The Irrawaddy's Blog |
- အသက်ငယ်ဆုံးဇာတ်မင်းသားလေး ဖြစ်လာတဲ့ မင်းရွှေရောင်တင်(ခ)ပူတူး
- စာဆိုကြီး စလေဦးပုညကို ဘယ်သူသတ်တာလဲ
- နာမည်ကျန်းမာနေဆဲ မောင်ချောနွယ် ၁၃ နှစ်ပြည့် လွမ်းခြင်း
- ထိုင်းခိုလန်းကျွန်းတွင် တရုတ်အမျိုးသမီးနှစ်ဦးက လိင်စော်ကားခံရတယ်ဆိုပြီး ရဲတိုင်
- မြန်မာပြည်သားတွေရဲ့ အမေ့ခံ မြန်မာ့မူပိုင်လက်မှုပစ္စည်း
| အသက်ငယ်ဆုံးဇာတ်မင်းသားလေး ဖြစ်လာတဲ့ မင်းရွှေရောင်တင်(ခ)ပူတူး Posted: 03 Sep 2015 11:13 PM PDT
မင်းရွှေရောင်တင်ဆိုတာ ရွှေမန်းသဘင်မျိုးဆက် မင်းသားတင်မောင်ဆန်းမင်းဝင်းရဲ့ အသက် သုံးနှစ်သာ ရှိသေးတဲ့ သားဖြစ်ပြီး "ရွှေမန်းလာပြီ" ခေါင်းစဉ်နဲ့ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ အပတ်စဉ် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကပြဖျော်ဖြေနေတဲ့ မိုးရာသီအထူး ဇာတ်ပွဲမှာ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ဖျော်ဖြေကပြနေတဲ့ သားငယ်လေးပါ။ ပူတူးလို့လည်း ချစ်စနိုးခေါ်ကြပြီး ဒီလိုပါဝင်ကပြ ဖျော်ဖြေတာဟာ မိဘတွေရဲ့ သင်ကြားပေးမှုကြောင့်မဟုတ်ဘဲ ဖခင်ဖြစ်သူ အကလေ့ကျင့်တဲ့အခါ လိုက်လံကပြရင်း အက တတ်မြောက်လာတဲ့ သားငယ်လေးလည်းဖြစ်ပါတယ်။ ပူတူးက အသက်တနှစ်ကျော်ထဲက ဖခင်ဖြစ်သူနဲ့ ပွဲတွေမှာ ကပြနေခဲ့တာဖြစ်ပြီး ပဲခူးဘုရားပွဲမှာ ပါဝင်ကပြခဲ့စဉ်က လူကြိုက်များခဲ့ပါတယ်။ အခု ကန်တော် ကြီးမျှော်စင်ကျွန်းမှာ အပတ်စဉ်ကပြဖျော်ဖြေနေတဲ့ မိုးရာသီအထူး ဇာတ်ပွဲမှာတော့ ပူတူးကြောင့် လာရောက်ကြည့်ရှူ့သူ ပရိသတ်ပိုများလာပြီး ချစ်စဖွယ်ကောင်းတဲ့ ကကွက်၊ ဟန်ပန်အမူအရာ၊ သီဆိုဟန်တွေကြောင့် ပိုပြီး လူကြိုက်များလာတဲ့ အသက်ငယ်ဆုံး ဇာတ်သဘင်မင်းသားလေး ဖြစ်လာတာပါ။ မင်းရွှေရောင်တင်(ခ) ပူတူးနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ မအေးမမက "ကလေးကို ပထမတော့ သူနိုးတဲ့အ ချိန်နှစ်ပါးသွားဆိုရင်လည်းနှစ်ပါးသွားပေးကတယ်။ အရင်နယ်ပွဲတွေတုန်းကတော့ သူစိတ်ပါရင် ပေးကလိုက်တယ်။ သူစိတ်မပါရင်ပေးမကဖြစ်ဘူး။ အခုမှသာ မိုးရာသီပွဲက စောတော့ သူစိတ်လန်းနေတဲ့အချိန်ဆိုတော့ သူ ကချင်တယ်။ မကရရင် သူအဆင်မပြေဘူး ဖြစ်နေတာ။ မကရရင် ငိုတယ်။ မြန်မာသံဆိုရင် အောင်ပါစေ တခုပဲသူလိုက်ဆိုနိုင်တယ်။ သူက မင်းသားဝတ်စုံဝတ်ရတာကို ပိုပြီးသဘောကျတယ်။ စတိတ်ရှိုးဆို ရင် သူ့အဖေထွက်လို့ တခါတလေ ထွက်တာလောက်ပဲ ရှိတယ်၊ ဆိုင်းသံကြားရင် ဆိုင်းနဲ့ပတ်သတ်တာ ဘာကြားကြား သူက ထကတယ်" လို့ပြောပြပါတယ်။ မိုးရာသီအထူးဇာတ်ပွဲကို ကပြဖျော်ဖြေနေတာ တလနဲ့ သုံးပတ်နီးပါးရှိပြီဖြစ်ကာ အောင်မြင်မှုရနေပြီး အထူးသဖြင့် အသက်ငယ်ငယ်နဲ့ ကပြဖျော်ဖြေပေးနေတဲ့ ပူတူးကြောင့်လို့လည်း သိရပါတယ်။ ဒါပေမယ့် ပူတူး မပါဝင်တော့ဘူးလို့ ဆိုတဲ့အတွက် ဇာတ်မကတော့မှာ စိုးရိမ်ကြတဲ့ပရိသတ်တွေအပေါ်ကိုတော့ မိခင်ဖြစ်သူက ဆက်လက်ပြီး "သူကိုမကခိုင်းတော့ဖို့အတွက်က ရာခိုင်နှုန်းများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောင်နှစ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူ့မူကြိုကတော့စတက်ရတော့မှာပဲလေ။ ကျောင်းတက်ရင်တော့ သူကို မခေါ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူဒီဘက်မှာ အရမ်းစိတ်ပါသွားမှာစိုးတဲ့အတွက်ပါ။ အမှန်အတိုင်းပြောရရင် ဇာတ်ကတာဟာ ပင်ပန်းပါတယ်။ သားလေးကို အမက မပင်ပန်းစေချင်ဘူး။ အများအမြင်မှာ ဇာတ်သမားဟာလည်း နိမ့်ပါးတယ်လို့ မြင်တယ်။ အဲလိုမြင်တဲ့အတွက် သားလေးကို မလုပ်စေချင်ဘူး။ ပညာရေးဘက်ကိုပဲ ဦးစားပေးစေချင်တယ်။ အခုက သူကအရမ်းဝါသနာပါနေတဲ့အတွက် ပေးကတာပါ။ သားလေးကို စေတနာနဲ့ပြောတဲ့သူတွေ ရှိသလို မလိုမုန်းထားကြောင့်ပြောကြတာလည်း ရှိပါတယ်။ သားလေးကို ပြပြီးလုပ်စားတယ်လို့ ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ သားကို ပြပြီးအောင်မြင်နေတာပါလို့ ပြောတဲ့သူတွေ ကြားရရင် အမတို့လင်မယားက အရမ်းကိုခံစားရပါတယ် ၊သားကိုပြပြီးလုပ်စားတဲ့ အထဲမှာ အမတို့လုံးဝမပါပါဘူး။ သူအရမ်းကချင်လို့၊ ဖြစ်ချင်လို့အတွက် အမတို့က ပေးကနေရတာပါ သားလေးကလည်း ငယ်တယ်၊ ငယ်တဲ့ကလေးကို ဒီလိုထိခိုက်လာမှာလည်း စိုးရိမ်တယ်"လို့ ပူတူးနဲ့ပတ် သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။ ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ Asia Society နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး နောက်တကြိမ် ၂၀၁၇ ခုနှစ်ပြုလုပ်တဲ့ပွဲမှာ သွားရောက်ဖျော်ဖြေမှာဖြစ်ပြီး အသက်ငယ်ဆုံး မင်းသားလေး ပူတူးကို ပါဝင်ဖို့ ဖိတ်ခေါ်ထားကြောင်းလည်း သိရပါတယ်။ ယုမွန်ကျော် | ||||||||||
| စာဆိုကြီး စလေဦးပုညကို ဘယ်သူသတ်တာလဲ Posted: 03 Sep 2015 09:42 PM PDT "သူပြောင်လျှင် ခေါင်ကွန့်လို့ ကြောင်ဝံ့တဲ့သူပါ၊ ရှောင်မတွန့် ကျောက်သော်မာရင် နောက်တော်ပါ သံချောင်း၊ အိုးတော်က မဲ့ပိန်ရင် ရွဲ့လိန်လိန်စလောင်း၊ သူချိုရင် ကြံချောင်းပါ့၊ ဉာဏ်စောင်း၍ ခါးမူ တမာပင် ထိပ်ဖျား ကြက်ဟင်းခါး သီးနိုင်တဲ့သူ၊ သူမည်းက မှောင်ကူမယ်၊ သူဖြူရင် ဖြူချင်းပါ့၊ ကြင်ချင်း ကြင်မယ်ဆို၊ ကိုးဆလောက်ပို ဆိုးကြစို့ တကယ်ဆိုရင်၊ ဓားပြဗိုလ် လုပ်နိုင်ငဲ့လေး" ။ ။ အထက်ပါ ကိုယ်ရည်သွေးတေးထပ်ကို ရေးစပ်သူကကုန်းဘောင်ခေတ်မှာလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ စာဆိုကြီး ဦးပုည ဖြစ်ပါတယ်။ ဦးပုညကို ၁၁၇၄-ခုနှစ် ကဆုန်လဆန်း ၃-ရက်၊ ကြာသာပတေးနေ့ မွန်းတည့်ချိန်မှာ ဖွားမြင်ပါတယ်။ (မွေးဖွားတဲ့ခုနှစ်ကို တချို့က ၁၁၇၄၊ တချို့က ၁၁၇၈ စသဖြင့် ကွဲပြားတဲ့ ယူဆ ချက်တွေ ရှိပါတယ်) သူ့ရဲ့ ငယ်နာမည်က "မောင်ပုတ်စည်" ပါ။ ငယ်စဉ်က အမရပူရမြို့ တူမောင်းတိုက် ဆရာတော် ဦးဒီပထံမှာ စတင်ပညာသင်ကြားပြီး အသက် ၈ နှစ် အရွယ်မှာ ဗန်းမော်ဆရာတော်ထံမှာ သာမဏေပြုခဲ့ကာ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်ပါတယ်။ ယင်းဘွဲ့ကို အစွဲပြုပြီး နောင်မှာ ဦးပုညလို့ တွင်လာခဲ့တာပါ။ သက္ကရာဇ် ၁၁၉၄ ခုနှစ်မှာ ရှင်ပုညအား စလေ၊ ပုခန်းငယ် မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီး လောကီ လောကုတ် ပညာရပ်တွေ ဆက်လက်သင်ယူခဲ့ပါ တယ်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့ ဆည်းကပ်မှု