်တဲ့ နေရာမှာ အခုခေတ်ကတော့ သင်္ကြန်ရွေးလိုက်ကြတာ။ 

ငယ်ငယ်တုန်းကတော့ ဖလားလေးနဲ့ ပက်တဲ့ အခါကျတော့ ရပ်ကွက်တွေ ရပ်ကွက်တွေ မှာ အလှအကလေးတွေ နဲ့ပေါ့၊ ဒီဟာကို ခံစားတာ၊ ဒီရပ်ကွက်မှာ စင်တစင်၊ ဟိုမှာ တစင်၊ အဲဒါကိုက လှည့်ပြီး ငေးမောရတဲ့ ခေတ်၊ အခု ကတော့ ငေးမောတဲ့ ခေတ် မဟုတ်ဘူး၊ ရင်ခုန်ပြီးတော့ လှုပ်ရှား ထကြွပြီးတော့ မြူးထူးတဲ့ ခေတ်၊ အဲဒါ ၂ ခုကို ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်း ဘူး ဆိုတာကြတော့၊ ကိုယ်က အသက်အရွယ်ကြီးလာတဲ့ အပေါ်မှာ ဆုံးဖြတ်ရ တဲ့အခါကြတော့၊ အနုပညာသမားဆိုတာ မြင်တတ် ရမယ်ဆိုတဲ့ အခါကျတော့လေ၊ အကုန်လုံး ကောင်း တယ်ပဲ ဆုံးဖြတ်ရမှာပေါ့၊ ကလေးတွေ ဘယ်လိုစီးမျောနေတာ၊ ကလေးတွေကို နားလည်ရမယ်၊ သူတို့ကို နား မလည်လို့ မရဘူး၊ သူတို့ကို နေရာပေးရမယ်၊ သူတို့ရဲ့ပျော်ရွှင်မှုကိုလည်း ကိုယ်က အသိအမှတ်ပြုရ မယ်၊ သူတို့လည်း သူတို့ရဲ့စိတ်အင်အား နဲ့ သူတို့ရဲ့အလျင်နဲ့ ထူထောင်နေတာ၊ အဲဒီထူထောင်မှုကို လေးစားရမယ်၊ အသိအမှတ်ပြုရမှာပေါ့၊ မကောင်းဘူးလား ဗျာ။


ဒါရိုက်တာ မောင်တင်ဦး ရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ရုပ်တုများ 


သူ့ရဲ့ နေအိမ်၌ ဈာပနအခမ်းအနားပြုလုပ်ထားပုံ


0 comments:

Post a Comment