များပြားတာကြောင့် စလေမြို့အုပ်မင်းက သံသယမကင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သူ လူပျို မလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ ရေးသားပေးပို့ခဲ့တဲ့ စာစုများမှာ အထူး ထင်ရှားပါတယ်။ ၁၂၀၃ ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် ရန်ကုန်မြို့သို့လိုက်ပါကာ ရန်ကုန်၌ခေတ္တနေပြီးနောက် အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ၌ သာမဏေ ပြန်ဝတ် သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများ ရေးသားခဲ့ပါတယ်။ ၁၂၁ဝ ပြည့်နှစ်မှာ လူထွက်ကာ ကနောင်မင်းထံတွင် ခစားပြီး သက္ကရာဇ် ၁၂၁၈ ခုနှစ်ခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ ရောက်ခဲ့ပြီး မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော် ရာထူးဖြင့် အမှုထမ်းခဲ့ပါတယ်။ မင်းတုန်းမင်းတရားကြီး ရတနာပုံ မန္တလေးမြို့တွင် စိုးစံတဲ့အခါ ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ ဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူကာ လစာတော်ငွေ တနှစ်လျှင် ၆၀ဝ ကျပ်နှင့် ဝင်းမြေ နေအိမ် ဆောက်လုပ် သနားတော်မူခြင်းလည်း ခံရပါတယ်။ ၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် အခါတော်ပေးဟု ဆိုကာမြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ထားရာမှ ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ် နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုပါတယ်။ မင်းတရားကြီး သိသောအခါ "ဟင်း…လူကို ခွေးသတ်လေခြင်း" ဟု မိန့်တော်မူ၍ လွန်စွာနှမြောတသတော်မူတယ်လို့ ဆိုပါတယ်။ တကယ် သတ်တာ ဦးသာအိုး မဟုတ်ရင် ဘယ်သူလဲ အဲဒီလို စလေဦးပုညဟာ ဦးသာအိုးရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတယ်လို့ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ပညာအုပ် ဦးဖိုးစိန်တို့ရဲ့ စာအုပ်စာတမ်းတွေမှာလည်း ဖော်ပြထားတာကြောင့် အမှန်ကဲ့သို့ ဖြစ်နေပါတယ်။ သို့ပေမယ့် ၁၉၃၂ ခုနှစ်က စာရေးဆရာ မဟာဆွေဟာ မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော် သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရကို တွေ့ဆုံမေးမြန်းကာ " ဘိုးဝဇီရ အတ္တုပ္ပတ္တိ " စာတစ်အုပ်မှာ ဖော်ပြထားချက်အရ ဦးပုညကို သတ်ဖြတ်သူမှာ မြို့ဝန်ဦးရွှေအိုး မဟုတ်တဲ့အကြောင်း ပါလာပါ တယ်။ အဲဒီ စာအုပ်ထဲမှာတော့ ဦးပုည အဆုံးစီရင်ခံရပုံနဲ့ ပတ်သက်ပြီး ဘိုးဝဇီရ ပြောသော အချက်တချက်ကို ပြန်လည် တိုက်ဆိုင်ကြည့်သင့်ပါတယ်။ အဲဒီအချက်က ဘိုးဝဇီရဟာ မြို့ဝန်ဦးသာအိုးရဲ့ သားဖြစ်သူ မောင်မောင်လေးကို ပညာသင်ကြားပေးရတာကြောင့် ဦးသာအိုးနဲ့ ခင်မင်ခဲ့ကြောင်း၊ တနေ့မှာ ဦးသာအိုး အိမ်ရောက်နေတုန်း "နေပါဦး ဘဘ ရဲ့…စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို" လို့မေးကြည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီအခါ ဦးသာအိုးက "အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့်နဲ့ လက်မရွံ့တို့သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့တယ်လို့ ဆိုပါတယ်။ ရွှေရိုး၏ အမြင် အဲ့ဒီအချက်ကို ထောက်ခံတဲ့ စာအုပ်တအုပ် ရှိပါသေးတယ်။ မန္တလေး ရတနာပုံခေတ်မှာ ဂျိမ်းဂျော့စကော့ ဆိုသူ ရေးထုတ်ဝေခဲ့တာကြောင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေပါတယ်။ ဂျိမ်းဂျော့စကော့ဟာ ၁၈၇၆ ခုနှစ်လောက်မှာ ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းမှာ ဆရာအဖြစ်လည်းကောင်း၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်သူ ဖြစ်ပြီး မန္တလေးကိုလည်း အရောက်ပေါက် ရှိပါတယ်။ ၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်မှာတော့ ရွှေရိုး ကလောင် အမည် ခံယူကာ သူ့ အတွေ့အကြုံများကို စုစည်းကာ The Burman, His Life and Notions အမည်နဲ့ ၂ တွဲ ပေါင်း စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီ စာအုပ်ရဲ့ ပထမတွဲ စာမျက်နှာ ၃၅၂ မှာတော့ "Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha." (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) လို့ ဖော်ပြထားပါတယ်။ သမိုင်း အမှန်ကို ချေဖျက် ဖျောက်ဖျက်လို့ မရ ဆိုတာကို သက်သေခံနေတယ် မဟုတ်လား။ ။ ကိုးကား 1. တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများ 2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ) 3. မိုးဂျာနယ် ( ဇွန်လ ၁၉၉၅) နိုင်စွမ်း | ||||||||||
| နာမည်ကျန်းမာနေဆဲ မောင်ချောနွယ် ၁၃ နှစ်ပြည့် လွမ်းခြင်း Posted: 03 Sep 2015 02:30 AM PDT
မော်ဒန်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ တခေတ်တခါက မော်ဒန်ကဗျာလောကမှာ မောင်ချောနွယ်၊ အောင်ချိမ့်၊ ဖော်ဝေးနဲ့ သုခမိန်လှိုင်ဆိုပြီး ခေတ် ပြိုင် နာမည်ကြီး မော်ဒယ်ကဗျာဆရာတွေ ပေါ်ထွန်းခဲ့ပြီး ဆရာမောင်ချောနွယ်ဟာလည်း ဒီကနေ့အထိ မော်ဒန် ကဗျာလောကရဲ့ ဆရာတဆူဖြစ်နေဆဲပါပဲ။ ကဗျာဆရာအများစုကတော့ လူသာကွယ်လွန်ပေမယ့် နာမည်ကျန်းမာနေဆဲဖြစ်တယ်လို့တောင် ကဗျာတွေရေးပြီး တင်စားခဲ့ကြပါတယ်။ သူကွယ်လွန်တဲ့အထိမ်းအမှတ် အောက်မေ့သတိရတဲ့အနေနဲ့ ပြည်ဒေသအနီးတဝိုက်နဲ့ ရပ်နီးရပ်ဝေးက ကဗျာဆရာတွေ စုပေါင်းပြီး အခမ်းအနားတခုကို သူရဲ့ကဗျည်းကျောက်တိုင်စိုက်ထူးထားတဲ့ ပြည်မြို့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ "အဓိက ရည်ရွယ်ချက်က ခမ်းခမ်းနားနားမလုပ်ဖြစ်တာလဲကြာပြီ အဲဒါနဲ့ ကဗျာဆရာတွေစုပြီးတော့ ဒီနှစ် ခမ်းခမ်းနားနားလုပ်ကြရအောင်ဆိုပြီး လုပ်ခဲ့ကြတာပါ။ မဖြစ်မနေလုပ်သင့်တဲ့လူတွေ တန်ဖိုးထားရတဲ့သူကို တန်ဖိုးထားတဲ့အနေနဲ့လုပ်တာဖြစ်သလို၊ သူကိုလည်းချစ်သလို သူအနုပညာကိုလည်းချစ်တယ်၊ သူကိုတန်ဖိုးထားလို့ ကျနော်တို့ စိတ်ကူးတူတဲ့ လူတွေစုပြီးလုပ်ကြတာပါ။"လို့ ပွဲစီစဉ်သူတဦးထဲက ကဗျာဆရာ အိမ်ဝေးသူက ဧရာဝတီကို ပြောပါတယ်။ ဆရာမောင်ချောနွယ်ဟာ ရန်ကုန်ဇာတိဆိုပေမယ့် ပြည်မြို့မှာပဲ ကြီးပြင်းခဲ့ရတဲ့အတွက် သူ့ကိုယ်သူလည်း ပြည်သားလို့ ခံယူသလို သူ့နဲ့သူ့ကဗျာတွေကို ချစ်မြတ်နိုးသူတွေဟာလည်း ပြည်သားလို့ပဲ သိထားကြတယ်လို့ ကဗျာဆရာ အိမ်ဝေးသူက ဆက်ရှင်းပြပါတယ်။ "သူ့ကဗျာတွေက ရွတ်ပြမယ်ဆိုရင် မကုန်နိုင်လောက်အောင်များပါတယ်။ ကဗျာတွေ အကုန်လုံးကလည်း ကောင်းပါတယ်။ ကျနော်တို့ပိုပြီး ဂုဏ်ယူရတာကို သူ့ကိုယ်သူ ပြည်သားလို့ ခံယူထားတဲ့အပေါ်မှာ ပိုပြီးတော့ဂုဏ်ယူမိတယ်။ ပြည် ဇာတိလို့ပြောလို့ရတယ်။ ရန်ကုန်မှာမွေးပြီး ပြည်သားလို့ သူ့ကိုယ်သူခံယူတယ်။ ပြည် မြို့မင်းကြီးတောင်ခြေရင်းက အိမ်ကြီးမှာသူနေသွားတာ။ တနိုင်ငံလုံးအတိုင်းအတာကလည်း သူ့ကို ပြည်သားလို့ သတ်မှတ်ကြတယ်။" လို့ ဆရာ အိမ်ဝေးသူက ဆိုပါတယ်။ ဆရာမောင်ချောနွယ်အတွက် ရည်စူးပြီး ဆရာတော် သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ခြင်းဒိက္ခဏာရုံဘုန်းကြီးကျောင်းမှာပဲ ကဗျာဆရာတွေ၊ ဆရာမောင်ချောနွယ်ကို ချစ်ခင်လေးစားသူတွေက ကဗျာ ရွတ်ဆိုဂုဏ်ပြုကြခြင်းနဲ့ သူသက်ရှိထင်ရှားရှိခဲ့စဉ်က ပြောခဲ့ဖူးတဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ယနေ့ေ ခတ်လူငယ်တွေကို လူကြီးတွေက လက်ဆင့်ကမ်း ပြောကြားခဲ့ကြပါတယ်။ ကောင်းမြတ်မင်း | ||||||||||
| ထိုင်းခိုလန်းကျွန်းတွင် တရုတ်အမျိုးသမီးနှစ်ဦးက လိင်စော်ကားခံရတယ်ဆိုပြီး ရဲတိုင် Posted: 03 Sep 2015 02:17 AM PDT
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေအလွန် နိုင်ငံခြားသားတွေ သဘောကျ လာရောက်လည်ပတ်လေ့ရှိတဲ့ ခိုလန်းကျွန်းမှာ တရုတ်အမျိုးသမီး ၂ ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ သံသယရှိခံခဲ့ရတဲ့ အမျိုးသားတဦးကို ကြာသပတေးနေ့က စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ ဘန်လမ်အမ်ဒေသ နကလူရာ ရပ်ကွက်ထဲက ခိုလန်းကျွန်းမှာ တရုတ်အမျိုးသမီး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ တိုင်ကြားခဲ့တဲ့အတွက် ခရီးသွားဧည့်သည်တွေရဲ့ ရဲတပ်ဖွဲ့က အဲဒီ အမျိုးသားကို ဖမ်းဆီးခဲ့တာပါ။ ဘယ်သူရယ်လို့ ဖော်ထုတ်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဗုဒ္ဒဟူးနေ့ညက ပတ္တရား ရဲစခန်းမှာ စုံစမ်းစစ်ဆေးသူနဲ့ ခရီးသွားဧည့်သည်ရဲတပ်ဖွဲ့က တရုတ်အမျိုးသမီး ၂ ဦးကို မေးမြန်းခဲ့ပါတယ်။ အဲဒီနေ့က ကျွန်းပေါ်မှာ လည်ပတ်နေတုန်း အမျိုးသားတယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အဲဒီ အမျိုးသမီး ၂ ယောက်က စွပ်စွဲခဲ့တဲ့အကြောင်း ထိုင်းမီဒီယာက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ မေးမြန်းခဲ့တဲ့ ၇ နာရီကြာချိန်အတွင်းမှာ တရုတ်စကားပြန်တဦးက ဘာသာပြန်ပေးခဲ့တာပါ။ ကိုးကားသတင်း။ ။ http://www.bangkokpost.com/news/general/679684/chinese-women-allege-sexual-abuse-on-koh-larn | ||||||||||
| မြန်မာပြည်သားတွေရဲ့ အမေ့ခံ မြန်မာ့မူပိုင်လက်မှုပစ္စည်း Posted: 03 Sep 2015 01:00 AM PDT
အောက်ပြည်ကလူတွေကတော့ ဒီအစေ့တွေကို အဝေရာစေ့လို့ ခေါ်ကြပါတယ်။ အထက်မြန်မာပြည် ဖက်မှာတော့ ဒီအစေ့လေးတွေကို ဘောစကိုင်းစေ့လို့ ခေါ်ပါတယ်။ ဘောစကိုင်းပင်များကိုတော့ စစ်ကိုင်းတောင်နဲ့ ရွာထောင်လမ်းခွဲဖက်တွေမှာ တွေ့နိုင်ပါတယ်။ တီထွင်ကြံဆအားကောင်းတဲ့ စစ်ကိုင်းဖက်က ဒေသခံတွေကပဲ ဘောစကိုင်းစေ့ကလေးတွေကို အသုံးပြုပြီး လူ့အသုံးအဆောင်လက်မှုပစ္စည်းလေးတွေအဖြစ် စတင်ပြုလုပ် ရောင်းချခဲ့ကြတာပါ။ အမရပူရမြို့ခံတွေကတော့ ဒီဘောစကိုင်းစေ့နဲ့ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကို စစ်ကိုင်း၊ အင်းဝ၊ အမရပူရမှာသာမက ပုဂံဖက်မှာလည်း တွေ့ရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးရောက်တဲ့ နေရာတိုင်းမှာ တွေ့ရတတ်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တောင်ကြီးဖက်မှာတောင် တွေ့နေရပါပြီ။ ဒေသထွက် ဘောစကိုင်းစေ့ကလေးတွေနဲ့ ပြုလုပ်ထားတဲ့ အိတ်ကလေးတွေ၊ ဆံထိုးနဲ့ ဆွဲကြိုးလေးတွေ၊ သော့ချိတ်လေး တွေကို ပြုလုပ်ရတာ လက်ဝင်ပြီး အနုစိတ်လှပေမယ့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်အောင် တန်းဝင်ဖို့ကတော့ များစွာ လိုအပ်လှပါ သေးတယ်။ ဘောစကိုင်းစေ့နဲ့ လုပ်ထားတဲ့ အလှဆင်ပစ္စည်းလေးတွေရဲ့မူလအစက "စစ်ကိုင်းဖက်က လက်မှုသည်တွေက စတင်ခဲ့တယ်လို့ ထင်ပါတယ်။ အဒေါ်တို့ ဒီမှာ ဈေးရောင်းနေတာ (၁၈)နှစ်ရှိပါပြီ။ ဒီဘက်ကို ဘောစကိုင်းစေ့နဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ ရောက်လာတာ (၉)နှစ်ဝန်းကျင်ပဲ ရှိသေးတယ်ထင်တယ်။ အဲဒီတုန်းက ကလေးမလေးတွေက အိတ်တွေ ထိုးရောင်းတာ မဟုတ်သေးဘူး၊ သော့ချိတ်တွေ ထိုးရောင်းတာ။ အိတ်တွေ ဖြစ်လာတာ (၂)နှစ် (၃)နှစ်ပဲရှိပါသေးတယ်" လို့ ဒေါ်ဖက်တီးဆိုတဲ့ တောင်သမန်အရပ် ဦးပိန် တံတား အဆင်းနားက အကြော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးတစ်ဦးက ဆိုပါတယ်။ "ကျွန်မတို့က မုံရွာဖက်ကပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က အမရပူရကိုပြောင်းလာပြီး အိမ်ငှားနေခဲ့ရပါတယ်။ သမီးကျောင်းစရိတ်လေးရအောင် ဘောစကိုင်းစေ့တွေနဲ့ ပစ္စည်းလေးတွေ ဖြစ်အောင်ထိုးပြီး ရောင်းခဲ့ရပါတယ်။ ဒီမှာ အရင်တုန်းကတော့ စစ်ကိုင်းသူတွေပဲ ထိုးရောင်းတာ။ ဒီကို စစ်ကိုင်းက ဈေးသည်တဦး၊ နှစ်ဦး ရောက်လာပြီး လာရောင်းကြတာ။ အဲဒီတုန်းက သူတို့က ပေါ်တင် ထိုးမပြဘူး။ ကိုယ်က နောက်ဖက်ကနေ မသိမသာကြည့်ပြီး လိုက်လေ့လာရတာ။ သူတို့ထိုးပြီးသားလေးတွေကို ကြည့်ပြီးမှ နည်းယူရတာ။" လို့ ဘောစကိုင်းစေ့လက်မှုများနဲ့ အသက်မွေးနေတဲ့ ဈေးသည်တစ်ဦးက ဆိုပါတယ်။ အခုတော့ သူရော သူ့သမီးပါ ပစ္စည်းလေးတွေကို အတူတကွရောင်းချနေကြပါတယ်။
ဒီလိုဘောစကိုင်းစေ့ ပိုက်ဆံအိတ်တွေ၊ ဆွဲကြိုး၊လက်ကောက်တွေ၊ သော့ချိတ်တွေ ဖြစ်လာဖို့ကိုတော့ ဘောစကိုင်းပင်ကအစေ့များကို အသုံးပြုကြရတာပါ။ ဘောစကိုင်းပင်တွေကို စစ်ကိုင်းဖက်မှာပဲ တွေ့ရပါတယ်။ အခြားနေရာမှာတွေ့ရခဲပါတယ်။ ဆွတ်ခူးစဉ်မှာတော့ အစေ့တွေဟာ အစိမ်းရောင်ဖြစ်ပြီး အိုးနဲ့ ပေါင်းလိုက် တော့မှ အညိုရောင်ရင့်ရင့် ဖြစ်သွားတာပါ။ ပေါင်းပြီးပြီးချင်း ပူပူနွေးနွေးလေးဖြစ်နေတဲ့ အစေ့တွေကို ယူပြီး လိုရာပစ္စည်းကို ထိုးယူရပါတယ်။ ပြီးတဲ့နောက် နေလှမ်းရပါတယ်။ နေလှမ်းပြီးမှသာ အုန်းဆီသုတ်လိမ်းလို့ အရောင်တင်ရတာပါ။ အစိုတွေကို ဆီသုတ်လိုက်ရင် မှိုတက်သွားတတ်ပါတယ်။ အုန်းဆီကို အသုံးပြုခြင်းဟာ ပစ္စည်းများရဲ့အရောင်ကို စိုပြေစေဖို့ ဖြစ်တဲ့အပြင် ပစ္စည်းများကို ဖုန်နဲ့ မှိုမတက်စေဖို့အတွက်လည်း အသုံးပြုခြင်း ဖြစ်တယ်လို့ သိရပါတယ်။
"အစ်မက အမရပူရဇာတိပါပဲ။ ဒီပစ္စည်းလေးတွေကို စရောင်းတာတော့ (၈)နှစ်လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ (၃)နှစ်လောက်အထိတော့ ကိုယ်တိုင်ထိုးရောင်းပါသေးတယ်။ အခုတော့ မထိုးနိုင်တော့ပါဘူး။ ဒါလေးတွေက စိတ်ရှည်လက်ရှည် ထိုးရတာပါ။ မျက်ရိုးတွေပါကိုက်တော့ မထိုးနိုင်တော့ပါဘူး။ အခုတော့ ပစ္စည်းတွေကိုတော့ စစ်ကိုင်းက မှာရောင်းပါတယ်။ သူတို့က ဒီကိုလာပို့ပေးတယ်လေ။ လက်မြန်တဲ့ သူကတော့ တစ်နေ့ကို ပိုက်ဆံအိတ် (၂) အိတ်လောက် ထိုးပြီးတယ်။ ထိုးပြီးတာနဲ့ မပြီးသေးဘူး ပြန်သီပြီး ပြန်ချုပ်ရသေးတယ်။ ဆွဲကြိုးလေးတွေ ထိုးရင်တော့ နာရီဝက်လောက်ပဲ ကြာတယ်။ သူကလည်း အသေးစိတ်လုပ်ရတယ်လေ။" လို့ ဈေးသည် မနီနီက ဆိုပါတယ်။ ဦးပိန်တံတားအဆင်း အမှတ်တရပစ္စည်းအရောင်းဆိုင်က မချိုသဲကတော့ "ဒီကို ပစ္စည်းလာပို့တော့ ပစ္စည်းအလွတ်တွေလာပို့တာ။ ဇစ်တွေ၊ ချိတ်တွေက သပ်သပ် ပြန်ဝယ် ပြီး တပ်ရတယ်။" လို့ ရှင်းပြပါတယ်။ ဆက်လက်ပြီးသူက လုပ်ပြီးသားကိုတော့ အခုတစ်ရာဈေးနဲ့ ပြန်ဝယ်ရကာ ယခင်က အစေ့တွေ ၀ယ်ထိုးချိန်က ဆိုရင်တော့ ဘောစကိုင်းစေ့တစ်ပြည်ကို (၁၂၀၀) နဲ့ စစ်ကိုင်းဖက်က ၀ယ်ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဈေးကျသွားတော့ တစ်ပြည်ကို (၇၀၀)၊ (၈၀၀) ဖြစ်သွားတာပါ။ ပြန်ရောင်းတဲ့အခါမှာ လက်ပတ်နှင့် သော့ချိတ် တွေကို (၅၀၀)ဖိုး သုံးခု၊ တစ်ခုတည်းဆိုရင် (၂၀၀)၊ ပိုက်ဆံအိတ်တွေကိုတော့ ဆိုဒ်အကြီး (၃၅၀၀)၊ အသေး (၂၀၀၀) ရောင်းပါတယ်။ ဆံထိုး တခု (၅၀၀)နဲ့ စသဖြင့် ရောင်းဈေးများကို သတ်မှတ်ထားတယ်လို့ သူက ပြောပြပါတယ်။ မန္တလေး ဦးပိန်တံတားနားတ၀ိုက်တွင်သာမက ခရီးသည်ကားကြီးတွေစိုက်လာပြီဆိုရင်လည်း လက်တွေပေါ်မှာ ချိတ်ပြီး အပြေးလေး လိုက်ရောင်းတတ်သူ မနီနီကတော့ "ဈေးနှုန်းကတော့ ပုံသေကားချပ်မရှိဘူး။ ၀ယ်သူအပေါ် မူတည်ပြီး ရောင်းရတာပါ။ ထိုင်းတို့ဘာတို့ကို ရောင်းရင်တော့ ဈေးသိပ်မရဘူးပေါ့။ စပိန်တို့ ၊ အီတလီလူမျိုးတွေကို ရောင်းရင်တော့ ဈေးရတယ်။ တချို့ဈေးမပေးတဲ့ ဧည့်သည်တွေလည်းပါတာပေါ့လေ။ သော့ချိတ်လေးတွေကတော့ တစ်ခုတစ်ထောင်နဲ့ ရောင်းတယ်။ ဈေးမရတဲ့ အခါကြတော့လည်း တစ်ထောင်ဖိုး (၃)ခု၊ တစ်ထောင်ဖိုး (၅)ခု ရောင်းရတဲ့အခါတွေလည်း ရှိပါတယ်။ အိတ်တွေကတော့ အသေးဆို (၃၀၀၀)၊ အကြီးဆို (၅၀၀၀)လည်း ရတယ်၊ (၆၀၀၀)၊ (၇၀၀၀)နဲ့ ရောင်းထွက်သွားတဲ့အခါတွေလည်း ရှိတယ်။ အများဆုံး (၈၀၀၀)နဲ့ ရောင်းဖူးပါတယ်။" လို့ ဆိုပါတယ်။
ခရီးသည်တင်ကားကြီးတွေ စိုက်လာပြီဆိုရင် ဘောစကိုင်းစေ့ အနုပညာပစ္စည်းလေးတွေကို ခေါင်းမှာရွက်၊ လက်မှာချိတ်ပြီး လိုက်ရောင်းရသူတွေအဖို့ ကားတစ်စီးက ခရီးသည်တစ်ယောက်က ဈေးဦးဖောက် လိုက်ပြီ ဆိုရင်ပဲ တခြား ခရီးသည်တွေကပါ လိုက်ဝယ်လေ့ရှိပါတယ်။ သို့ပေမယ့် ကားတစ်စီးက ခရီးသည်တစ်ဦးက စိတ်ဝင်စားဟန် မပြဘူးဆိုရင်တော့ ကျန်ခရီးသည်တွေကိုပါ ရောင်းချဖို့ ခက်သွားတဲ့ အခြေအနေမျိုးကိုလည်း မကြာခဏကြုံရတာတွေ့ရပါတယ်။ ကော်မရှင်စားနဲ့ပဲ ယူရောင်းရတဲ့ ပစ္စည်းလေးတွေကို မြန်မာလူမျိုးတွေက အ၀ယ်နည်းပေမယ့် နိုင်ငံခြားသားဧည့်သည်တွေကတော့ စိတ်ဝင်တစား ၀ယ်ယူကြတာများပါတယ်။ ဖောက်သည်အကျဆုံးရာသီတွေကတော့ သြဂုတ်လဖြစ်ပြီး အဲဒီလဆိုရင် နိုင်ငံခြားသား ဖောက်သည်တွေ အမရပူရဖက်ကို အလာများကြပါတယ်။ ဒီဇင်ဘာမှာလည်း အရောင်းသွက်တယ်လို့ ဈေးသည်များက ဆိုပါတယ်။ တောင်ပြုန်းပွဲရှိတဲ့ ရာသီတွေဆိုလည်း ဖောက်သည်ဦးရေ တက်လာတတ်တယ်လို့ သိရပါတယ်။ ဘောစကိုင်းစေ့တွေနဲ့ပြုလုပ်ထားတဲ့ ဒီလက်မှုပစ္စည်းလေးတွေဟာ နောက်တစ်ချိန်မှာရော တိမ်ကော ပျောက်ကွယ်သွားနိုင်သလားလို့ဆိုတော့"မကွယ်ပျောက်ပါဘူး။ ခုဆို စစ်ကိုင်းအနောက်ဖက်မှာ ခြံတွေနဲ့တောင် စိုက်နေပြီ။ ဒီလိုစိုက်တာက အလုပ်ဖြစ်တယ်လေ။ တစ်ပင်ဝယ်လိုက်ရုံနဲ့ အလေ့ကျ ပေါက်တာ။ တိုးလာတဲ့ နေရာတိုင်းမှာ ဒါတွေရှိလာပြီ။ အခုဆို တောင်ကြီးမှာတောင် ရောက်နေပြီ။ ဟိုတလော လာတဲ့ ပြင်သစ်ကြီး တစ်ယောက်ဆို သူ့ဆီမှာလည်း ဈေးဆိုင်ဖွင့်ထားတယ် ထင်ပါရဲ့၊ ဒီပစ္စည်းတွေကို မြန်မာဈေးနဲ့ လာဝယ်တယ်။ အချို့ မြန်မာကလေးမလေးတွေက အဲဒီပစ္စည်းတွေကို နိုင်ငံခြားသားတွေအတွက် စုထားပေးပြီး တစ် သိန်းဖိုး နှစ်သိန်းဖို့ ပြန်ရောင်းကြတာလည်း ရှိတယ်" လို့ ဦးပိန်တံတားခြေရင်းက အကြော်ဆိုင်ပိုင်ရှင် ဒေါ် ဖက်တီးက ဆိုပါတယ်။ "အခု စစ်ကိုင်းဖက်က အိမ်တွေမှာဆို အစေ့တွေကို ဂိုဒေါင်တွေနဲ့ လှောင်ထားတာ။ ပြီးတော့ အစေ့တွေကို ထိုးသားတွေကို အပ်ပြီး ထိုးခိုင်းတယ်။ လုပ်ပြီးသားတွေကို တရုတ်ပြည်ကိုပို့တာ။ အခုဆို အ၀ယ်တအား လိုက်တယ်။ အရင်က အစ်မတို့ အိတ်တွေဆို မယူဘူး။ အခုဆိုယူလာတယ်။ လက်ရာလည်း ပိုပြီး သပ်ရပ် လာတယ်။ ၀ယ်လိုအားလည်း တိုးတက်လာတယ်။"လို့ ဦးပိန်တံတားတ၀ိုက် ဘောစကိုင်းစေ့ ပစ္စည်းလေး များကို ရောင်းချနေတဲ့ ဈေးသည်အမျိုးသမီး တစ်ဦးကလည်း ဆိုပါတယ်။
ဘောစကိုင်းစေ့နဲ့ ပြုလုပ်ထားတဲ့ လက်မှုအနုပညာ ပစ္စည်းလေးများကို မြန်မာလူမျိုးတွေအနေနဲ့ကတော့ စိတ်ဝင်စားမှု အားနည်းပေမယ့် နိုင်ငံခြားသားပရိတ်သတ်တွေကိုတော့ ဆွဲဆောင်နိုင်တဲ့ ပစ္စည်းတခုလို့ သတ်မှတ်ရမှာပါ။ လက်ရာသေသပ်မှု၊ အရည်အသွေးကို ထိန်းသိမ်းနိုင်မှု၊ ဈေးကွက်ဝင်အောင် ရောင်းချနိုင်မှု၊ ကြော်ငြာအားကောင်းမှုများသာ ရှိလာရင်တော့ အမှတ်တရပစ္စည်းတစ်ခုမှသည် ကမ္ဘာနဲ့အ၀ှမ်းမှာရှိတဲ့ ဧည့်ခန်းများထဲမှာ ၀င့်ဝင့်ကြွားကြွား နေရာယူလာနိုင်မယ့် ပစ္စည်းတစ်ခုလည်း ဖြစ်လာမှာ သေချာပါတယ်။ မြန်မာ့မြေပေါ်မှာကျတဲ့ အစေ့လေးများဟာ ကမ္ဘာ့မြေပေါ်မှာ အဆင့်အတန်း မြင့်မြင့် နေရာယူနိုင်ဖို့ အတွက်တော့ မြန်မာနိုင်ငံသားများ အနေနဲ့လည်း မိမိဒေသထွက်ကုန်ကို မြတ်နိုးဖို့၊ စိတ်ဝင်စားဖို့၊ အစဉ်အမြဲ တိုး တက်ကောင်းမွန်အောင် တီထွင်ကြံဆနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဘောစကိုင်းစေ့လက်မှုပစ္စည်လေးဟာ ယခုထိတိုင် မြန်မာ့မူပိုင်ဖြစ်နေဆဲမို့ မြန်မာ့ အမှတ်တံဆိပ်ကို ထာဝရကတ်ချိတ်နိုင်ဖို့ ဆက် လက် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ ခင်အေးမြလွင် |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |



















0 comments:
Post a Comment